Monday, March 25, 2013

ခြားနားခြင်းများ



(၁)
မီးဖိုချောင်ထဲတွင် လေးမေတစ်ယောက်တည်း ပုစွန်အခွံခွါနေ၏။ ပုစွန်၏ အပေါ်ယံ အခွံငယ်များကို ချွတ်ကာ ငရုပ်သီးအစိမ်းမှုန့်လေးနှင့် ခပ်ကျစ်ကျစ်၊ ခပ်ခြောက်ခြောက်ကလေး ကြော်လျှင် သားငယ်မှာ အလွန်ကြိုက်တတ်၏။
သူမ၏ ခင်ပွန်းဖြစ်သူ ကိုမျိုးကိုအတွက်ကား ထိုသို့မဖြစ်။ ကြက်သွန်ဖြူအပြားရိုက်ကာ ဆီသတ်ရမည်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ပါးပါးလှီးကာ ဆီသတ်ထားသည့်ထဲထည့်ရမည်။ ရေအနည်းငယ်ဖြင့် ခဏစောင့်လျှင် ခရမ်းချဉ်သီးအနှစ် ရမည်။ ထိုအချိန်မှသာ မန်ကျည်းရည်ထည့် ငရုပ်သီးစိမ်းကလေးထည့်ကာ ချဉ်စပ်ကလေးလုပ်မည်။ အပေါ့အငန် မြည်းကာ ပုစွန်ထည့်မည်။ ပုစွန်ကို အစတည်းက ထည့်ထားလို့မဖြစ်။ ပုစွန်ပျော့သွားပါက ခက်မည်။ အနှစ်ရမှ ပုစွန်ထည့်ကာ နံနံပင်ကလေးအုပ်လျှင် ကိုမျိုးကိုက ကြိုက်တတ်သည်။
ယခုလောလောဆယ် သားငယ်အတွက် ပုစွန်ခေါင်းချွေနေခြင်းဖြစ်သည်။ လက်ပေါက်ကပ်လှ၏။ လက်ဝင်၏။ အနုစိပ်ရလွန်း၏။ အချိန်ပေးရ၏။ ညထဲမှစ၍ ယခုလို ကြိုတင်ပြင်ဆင်ထားမထားပါက မနက်ရုံး၊ ကျောင်းအမီ ကျက်ရန် အတော်ပင် ကသီလင်တ ဖြစ်ရမည်။
ညခုနစ်နာရီထိုးတော့မည်။ လေးမေခပ်သွက်သွက်လုပ်နေရ၏။ (၇)နာရီတွင် လာလာနေသော နိုင်ငံခြားဇာတ်လမ်းတွဲက လေးမေအကြိုက်ဖြစ်သည်။ လေးမေတင်မက အိမ်ရှင်မတော်တော်များများ ကြိုက်နှစ်သက်ကြ၏။
“မေမေရေ.. ဇာတ်လမ်းလာနေပြီ”
“အော် အေးအေး.. လာပြီသားရေ”
သားငယ်၏ အော်သံကြောင့် လေးမေတစ်ယောက် ကမန်းကတန်း ထသည်။ လက်ဆေး၏။ ရေပိတ်၍ လှည့်အထွက် ကြောင်အိမ်အားတိုက်မိကာ ကြောင်အိမ်ပေါ်မှ စတီးပန်းကန်ပြား ပြုတ်ကျသွား၏။
“ဂလုံ…ဂွမ်…”
“ဟဲ့ကြောင်! ဒီမှာ ကျကုန်ပြီ”
လေးမေက သူမ၏အပြစ်ကို ဖုံးရန် အိမ်တွင်မွေးထားသည့်ကြောင်အား အပြစ်ပုံချလိုက်၏။
“ဘာဟဲ့ကြောင်လဲ မွေးထားတဲ့ကြောင်ကဖြင့် အိမ်ရှေ့မှာကို”
လေးမေတစ်ယောက် မျိုးကို၏ အသံကြောင့် ပြုံးစိစိဖြစ်သွား၏။ သူပြောလိုက်သည်ကိုလူမိသွားသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ထို့နောက် အိမ်ရှေ့ထွက်လာခဲ့လိုက်၏။

