Monday, April 1, 2013

ကျွန်တော်နှင့် မီးပွိုင့်ကလေး



ခွဲခွာခြင်းသည် မီးပွိုင့်တစ်ခုနှင့်တူ၏။ ဘယ်အချိန်မှာများ ခွဲခွာသွားကြရမလဲလို့ နာရီကို ငေးကြည့်နေရသည်က မီးပွိုင့်တစ်ခုကို ခြေရာခံလိုက်နေရသည်နှင့်တူ၏။ သူမ၏မီးပွိုင့်ကလေးသည် သူမ၏ နှုတ်ခမ်းပါးလေးဖြစ်သည်။ ကျွန်တော်နှင့်သူမ နောက်တစ်ကြိမ်ထပ်မတွေ့ကြတော့ဖို့၊ ကျွန်တော်နှင့်သူမ ပြတ်တောက်ဝေးကွာသွားဖို့၊ ထိုမီးပွိုင့်လေးကိုပင် ကျွန်တော် ကြောက်လန့်နေရ၏။ သူမမီးပွိုင့်လေးတွင် ကျွန်တော် အသက်အာမခံကြေးဆောင်ထားဖူးသည်။ သူမမီးပွိုင့်လေးတွင် ကျွန်တော် ခဏခဏ လမ်းဖြတ်ကူးဖူးသည်။ သူမမီးပွိုင့်လေးတွင်ပင် ကျွန်တော် ပင်လယ်နှင့်ဆုံဖူး၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က သောကြာနေ့ဖြစ်မည်ထင်သည်။
မီးပွိုင့်ကလေး၏ရှေ့တွင် ကျွန်တော်နှင့်ပင်လယ် သီချင်းဆိုကြ၏။ သူမနှုတ်ခမ်းကိုက်ထားသောအခါ ကျွန်တော်ကြည့်နေကျ မီးပွိုင့်ကလေးလည်း ကားရှုတ်သွားဖူး၏။ ကျွန်တော်လမ်းကူးဖို့ နောက်ကျဖူး၏။ ပင်လယ်နှင့်သီချင်းဆိုကြသည့်နေ့ကပင်ဖြစ်သည်။ ထိုနေ့ကညဘက်တွင် မီးပွိုင့်ကလေး တယ်လီဖုန်းထဲ၌ စိတ်ကောက်၏။
ကျွန်တော့်မီးပွိုင့်ကလေးသည် ကလေးဆန်၏။ ကျွန်တော်မရှိသည့်အခါမျိုးတွင် မီးပွိုင့်ကလေးတွင် ခဏခဏ ယဉ်တိုက်မှုဖြစ်တတ်၏။ သူမကိုအကဲခတ်ရသည်မှာ သိပ်မထူးဆန်းလှသော်လည်း တစ်ချက်တစ်ချက် သူမအရောင်ပြောင်းသွားတိုင်း ကျွန်တော့်မှာ အချိန်မလောက်မငှ အမြဲဖြစ်ရသည်။ သူမသည် ကျွန်တော့်အား ဟိုင်းဝေးလမ်းမကြီးဟုလည်း တစ်ခါတစ်ခါ ခေါ်တတ်၏။ သူမ၏အမှားလည်းမဟုတ်ပါ။ သူမမီးရောင်လေးတွေအတိုင်း ကျွန်တော့် သွားလာခွင့်တွေ ပိတ်ပင်သွားခဲ့ဖူး၏။
ကျွန်တော်မီးပွိုင့်ကလေးကိုချစ်သည်။ မီးပွိုင့်ကလေးသည် ကလေးပေါက်စလေးတစ်ယောက်နှင့်တူ၏။ ဘယ်သူရှိရှိမရှိရှိ၊ သူမအားစောင့်ကြည့်နေမည့်သူ ရှိရှိမရှိရှိ၊ သူမသည် အချိန်မှန် တာဝန်ကျေ အရောင်ပြောင်းလဲနေ၏။ သူမမျက်နှာကလေးနီသွားတိုင်းနီသွားတိုင်း ကျွန်တော့်မှာ သေဘေးနှင့် သိပ်နီးသွားတတ်သည်။ ကျွန်တော့်အသက်အာမခံကြေးကအစ ထိုမီးပွိုင့်ကလေးထဲ၌ပင် မြှုပ်နှံထားခဲ့ဖူး၏။
မီးပွိုင့်ကလေး၏ မွေးနေ့ မည်သည့်နေမှန်း ကျွန်တော်မသိပါ။ မီးပွိုင့်ကလေးအတွက် မွေးနေ့လုပ်ပေးဖို့လည်း ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ သို့သော် မီးပွိုင့်ကလေးကို ကျွန်တော် သနပ်ခါးပါးကွက်ကြားကလေး လက်ဆောင်ပေးချင်ဖူးသည်။ မီးပွိုင့်ကလေးကြိုက်နှစ်သက်ပါ့မလား ကျွန်တော်မသိပါ။ သို့သော် သူမပါးကွက်ကလေးကွက်ထားသည်ကို ကျွန်တော် မြင်ဖူးချင်မိသည်။
မီးပွိုင့်ကလေးကို ဖြတ်ကူးတိုင်း အန္တရာယ်ကင်းအောင် ချစ်တယ်ချစ်တယ်ဟု ကျွန်တော် ဂါထာရွတ်လေ့ရှိသည်။ မီးပွိုင့်ကလေး ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ ကျွန်တော် အမြဲရွတ်လေ့ရှိသည်။ အမှတ်မထင်မိပါဘဲ ထိုနေ့က သောကြာနေ့ ဖြစ်နေပြန်သည်။ ပင်လယ်ကို လှမ်းတွေ့လိုက်သည်မို့ လမ်းဖြတ်ကူးရင်း ဂါထာမရွတ်မိလိုက်သည့်ကျွန်တော်အား ကံကြမ္မာတစ်ခုလုံးက အရှိန်ပြင်းပြင်းနှင့် ….
“အား!!!!!”

