Wednesday, April 10, 2013

အိပ်မက်ကလေးပဲ ဖြစ်မယ် မောင်



တမလွန်ဆိုတာ မိုးရွာလေ့ရှိသလား မောင်။
အချိန်တိုတိုလေးမှာပဲ မောင့်ရဲ့ဝင်သက်ထွက်သက်ကလေးလည်း တိုသွားတယ်။
ဘယ်လိုဘုရားသခင်ရဲ့လက်မျိုးနဲ့မှ စစ်ပွဲတွေကို သတ်လို့ရမလဲ။

အိပ်မက်ကလေးလည်း ဖြစ်မယ်မောင်။
အိပ်မက်ဆိုတာလည်း အိမ်ထဲမှာပဲရှိလိမ့်မယ်။
မောင်မမြင်ဖူးတဲ့သားလေးက မောင့်ကိုလည်းမြင်ဖူးမှာမဟုတ်ဘူး။
ဒါမင်းဖေဖေလို့ ဓာတ်ပုံကလေးပြမိတဲ့အခါ
ကလေးပြန်ပြောမယ့်စကားတွေက ကျွန်မအတွက် အလျော်အစားလည်းကြီးမယ် မောင်။

ရန်ကုန်မှာမိုးရွာတဲ့နေ့က မောင်ကျွန်မဆီ ပြန်လာတယ်။
လက်နှစ်ဖက်ပါမလာဘူး။
မောင်ကျွန်မဆီ ပြန်လာတယ်။
ခြေထောက်နှစ်ဖက်ပါမလာဘူး။
မောင်ကျွန်မဆီပြန်လာတယ်။
ခန္ဓာကိုယ်တစ်ခုလုံးပါမလာဘူး။
မောင်ကျွန်မဆီပြန်လာတယ်။
ဝင်သက်ထွက်သက်ကလေး ပါမလာဘူး။
ဒါပေမဲ့ မောင်ကျွန်မဆီပြန်လာခဲ့တယ် မောင်။

ကျွန်မက စစ်ပွဲတွေကိုမုန်းပြီး စစ်သားတွေကို ချစ်တယ် မောင်။
စစ်ပွဲတွေက စစ်သားတွေကို သတ်တယ်။
ပြီးတော့ မောင့်ကို သတ်တယ်။
မမျှော်လင့်တဲ့ကံကြမ္မာက ကျွန်မမျှော်လင့်ချက်ကလေးကို ဝင်တိုက်သွားတယ်။
မောင်ပြန်လာခဲ့သလိုပဲ ကျွန်မဆီ မောင်ပြန်လာတယ်။
အိပ်မက်ကလေးပဲဖြစ်မယ် မောင်။

နေပိုင်