(၂)
“ဟိုဘက်တိုးဦးကွာ”
“ဟ.. တိုးလို့မရတော့ဘူး ငါလည်းကြပ်နေပြီ”
“ငါသေချာမမြင်ရတော့ဘူးကွ”
လေးမေ အိမ်ရှေ့တံခါးဆီသို့တစ်ချက် လှည့်ကြည့်လိုက်၏။ တံခါးပေါက်တွင် စုပြုံနေသော ကလေးထုကြီးထံမှ စကားသံတဖြည်းဖြည်းတိုးက ငြိမ်သက်သွားကြ၏။ လေးမေရုပ်ရှင်တော့ နားအေးပါးအေး ကြည့်ချင်သည်။ သူမစိတ်အပန်းဖြေစရာမှာလည်း ဒီတစ်ခုပင်ရှိသည်မဟုတ်ပါလား။ လေးမေကိုယ်တိုင်လည်း ရုံးဝန်ထမ်းမို့ ဟိုဟိုဒီဒီ မသွားနိုင်။ ညဘက်ရုပ်ရှင်ကြည့်ချိန်ကလေးသာ သူမ၏ စိတ်အပန်းဖြေစရာ။ အိမ်ပေါက်ဝမှ ကလေးငယ်များ ငြိမ်သွားသည်မို့ ရုပ်ရှင်ပြန်ကြည့်နေလိုက်၏။
“ဟေ့ကောင်.. မတိုးပါနဲ့ဆိုကွာ ဒီမှာ ပြုတ်ကျတော့မယ်”
“ငါလည်းသေချာမှမမြင်ရတာ”
“ဟေ့… အရှေ့က ထိုင်လေကွာ နောက်က ဘယ်မြင်ရမှာလဲ”
“အေးလေကွာ”
လေးမေအာရုံနောက်လာသဖြင့် လှည့်ငေါက်လိုက်၏။
“ကဲ ကောင်းကောင်းကြည့်ကြလေ။ မဟုတ်ရင် တီဗွီ ပိတ်လိုက်တော့မယ်။”
ကလေးများ ငြိမ်သွားကြ၏။
ရပ်ကွက်အတွင်းမှ အရွယ်စုံဆိုဒ်စုံ ဘုစုခရုကလေးများဖြစ်ကြသည်။ ချေးညှော်များ ပေကျံနေကြပြီး နွမ်းပါးသောအဝတ်အစားများနှင့် ကလေးငယ်များဖြစ်ကြသည်။ ရပ်ကွက်တွင်းတွေ့မြင်နေရဆဲ။ အမှန်ပင်ရှိနေကြသော လူတန်းစားတစ်မျိုးပင်မဟုတ်ပါလား။ ကျောင်းတက်ရမည်ကို မသိကြ။ သိကြသည့်တိုင် မိဘများမှာ ကျောင်းမထားနိုင်ကြ။ ၂၄နာရီလုံးတွင် ထမင်းတစ်နပ်စားနိုင်ဖို့ပင် ရုန်းကန်နေရသူများဖြစ်သည်။ ထို့ကြောင့်မိမိကလေးများအား မသွန်သင်အား မဆုံးမအား။ ဂရုမစိုက်အား။ ထိုကလေးတို့သည်လည်း ဖြစ်ချင်တိုင်းဖြစ်။ ညဘက်တွင် အိမ်တကာပေါက်ဝတွင် လိုက်ကာတီဗွီကြည့်ကြ။ မျက်စိသူငယ်နားသူငယ်ဖြင့် ရှင်သန်နေကြရ၏။

(၃)
ဇာတ်လမ်းထဲတွင် ဖြစ်သည်။ ထောင်မှထွက်လာသော အမျိုးသမီးတစ်ဦးက အခန်းတစ်ခန်းအား တံခါးခေါက်နေ၏။ ဇာတ်လမ်းအသွားအလာ သဘောအရပင် ထောင်မှထွက်လာသည်ဟု သိရသော်လည်း ထောင်ထွက်တစ်ယောက်နှင့် လားလားမှမတူ။ မြန်မာဇာတ်လမ်းတွင်မြင်ဖူးနေကျလို ဆံပင်မွဲခြောက်ခြောက် အသားအရေက မဲပြာမနေပေ။ သိပ်လှပလွန်းနေသည်မဟုတ်သည့်တိုင် ဝတ်မှုန်ရွှေရည် အလှပြင်မထားသည့် ရုပ်လောက်တော့ ကျန်သည်။
“အို.. မာရီနာ.. လာပါ ထိုင်ပါ”
အမျိုးသမီးမှာ ထိုင်ခုံတွင်ဝင်ထိုင်၏။ ထို့နောက်တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။ အမျိုးသားဖြစ်သူက စကားစပေး၏။
“အလုပ်ကြောင့် မင်းထောင်ကျသွားတယ်လို့ ကိုယ်ကြားပါတယ်။ အခုမင်းမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။ ကိုယ်တတ်နိုင်သလောက်ကူညီမှာပါ”
“ကျွန်မတို့နှစ်ယောက် နှစ်ဦးသဘောတူကွာရှင်းထားပြီးပေမယ့် ..”
အမျိုးသားက ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။ အမျိုးသမီးကစကားဆက်၏။
“ကျွန်မထောင်ထဲရောက်နေတုန်း မိဘမဲ့ဂေဟာမှာ အပ်ခဲ့တဲ့ သားနဲ့သမီးကို ပြန်သွားရွေးဖို့ ရှင်ပါလိုက်ခဲ့ပေးဖို့လိုအပ်နေလို့ပါ”
အမျိုးသားမှာ မေးစေ့ပွတ်ကာ စဉ်းစား၏။
“အခုလား”
“အခုဆိုရင်တော့ ကောင်းတာပေါ့ရှင်”
“ကောင်းပြီလေ ကျွန်တော်လိုက်ခဲ့ပါ့မယ်”
အမျိုးသမီးမှာ မတ်တပ်ထကာအခန်းအပြင်သို့ ထွက်လိုက်၏။ အမျိုးသားဖြစ်သူမှာလည်း အပေါ်ကုတ်အင်္ကျီဝတ်ကာ နောက်မှလိုက်လာ၏။