မျက်လုံးများကို ကြိုးစားကာ ဖွင့်ကြည့်မိသည့်အချိန်တွင် မီးပွိုင့်ကလေး၌ မျက်ရည်များစွာကို တွေ့ရသည်။ မီးပွိုင့်ကလေးတွင် ယာဉ်တိုက်မှုဖြစ်နေသည်။ ကျွန်တော် မီးပွိုင့်ကလေး၏ မျက်ရည်များကို သုတ်ပေးချင်မိသည်။ သို့သော်.. သို့သော်..

ထိုနေ့က .. သောကြာနေ့ဖြစ်သည်။



နေပိုင်
ဝ၅.၁ဝ.၂ဝ၁၂
၂၃း၁၄

ဒီကောင်လည်း(ငါ့လို) စောက်ကြီးစောက်ကျယ်



ဂလိုဘယ်လိုက်ဇေးရှင်းက လူငယ်စိတ်ကို လမ်းလွှဲပစ်လိုက်ပြီ။
ဒေါင်ကျကျပြားကျကျ။ စာမေးပွဲကျကျ။ connection ကျကျ။ စိတ်ဓာတ်မကျသရွေ့ အားလုံးဟာသပဲ။
ခင်ဗျားလည်း မသိလိုက်မသိဘာသာနဲ့ပဲ ရောထွေးသွားမလား။
စိတ္တဇဆန်မှုဟာ တဖြည်းဖြည်းနဲ့ ညဥ့်နက်လာတယ်။

ခုတလော ရေပန်းစားနေတဲ့ ခေတ်ထက် ပါးစပ်ဖျားမှာ ခစ်ကိုထည့်ဆောင်ထားကြရင် ပိုငြိမ်းချမ်းမလား။
မနက်စာဟာ ရုပ်မြင်သံကြား သတင်းခေါင်းစဉ်။
လူထုဆက်ဆံရေးနယ်ပယ်မှာ တချို့ကသွားပိုးစားနေကြတယ်။
တချို့ကမိုးမျှော်တိုက်ကို အိပ်မက်လုပ်ဝတ်ကြတယ်။
တချို့ကမိတ်ဖြစ်ဆွေဖြစ် မိုးလင်းဆိုင်ကိုခေါင်းအုံးအိပ်လို့။
တချို့က လက်ခုပ်သံကို အခကြေးငွေနဲ့ လဲနားထောင်လို့။

စိတ်ပိုင်းဆိုင်ရာမှိုင်းမိတဲ့ကိစ္စဟာ ပေါ့သေးသေးမဟုတ်ဘူးဆိုပေမဲ့ ရေးကြီးခွင်ကျယ်လည်းမဟုတ်ပြန်ဘူး။
(ဆိုတော့) အပိုတွေလုပ်နေမယ့်အစား အလုပ်တွေပိုလုပ်ရင်ကောင်းမယ်။
စောက်ကြီးစောက်ကျယ်ဆိုတာ အမေရှိလျှက် ချိုလိမ်တန်းလန်းနဲ့ ကလေးကိုလည်းပြောလို့ရတယ်။
အဆင့်မြင့်ဖုန်စုပ်စက်တွေလည်းပြောလို့ရတယ်။
ဒေါ်လာယောင်ဆောင်ထားတဲ့စက္ကူကိုလည်းပြောလို့ရတယ်။
ကိုယ်နဲ့မကွာဆောင်လို့မရတဲ့ တိုင်ကပ်နာရီလည်းပြောလို့ရတယ်။ ကဗျာဆရာ
လည်း ပြောလို့ရတယ်။