(၄)
မိဘမဲ့ဂေဟာတွင်ဖြစ်၏။
“မင်းမိဘတွေပြန်လာခေါ်မှာမဟုတ်ဘူးဆိုတာ မင်းမသိဘူးလား။ သွားစမ်း ဆော့စရာရှိတာ သွားဆော့ချေ”
“မဟုတ်ဘူး သားမေမေ သားကိုပြန်လာခေါ်မှာ”
ကလေးငယ်မှာ နေရာတွင်ပင် ငုပ်တုပ်ထိုင်လိုက်၏။
“ထစမ်း မင်းကိုငါထစမ်းလို့ပြောနေတယ်”
“ဆရာမ”
ကလေးငယ်၏ ကွာရှင်းထားသော မိဘနှစ်ဦးဖြစ်၏။ ဆရာမက သေချာမသိ။
“ဘာကိစ္စလဲမသိဘူး”
“ခင်ဗျားဘာလို့ ကလေးကို ဆူပူကြိမ်းမောင်းနေတာလဲ”
“ဒါက ရှင်နဲ့မဆိုင်ပါဘူး”
ဆရာမဖြစ်သူက လေသံခပ်မာမာနှင့်တုန့်ပြန်၏။ လာပြောသူအမျိုးသားအား ခြေဆုံးခေါင်းဆုံး ကြည့်၏။
“ဆိုင်တယ် ဒါကျွန်တော့်သားပဲ”
“အို…”
ဆရာမ၏ မျက်နှာ ချက်ချင်းမှောင်ကျသွား၏။
“မဟုတ်ပါဘူးရှင်..ကျွန်မက..”
“ဘာမဟုတ်တာလဲ ခင်ဗျားမှာ ကလေးကို ဒီလိုဆူပူကြိမ်းမောင်းခွင့်မရှိဘူးဆိုတာ ခင်ဗျားမသိဘူးလား”
အမျိုးသားဖြစ်သူမှာ အသာစီးရသွားပြီဖြစ်သည်။ နိုင်ငံခြားတွင် ကလေးကို ရိုက်ဖို့ပင်ဝေးရော ဆူပူကြိမ်းမောင်းသည်ကိုပင် မိဘများမကြိုက်တတ်ကြပေ။ အမျိုးသားမှာ ဒေါသသံများ ဖြာထွက်နေ၏။
“ဒီလိုပါရှင်..”
“အပိုတွေပြောမနေနဲ့ ကျောင်းအုပ်ရုးံခန်းလိုက်ပို့”
ဆရာမက ဦးဆောင်ကာ မာရီနာနှင့် သူ၏ ကွာရှင်းထားသူ အမျိုးသားတို့ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ရောက်သွားကြ၏။

(၅)
ကျောင်းအုပ်ဆရာမက စာရွက်များကို စစ်ဆေးပြီးနောက် မျက်မှန်ချွတ်ကြည့်၏။
“ကလေးကို ဘယ်သူပြန်ခေါ်သွားမှာလဲ”
“ကျွန်မပါ”
မာရီနာက ယဉ်ယဉ်ကျေးကျေးဖြေ၏။
“ရှင်အခုဘယ်မှာနေပါသလဲ”
“ဟို.. ဟိုလေ.. ကျွန်မလောလောဆယ်မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်အိမ်မှာနေပါတယ်။”
ကျောင်းအုပ်ဆရာမကြီးမှာ မျက်မှောင်ကျုံ့၏။
“ရှင်ဘာအလုပ်အကိုင်လုပ်သလဲ”
“ဟို.. အလုပ်ကလည်း ကျွန်မရှာထားဆဲပါ”
“ရှင်ထောင်က ထွက်လာတာ မကြာသေးဘူးမဟုတ်လား”
“ဟုတ်ပါတယ်”
ဆရာမကြီးက စာရွက်များကို ပြန်လှန်လှောကြည့်၏။
“ကျွန်မကလေးနှစ်ယောက်ကို ရှင်နဲ့ပြန်မထည့်ပေးနိုင်ဘူး”
“ဟို..”
မာရီနာ စကားမစမီ ဆရာမကြီးက လက်ကာပြ၏။ ထို့နောက်စကားဆက်ပြော၏။
“ကျွန်မအနေနဲ့ ကူညီနိုင်တာဆိုလို့ တစ်ခုပဲရှိတယ် ကလေးတွေကို သူ့အဖေဖြစ်သူနဲ့ ပြန်ထည့်ပေးလိုက်ဖို့ပါပဲ။ ကလေးအဖေဖြစ်သူက အလုပ်အကိုင် နေစရာအိမ် အတည်တကျရှိနေတယ်”
“ဟိုလေ မလုပ်ပါနဲ့ရှင်.. ကျွန်မအတွက် ကလေးတွေက မရှိမဖြစ်လိုအပ်နေလို့ပါ”
မာရီနာ၏အသံမှာ တုန်ရီနေ၏။ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများမှာလည်းအထင်အရှား ကလေးနှစ်ယောက်ကို သူမ ပြန်မရလျှင် သေမသွားနိုင်သည့်တိုင် သေလောက်အောင်တော့ ခံစားရနိုင်သည်။မာရီနာ ထပ်ကြိုးစားပြောကြည့်သည်။
“ကျွန်မ တစ်ပတ်အတွင်းအလုပ်ရှာမှာပါ ကျွန်မကို ဒီအခွင့်အရေးတော့ပေးပါ။”
ဆရာမကြီးက မျက်မှောင်ကျုံ့ကာမေး၏။
“ရှင်နဲ့ကလေးတွေထည့်ပေးလိုက်တာက လွယ်လွယ်လေးပါ။ ဒါပေမယ့် ကလေးတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ နေအိမ် ၊ စားသောက်ဖို့ အစားအစာ၊ ကျောင်းနေဖို့ကိစ္စအဝဝ၊ အဝတ်အစားလိုအပ်ချက်၊ အသုံးအဆောင်ပစ္စည်း ၊ ဖျားနာတဲ့အခါ ပြသဖို့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်၊ ကာကွယ်ဆေးထိုးဖို့ ကုန်ကျစရိတ် ဒါတွေ ဒါတွေ… ဒါတွေဟာ ကျွန်မတို့ကျောင်းမှာ အားလုံးပြည့်စုံတယ် ရှင့်အနေနဲ့က..”
မာရီနာက စကားဖြတ်ပြော၏။
“ကျွန်မတစ်ပတ်အတွင်း အလုပ်ရှာမှာပါရှင် ကျွန်မ ကတိပေးပါတယ်”
ကျောင်းအုပ်ဆရာမကြီးခေါင်းညိတ်ပြလိုက်၏။
ထိုအခန်းတွင် ဇာတ်လမ်းတစ်ပိုင်းဖြတ်ကာ ကြော်ငြာဝင်၏။

(၆)
“ဟာ… ကြော်ငြာလာပြီ”
“ဟယ် အေး ဟုတ်တယ်”
“ဘာကြော်ငြာလည်းမသိဘူးနော် ပုလင်းလေးတွေက ချစ်စရာလေးတွေ”
တစ်ယောက်တစ်ပေါက် ဆူညံသံတွေကြောင့် လေးမေ တီဗွီပိတ်ပစ်လိုက်၏။
နိုင်ငံခြားဇာတ်လမ်းတွဲတွင် စာတမ်းထိုးပြခြင်းအား အိမ်ပေါက်ဝမှ ကလေးငယ်များ မဖတ်တတ်ခြင်းကိုပင် ကျေးဇူးတင်ရမည်။ ဖတ်တတ်ကြပါက နိုင်ငံခြားဆိုတာကို သူတို့မိဘထံ ပြန်မေးကြလိမ့်မည်။ ထိုအခါ သူတို့၏မိဘများအနေဖြင့် ဖြေရခက်မည်မဟုတ်ပါလား။ ယခုတော့ အရာအားလုံးဟာ နေသားတကျအတိုင်း။
လေးမေ တီဗွီပိတ်လိုက်ခြင်းကြောင့် ထိုကလေးငယ်များ ထပြန်သွားကြ၏။ သူတို့သည် ကျောင်းတက်ရန် ထသွားကြခြင်း မဟုတ်ပါ။ အိမ်ယာမရှိသောကြောင့် အိမ်ပြန်သွားကြခြင်းလည်း မဟုတ်ပါ။ အဝတ်အစားလဲကြရန် ရေပြန်ချိုးကြခြင်းလည်း မဟုတ်ပါ။ နိုင်ငံခြားဇာတ်လမ်းတွဲထဲမှ မိဘမဲ့ဂေဟာသို့ သွားကြခြင်းလည်းမဟုတ်ပါ။ တီဗွီရှိသော နောက်ထပ်တစ်အိမ်သို့ ကူးသွားကြခြင်းသာ ဖြစ်ပါလိမ့်မည်။

တရုတ် ဈေးသည်များ



(၁)
ဆီပူပြီမှန်းသိသာလွန်း၏။ ဒေါ်စိန်မေက မီးဖိုအောက်မှထိုးထားသော ထင်းချောင်းများအား လိုက်ညှိပေး၏။ သူမ၏ဘေးတွင် ချထားသောရေပုံးထဲသို့ ဆန်မှုန့် လေးထုပ်ခန့် ဖောက်ထည့်၏။ ထို့နောက် ရေထည့်၏။ သစ်သားယောက်မဖြင့် သမအောင် မွှေ၏။ ဆန်မှုန့်ခပ်ပျစ်ပျစ် အနှစ်ရလာ၏။ ထိုထဲသို့ ဗူးသီးချောင်းကလေး လေးခုအား ပူးကိုင်ကာ နှစ်လိုက်၏။ ထို့နောက်ဆီပူဒယ်အိုးထဲသို့ ထည့်လိုက်၏။
ဒေါ်စိန်မေ အသက်ခြောက်ဆယ်ကျော်ပြီ။ သားသမီးကျောထောက် နောက်ခံ မရှိသဖြင့် တတ်သာသော အလုပ်ဖြင့် အသက်မွေးနေရ၏။ အကြော်သည်ဘဝမှာ ပင်ပန်းလှ၏။ ထို့ထက် ပင်ပန်းရသည်မှာ သူမ၏ အသက်နှင့်အတူ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြောင့်ပင်။
“အမေကြီး ဘူးသီးကြော်ရပြီလား”
ဒေါ်စိန်မေ အကြော်ဗန်းထဲသို့လှမ်းကြည့်ကာ မေး၏။
“သမီးက ဘယ်နှခုယူမှာလဲ”
“သုံးရာဖိုး”
ဒေါ်စိန်မေ အကြော်ဗန်းထဲမှ ဘူးသီးကြော်များကို အလျင်အမြန် ရေတွက်၏။
“အော် အေး သမီး ခဏစောင့်ပါလား။ ဒီတစ်ဒယ်ချရင် ရပြီ”
“ဟုတ်ကဲ့အမေကြီး စောင့်လိုက်မယ်လေ”
“သမီးက ဒီနေ့အစောကြီးလာတာကိုး”
“ဟုတ်တယ်အမေကြီး ဒီနေ့ဈေးမှာလိုချင်တာလေးတွေရှိလို့ စောစောသွားတာ။ ဒါတောင် မျှစ်ပဲရတယ်။”
ဒေါ်စိန်မေက ခြင်းထဲမှ မျှစ်ချဉ်ထုပ်အား လှမ်းကြည့်၏။ အထုပ်အတွင်းမှာပင် မျှစ်စို့ကလေးများ ရဲဗလောင်းခတ်နေ၏။
“အမေကြီးကော ဈေးရောင်းကောင်းရဲ့လား”
ဒေါ်စိန်မေသက်ပြင်းအရင်ချ၏။
“ဒီလိုပါပဲသမီးရယ် ရရ စားစားပေါ့။ ဈေးတွေကတက်ပေမယ့် အမေကြီးအကြော်က တက်လို့မရဘူးလေ။ ဈေးအိုးကွဲကုန်မှာပေါ့”
“အော် အမေကြီးရယ် ဒါဆိုလည်း ဆီတို့ဘာတို့ပြောင်းသုံးကြည့်ပါလား။ တရုတ်ကလာတဲ့ ဆီမျိုးဆိုသိပ်ဈေးသက်သာတာ”
ကျက်သွားသောဗူးသီးကြော်အား ဆီပူထဲမှဆယ်ယူက ဗန်းထဲထည့်လိုက်၏။
“တရုတ်ကလာတဲ့ဆီ ဟုတ်လား”
“ဟုတ်တယ်အမေကြီး စားအုန်းဆီလိုလို ပဲဆီလိုလို သိပ်မသေချာဘူး။ အနံ့ကလည်း စားအုန်းဆီမဟုတ်ပဲဆီမဟုတ်အနံ့မျိုး၊ ဈေးကတော့ သိသိသာသာကို သက်သာတာ။”
ဗူးသီးကြော် သုံးရာဖိုးအား ကြွပ်ကြွပ်အိတ်နှင့်ထုတ်ကာပေးလိုက်၏။ လာဝယ်သူကောင်မလေးက ငွေသုံးရာကို အမေကြီးအား ရိုရိုသေသေပေးကာ ထွက်သွား၏။ ဒေါ်စိန်မေ ထိုငွေအား အောက်ခံအင်္ကျီထဲသို့ထည့်ကာ စိတ်ထဲတွေ တေးမှတ်ထားလိုက်၏။
“တရုတ်ကလာတဲ့ ဆီ”