ဧပရယ်က ကိုယ့်ကိုကိုယ်အရက်သောက်ပါတယ်လို့ ကြွေးကြော်တတ်တဲ့ ချာတိတ်မလေးတစ်ယောက်။
ဆက်သွယ်မှုဧရိယာပြင်ပဆိုတာ ရန်ကုန်လမ်းညွှန်နဲ့မန္တလေးလမ်းညွှန်ထဲမှာ မပါတော့ ကိုယ့်ကို
လူကြီးမင်းလို့ခေါ်..ခေါ်နေတဲ့ကောင်မလေးလည်း စောက်ကြီးစောက်ကျယ်မလေးပဲ။
တရိပ်ရိပ်တက်နေတဲ့ ဈေးနှုန်းက ဆေးလိပ်မသောက်ဖို့၊
ကွမ်းမစားဖို့။ အရက်မသောက်ဖို့။ အင်တာနက်မသုံးဖို့။ စောက်ကြီးစောက်ကျယ်မပြောဖို့။ ပုခုံးပုတ်ပြောတယ်။
သွားစမ်းပါ။
ဒါလည်းစောက်ကြီးစောက်ကျယ်ပဲ။

၂၁ရာစုမှာ ကဗျာဆိုတာ ၁၀တန်းစာမေးပွဲထက် နတ်ကြီးတယ်။
ကမ္ဘာကြီးပေါ်တည့်တည့်ရပ်ပြီး အမြင်စောင်းမယ်ဆို ရှက်ဖို့မကောင်းဘူးလား။
လက်ကားပြ ခြေကားပြပြီး ခေါင်းတိုက်သွားတဲ့ ဘောလုံးသမားက အကြီးမားဆုံးဟာသပဲ။
တစ်ခုတော့တွေးလိုက်မိပါရဲ့။
ဒီကောင်လည်း(ငါ့လို) စောက်ကြီးစောက်ကျယ်ပဲလို့။


နေပိုင်
၀၉.၀၃.၂၀၁၂

ငါစာအိတ်ထဲမှာရှိတယ်



မေ့မေ့ပျောက်ပျောက်တွေက မေ့မေ့ပျောက်ပျောက်ဖြစ်မသွားဘူး။
ထိတ်လန့်နေသူအတွက် ခြေသံဆိုတာ ကြိုးစင်ပဲ။
ငါကလည်းငါပဲ။
ဒီအချိန်ဆိုဘယ်ဘက်ကလက်ဖျံလေး အိပ်ပျော်နေပြီလား။
ကံကော်တွေနဲ့ရန်ဖြစ်နေမလား။
"လား"တွေနဲ့ပိတ်မိနေတုန်း။
ကိုယ့်ကိုကိုယ် ဂရုစိုက်။ ကဗျာကနင့်ကျန်းမာရေးနဲ့သင့်တော်တယ်။

စာအိတ်လေးကို လုံးဝမစွပ်စွဲနဲ့။
ရေငတ်နေတဲ့ကိစ္စက ပင်လယ်နဲ့အာပတ်မပြေဘူး။
ငါ့မှာထိတ်လန့်ခါစဆိုလို့
လက်မောင်းပေါ်က "သွား"ရာလေးရယ်
ကွင်းစကွင်းပိတ်ထဲက အဝါရောင် ကဗျာလေးရယ် ပဲရှိတယ်။

သိပ်ကြီးကျယ်ခမ်းနားလှတယ်တော့လည်းမဟုတ်ပါဘူး။ ငါဟာ
ညီမလေးမင်ထစ်နေမှာစိုးလို့ရောက်လာတဲ့ ဘောပင်လေးတစ်ချောင်း။
နှာခေါင်းထဲ မေးခွန်းတွေ ရှူထည့်ရာက စခဲ့တာ။
ကိုယ့်ကျန်းမာရေးအရ ဒီတစ်ခါအသည်းကွဲရင် သေရုံပဲ။

နင့်နာမည်လေးကို တဖွဖွရွတ်ခြင်းက ငါ့အိပ်ဆေးခါးခါးတွေပေါ့။
အဆုံးဆိုတဲ့အတိုင်း ဆုံးပါး/ရှုံးသွားတော့မလား။
စိတ်ဆိုတာ နင်ရှိတဲ့အရပ်ကို မျက်နှာမူတဲ့ ငနဲကြီးပဲ။