(၂)
“နင့်ဆိုင် လူတွေများလှချည်လား”
တဖက်ဆိုင်မှ အမျိုးသမီးက ပြုံး၏။ ထို့နောက် လက်ကာပြ၏။ ခဏနေဦးဆိုသည့်သဘောပင်။ ဈေးဝယ်များအား အသေအချာရောင်းပေးပြီးနောက် ထိုအမျိုးသမီးစကားစ၏။
“မြေကြီးထဲကလာတဲ့မျှစ်က အဖြူလေ အစကငါလည်းမသိတော့ ရောင်းမကောင်းဘူးပေါ့ဟယ်။ ဒါပေမဲ့ ဟိုဘက်ဈေးထဲမှာ တစ်ယောက်က အရောင်ဆိုးပြီးရောင်းတာ သိပ်ရောင်းရတာနဲ့ ငါလည်း ဆိုးကြည့်တာ”
တဖက်အမျိုးသမီးက မျှစ်ချဉ်ပုံးများအား လှမ်းကြည့်၏။ ဟုတ်ပါသည်။ မျှစ်ချဉ်များမှာ သူမ ယခင်က ရောင်းနေသည်နှင့်မတူ။ ဖွံ့ဖွံ့ထွားထွားနီရဲရဲ မျှစ်ချဉ်များ ဖြစ်ကြ၏။
“နင့်ဆိုးဆေးက ဘယ်လိုဆိုးရတာလဲ”
မျှစ်ချဉ်ဆိုင် အမျိုးသမီးမှ ဗူးသေးလေးတစ်ဗူး ပြ၏။ ဗူးထဲတွင် နီရဲရဲအမှုန့်များ။
“ဒီအမှုန့်တွေကို မျှစ်ချဉ်လုပ်တဲ့အချိန်ထည့်လိုက်ရုံပဲ။ ညခတ်ထား မနက်ကျရဲနေရော”
“အော်..”
“သေချာစနစ်တကျလုပ်တဲ့အမှုန့်ကော ဟုတ်ရဲ့လား”
မျှစ်ချဉ်သည်က ဘေးဘယ်ညာကြည့်၏။ တိုးတိုးကပ်ပြော၏။
“အရောင်တင်မှုန့်အစစ်က စတီးဇွန်းသေးလေးတစ်ဇွန်းကို ငါးထောင်လောက်ရှိတယ်ဟ။ ကျုပ်ဘယ်တတ်နိုင်မှာလဲ။ ဒါလေးဆို တစ်ဗူးမှ ငါးရာပဲပေးရတာ။”
“အော်..”
မျှဉ်ချဉ်သည်က ထပ်ပြော၏။
“တရုတ်က လာတာလေ။ သက်သာတယ်”
တဖက်ဈေးသည်က ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။

(၃)
မျှစ်ချဉ်သည်က ပုစွန်ခြောက်ထည့်ထားသော တောင်းများအားလှမ်းကြည့်၏။
“ညည်းကော ရောင်းရရဲ့လား”
ပုစွန်ခြောက်သည်က ပြုံး၏။
“ညည်းက အရောင်ဆိုးရတယ်ဆိုတာကို ခုမှသိတာပါအေ။ ကျုပ်က သိတာဖြင့်ကြာလှပြီ။”
“ဘယ်လိုသိတာတုန်း”
“ဟဲ့ ပုစွန်ဆိုတဲ့အမျိုးက ဖြူဖတ်ဖြူရော်မျိုး။ အဲ့ကောင်ကို အခြောက်ခံနေလှန်းကြည့် မွဲခြောက်ခြောက်နဲ့ ဘယ်သူက စားချင်မှာတုန်း။ ဒီတော့ ညည်းလိုပဲအရောင်ဆိုးရတာပေါ့”
မျှစ်ချဉ်သည်မှာ ခပ်ဖွဖွရေရွတ်၏။ သူမအသိ နောက်ကျခဲ့လေခြင်းဟု ထင်နေပုံရ၏။ မဟုတ်ပါက သူမအရင်ကတည်းက ဈေးရောင်းကောင်းခဲ့မည်မဟုတ်ပါလား။
“ငါဆိုးတာကျတော့ ပုစွန်ခြောက်အတွက်ပေါ့ဟယ်။ နေမလှန်းခင်ဆိုးရတာပဲ။ မျှစ်ချဉ်ဆိုးတာနဲ့တော့ တူချင်မှတူမှာပေါ့။ အဲ တူတာတစ်ခုကတော့ ငါ့ဆိုးဆေးလည်း တရုတ်ကလာတာပဲ”
“အော်”
“မြန်မာလူမျိုးဆိုတာလည်း သိတဲ့အတိုင်းပဲလေ။ အရောင်ကလေးရဲနေမှ စားချင်တာမဟုတ်လား။ ပုစွန်ဆို အကောင်ခပ်ကြီးကြီးကို စပယ်ရှယ်သာ အရောင်ဆိုးလိုက် ကြိုက်သလို ဈေးတင်လို့ ရတာပေါ့။ မျိုးမျိုးမြတ်မြတ်လေးစားရတယ်”
ပုစွန်ခြောက်များအား လက်ဖြင့်ကိုင်ကာ အောက်သို့ ဖွဲခနဲပြန်ပစ်ချ၏။
“လာနော်လာနော် ပုစွန်ခြောက်တွေ ရဲနေတာပဲ ကောင်းမှကောင်း။ အကောင်းမှကြိုက်တတ်တယ်ဆို လာနော်”
ဈေးလမ်းမကြီးဆီသို့လှမ်းအော်၏။ တချို့မှာလှမ်းကြည့်သွား၏။ ပုစွန်ခြောက်ဆိုသည်မှာလည်း လှောင်ကုန်ဖြစ်သည်မဟုတ်ပါလား။ ဟင်းချိုထဲတွင်ဖြစ်စေ၊ လက်ဖက်သုပ်တွင်ဖြစ်စေ၊ အသီးအရွက်နှပ်သည့်နေရာ (ခရမ်းသီးနှပ်၊ ဘူးသီးနှပ်၊ စသည်) တွင်မှဖြစ်စေ အသုံးပြုရသည့်အရာမျိုး။ ထို့ကြောင့် သိပ်မလိုအပ်။ အိမ်တွင်ဝယ်ထားပြီးလျှင်လည်း သေချာလေလုံအောင်ထားပါက တာရှည်ခံပစ္စည်းမျိုး။ ထို့ကြောင့် တစ်ခါရောင်းပြီး တစ်ခါမျိုးမျိုးမြတ်မြတ်စားရဖို့ အရောင်ဆိုးသည်မှာ မဆန်းဟု ယူဆကြ၏။ သို့တည်းမဟုတ်က မြန်မာလူမျိုးများတွင်ပင် အသိပညာနည်းကြသပါသလား။ တစ်ယောက်က ဆေးဆိုးသဖြင့် ရောင်းကောင်းသွားသောကြောင့် နောက်တစ်ယောက်ကလိုက်ဆိုးပါသလား။

မိုးခါးရည်ဆိုသည်မှာ အတူတူသောက်က ချိုတတ်ပါသည်။

(၄)
ထိုငှက်ပျောသီးသည်မှာ ထူးဆန်းလှ၏။ ဈေးသို့ဆိုင်လာဖွင့်သည့်အခါ ငှက်ပျောသီးများကို ရေပုံးများဖြင့် သယ်သယ်လာတတ်၏။ ရေစိမ်ထားသည့်ငှက်ပျောသီးသည် မည်ကဲ့သိုသော အာနိသင်များ ရှိနိုင်မည်နည်း။ ပုစွန်ခြောက်သည်က ငှက်ပျောသီးသည်အား လှမ်းမေး၏။
“အစ်မကြီး အစ်မကြီးဆိုင်ဖွင့်တာနောက်ကျတယ်နော်။”
“အင်းဟုတ်တယ်ညီမရေ ကလေးတွေ ကျောင်းပို့တာ နောက်ကျသွားလို့”
ငှက်ပျောသီးသည်က တပွေ့တပိုက်သယ်လာသော ရေပုံးများကို နေရာချနေသဖြင့် လှည့်မကြည့်အား။ သို့သော် ဈေးသည်အချင်းချင်း အသံတော့ ပြန်ပြု၏။
“ဒါနဲ့လေ အစ်မကြီး ငှက်ပျောသီးတွေကို ဘာလို့ရေစိမ်စိမ်ထားတာလဲ”
ပုံးတွေအားနေရာချကာ ငှက်ပျောသီးသည်က ပုစွန်ခြောက်သည်ဘက် လှည့်၏။
“ရေမဟုတ်ဘူးညီမရဲ့ ဆေးရည် စိမ်တာ”
“ဆေးရည်”
ပုစွန်ခြောက်သည်မှာ သံယောင်လိုက်၏။ တစ်သက်နှင့်တစ်ကိုယ် ဒါမျိုးမကြားခဲ့ဖူး။ သို့သော် သူမ မသိခဲ့သည်ကလည်း ဖြစ်ကောင်းဖြစ်မည်။
“ပုံမှန်ဆိုရင် ငှက်ပျောသီးတွေက ဆယ်ရက်လောက်ကြာမှ မှည့်တာလေ။ ဒီဆေးရည်စိမ်လိုက်။ ညစိမ်ထားတာနဲ့ မနက်ဆိုမှည့်နေရော”
“အော်… ဘယ်လိုစိမ်ရတာလဲ အစ်မ”
ငှက်ပျောသီးသည်က ဆိုင်အောက် သစ်သားတန်းတွင်တင်ထားသော ဆေးဗူးလေးအား ပြ၏။
“ဒီဆေးလေးကို ရေထဲထည့်။ နည်းနည်းပါပဲ။ ပြီးရင် အဲ့ဒီ့ရေထဲကို ငှက်ပျောခိုင်လိုက် ထည့်ထား။ ညစိမ်ရင်မနက်ဆို မှည့်နေရော၊ တရုတ်ကလာတာလေ ဒီဆေးက တစ်ဗူးခြောက်ရာဆိုတော့ မဆိုးပါဘူး။ သုံးပျော်တယ် ရောင်းကောင်းတယ်ပေါ့”
“အော် တရုတ်ကလာတာလား”
ငှက်ပျောသီးသည်က ခေါင်းညိတ်ပြ၏။ ထို့နောက် နေရာတွင် နေရာတကျဝင်ထိုင်၏။
“အစ်မ ယူသွားပါလား ငှက်ပျောသီးတွေ ဝင်းနေတာပဲ လတ်ဆတ်တယ်နော်”
အမှန်ပင်ငှက်ပျောသီးတွေဝင်းနေပါသည်။ လတ်ဆတ်တယ်ဆိုသည်မှာအဘယ်နည်း။
“အစ်မ ငှက်ပျောသီး ယူသွားပါဦးလား။ ကြည့်ပါဦး ဝင်းနေတာပဲ။ လတ်ဆတ်တယ်နော်”
အမှန်ပင် ငှက်ပျောသီးတွေ ဝင်းနေပါသည်။ လတ်ဆတ်တယ် ဆိုသည်မှာ အဘယ်နည်း။

လတ်ဆတ်တယ်ဆိုသည်မှာ တရုတ်ဆေးနာမည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

(၅)
တယ်လီဖုန်းတွေ အမျိုးပေါင်းများစွာ စုံလင်လှ၏။ နိုကီယာ၊ အဲပဲလ်၊ ဆမ်ဆောင်း၊ အိတ်ရှ်တီစီ၊ စိုနီ စသည်ဖြင့် စုံလင်လှသော ဖုန်းပေါင်းများစွာကို ပြသထား၏။ ဇင်ကိုမင်း အားတော့ငယ်မိ၏။ သူလိုချင်သည်က အိုင်ဖုန်းဖြစ်၏။ ငါးသိန်းဝန်းကျင်ရှိသည်ဟု သူအကြမ်းဖျင်းသိထား၏။ အဆင်မပြေ။ သူ့ထံတွင် ဖုန်းဝယ်ရန် ပိုက်ဆံနှစ်သိန်း ပျော့ပျော့ပင်ရှိ၏။
“မောင်လေး ဘယ်ဖုန်း ပြပေးရမလဲ”
“ဒီဖုန်းလေး ခဏလောက်ပြပါအစ်မ”
ဇင်ကိုမင်းပြလိုက်သည်က အိုင်ဖုန်းဖြစ်၏။ မဝယ်ဖြစ်သည့်တိုင် ခဏတော့ ကိုင်တွယ်ကြည့်ချင်သည့် စိတ်နှင့် ပြခိုင်းလိုက်ခြင်းဖြစ်သည်။
“ဒါလေးက အိုင်ဖုန်း။ တရုတ်ကလာတာ တစ်သိန်းနဲ့လေးသောင်း။”
ဇင်ကိုမင်း မျက်လုံးကျယ်သွား၏။ သူလိုချင်သည့်အိုင်ဖုန်းကို တစ်သိန်းလေးသောင်းနဲ့ ရသည်ဆိုပါလား။ တရုတ်ဖြစ်ဘာဖြစ်ညာဖြစ် ခဏထား။ သူဒီဈေးနဲ့ဒီဖုန်းကို ဝယ်လို့ရမည်ဟု လုံးဝမထင်ခဲ့။
“ဒီဖုန်းက တရုတ်ကလာတာ…။ သူက…”
အရောင်းဝန်ထမ်းမလေးက ဖုန်းအကြောင်း၊ ဖုန်းထဲတွင်သုံးထားသော စစ်စတမ်များအကြောင်း ၊ ဂရမ်တီဘယ်လောက်ပေးကြောင်း ၊ အစစ်နှင့်ချွတ်စွပ်တူသောကြောင့် အမှတ်တမဲ့ကြည့်လျှင်အစစ်ဟု ထင်ရကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းပြနေ၏။
“တရုတ်က မြန်မာဈေးကွက်ကိုသိတယ်လေ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့ဈေးနဲ့ရစေရမယ်လို့ အာမခံထားတာ”
ဇင်ကိုမင်းစိတ်ထဲတွင် တခြားမရှိ။ ဖုန်းစစ်စတမ်ဘာညာလည်း သူစိတ်မဝင်စား။ သူလူကြားထဲ ရှိုးထုတ်ချင်၏။ အိုင်ဖုန်းကိုင်ကာ သူလူကြားထဲတွင် ပေါ်ပေါ်တင်တင်နေမည်။ အိုင်ဖုန်းအစစ်အား သူသေချာမထိတွေ့ဖူး မကိုင်တွယ်ဖူးသဖြင့် ဘာတွေများကွာခြားချက်ရှိသလဲ သူမသိ။ သိလည်းသိချင်ပုံမပေါ်။ ခုနေများ သူတွေဝေနေတုန်း တစ်ယောက်ယောက်ကြားဖြတ်ဝယ်သွားပါက သူရင်ကွဲနာကျကာ သေရတော့မည့်ပုံ ရှိ၏။ ပိုက်ဆံထုတ်ကာ သူငွေချေလိုက်၏။
“တရုတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်။ အိုင်ဖုန်းဖြစ်ရင်ပြီးတာပဲ”
အရောင်းစာရေးမလေးက ပြုံးပြ၏။ နောက်လှည့်ကာလှမ်းအော်၏။
“ကေသီရေ တရုတ်အိုင်ဖုန်း အရောင်းစာရင်းထဲထည့်လိုက်ပါဟေ့”
လူတစ်ယောက်ဖုန်းဆိုင်တွင်းမှ မြူးတူးပျော်ပါးစွာထွက်ခွါသွား၏။

(၆)
“အဟင်း..အဟင်း…”
ဦးမြင့်လွင် လည်ချောင်းတွင်တပ်ထားသော ပိုက်မှ ချွဲသလိပ်များအား သုတ်ပစ်၏။ ကင်ဆာဟူသည်မှာလည်း ကြောက်စရာရောဂါတစ်ခုပင်မဟုတ်ပါလား။ လည်ချောင်းကင်ဆာဖြစ်ကာ အသက်ရှူမရတော့။ လည်ချောင်းတွင်အပေါက်ဖောက်ကာ ပိုက်တပ်၍ အသက်ရှူရ၏။ စကားပြောလျှင် အသံမထွက်တော့။ စာရေးပြောရ၏။ တခါတရံ လက်ဟန်ခြေဟန်ဖြင့်ပြော၏။
“ဖေဖေ အိပ်ဦးမယ် သမီး”
တုန်တုန်ရီရီဖြင့်ရေးသားထားသော လက်ရေးတစ်ခု။ သမီးဖြစ်သူက ဖခင်အား စောင်သေချာခြုံပေး၏။ သူမ၏ သားဖြစ်သူ ဦးမြင့်လွင်၏ မြေးဖြစ်သူလေးအား ခေါ်ကာ ဧည့်ခန်းထဲသို့ထွက်လာခဲ့၏။
“မေမေ မေမေ ဖိုးဖိုးက ဘာလို့ လည်ပင်းမှာ အပေါက်ဖောက်ရတာလဲ”
လည်ချောင်းကင်ဆာဟု ရှင်းပြပါက ကလေးနားလည်မည်မဟုတ်။ ထပ်မေးနေပါက ထပ်ရှင်းပြနေရဦးမည်။
“မတည့်တာတွေ စားလို့ပေါ့သားရယ်”
“အဲ့ဒါဆို သားမတည့်တာတွေစားရင်လည်း ဖောက်ရမှာလား”
“အင်းပေါ့”
ကလေးမှာ အနည်းငယ်တွေဝေသွား၏။
“တရုတ်သကြားလုံးကကော သားနဲ့တည့်လားမေမေ”
မိခင်က ခေါင်းခါပြ၏။
“မတည့်ဘူး သားအများကြီးစားရင် ဖိုးဖိုးလိုဖြစ်မှာ”
ကလေးငယ်မှာ မိခင်အား ပြုံးပြကာ မတ်တပ်ထ၏။
“သား ဘယ်သွားမလို့လဲ”
“လမ်းထိပ် မုန့်ဆိုင်”
“မတည့်တာတွေမစားနဲ့နော်”
“ဟုတ်ကဲ့မေမေ”

(၇)
လမ်းထိပ်မုန့်ဆိုင်တွင်ဖြစ်သည်။
“ရော့သားလေး အကြွေမရှိလို့ ဒါလေးပဲ ယူသွားနော်”
“ဟင် တရုတ်သကြားလုံးကြီး”
“အင်းလေ ကောင်းပါတယ်သားရဲ့”
ကလေးမှာ သကြားလုံးအား မယူရဲသေးဘဲ အင်တင်တင်ဖြစ်နေ၏။
“တရုတ်သကြားလုံး စားရင် လည်ပင်းမှာ အပေါက်ကြီးဖောက်ရမှာပေါ့”
“သားကိုဘယ်သူကပြောတာလဲ”
“သားမေမေပြောတာ”
ကုန်စုံဆိုင်ရောင်းသူမိန်းမကြီး ရယ်မော၏။
“ဒါဆိုတရုတ်သကြားလုံးစားတဲ့ သားသူငယ်ချင်းတွေကော လည်ပင်းမှာ အပေါက်ဖောက်ရလို့လား”
ကလေးက ခေါင်းခါပြ၏။ ထို့နောက် ဆိုင်ရှင်လှမ်းပေးနေသော တရုတ်သကြားလုံးအား ယူကာ ဘောင်းဘီကြားထဲ ညှပ်လိုက်၏။
ညကျအိပ်ယာထဲရောက်မှ ထိုတရုတ်သကြားလုံးအား မေမေမသိအောင် သူ.. ခိုးစားတော့မည်။