စာအိတ်နှင့်အနီးတဝိုက်လုံခြုံရေးအတွက်နဲ့တော့ အဖုံးကို တံတွေးမဆွတ်နဲ့။
စာသင်ခန်းထဲထိ ကဗျာနဲ့လတ်ယားလတ်ယားဖြစ်နေတုန်း။
မိုးခေါင်တာထက် အတွေးခေါင်တာ ပိုကြောက်စရာကောင်းတယ်။
ဖြစ်တည်မှုနဲ့လွဲလည်း နင်နဲ့တော့ မလွဲချင်ဘူး။
စောလည်းမစောခဲ့ဘူး။နောက်လည်းမကျခဲ့ဘူးဆိုရင်တောင်
ငါကိုကလွဲနေခဲ့တဲ့ကောင်ဆိုတော့ ဒါကြီးကိုပဲကြောက်..ကြောက် နေရတယ်။

ကမ္ဘာကြီး နဂိုထဲကလည်နေရတဲ့ကြားထဲ
ငါရော။သံသရာရော။ဝဋ်ရော။တလက်စာထဲ ပါသွားတယ်။
ဒီမှာ...
လိပ်စာကိုသေချာကြည့်ပါ။
ပြီးမှ စာအိတ်ကိုတံခါးခေါက်ပါ။

နေပိုင်
၁၇.၀၂.၂၀၁၁

နာမည်ကြီး



မီးရောင်ဟာ အသားရောင်ပေါ်မှာဝင်းလို့
မျက်နှာလေးပေါ်မှာဝင်းလို့
အရေပြားလေးပေါ်မှာဝင်းလို့
ကင်မရာရှေ့ငိုပြီးစားတဲ့ထမင်း သူဌေးရှေ့ငိုပြီးစားတဲ့ထမင်း မိဘလုပ်စာနဲ့စားတဲ့ထမင်း
ဒီမိုကရေစီလေချဉ်နဲ့ ဘဝင်နဲ့ မင်းမသိသေးပါဘူးကွာ နဲ့
ငို ငို ငို ဝအောင်ငို ကင်မရာထဲမှာ ဘဝပျက်လည်း အပြင်မှသိက္ခာမပျက်ဖို့လိုတယ်
ခင်ဗျားသိထားဖို့က နာမည်ကြီးထမင်းငတ်လည်း မေတ္တာမငတ်ရင်ပြီးရော ကောင်းရောင်းကောင်းဝယ်
လုပ်စားတယ်ဆိုတာ မကောင်းဘူး လောလောဆယ်
ငါ့ကိုကြည့်နေမယ့်အစား ကင်မရာကိုကြည့် မင်းကိုကြည့်ရတာ ကင်မရာရှေ့မှာမီး
စား(ခံ)နေတယ် ဖက်ပစ်လိုက် သူ့ကိုအား
မနာနဲ့ နာမည်ကြီး
သွားစေရမယ်
ဘဝင်လေးကိုနည်းနည်းမော့ထား စိတ်လေးကိုနည်းနည်းကောက်ထား ဒါမှ ပိုလှမှာပေါ့
အရေပြား ညပြတ်ငှားရမ်းမှုတွေများလာတယ်
လွဲနေတဲ့သဘောထားနဲ့ အဲဒါမင်းနဲ့ဆိုင်လို့လားစိတ်ဓါတ်
ဘယ်လောက်ဝေဖန်ဝေဖန်ငါ
ခံနိုင်တယ်ဆိုပြီး ထင်ရာစိုင်းသွားတော့ စာချုပ်ထဲကွဲလိုက် အပြင်မှာကွဲလိုက်နဲ့
ကဒ်...
အဝတ်အစားမလဲနဲ့မင်းသမီး ခင်ဗျားအရေခွံတွေကိုပဲ စင်အောင်ဆေးခဲ့။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုးလိုက်ရတဲ့ မနက်ဟာ Update ဖြစ်ရန် ခဏအလို




ငါ့ကိုချောင်ပိတ်ထားတဲ့မျဉ်းကြောင်းတွေကိုတရားစွဲရမယ်။
လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်/ဆံ့ ဖို့ လမ်းခုလတ်မှာ ကိုးယို့ကားယား။
အဆင်ပြေမယ်ထင်လို့နှုတ်ပစ်လိုက်တဲ့သွားက အသစ်ပြန်ပေါက်မလာတော့ဘူး။
ဘာမှမဟုတ်ဘူးဆိုရင်တောင် ငါပြုံးရင်သွားတစ်ချောင်းလိုနေဦးမယ်။
အခန်းထဲမှာမှောင်မိုက်။ တိတ်ဆိတ်။ ဟုတ်တယ်။
လမင်းကျကွဲတုန်းကလည်း ဒီအခန်းပဲ။ တံခါးဆွဲဖွင့်ဖို့ထက်
အလင်းရောင်ကိုကြောက်တဲ့စိတ်က ပိုများတယ်။
လက်ရှိအခြေအနေမှာ နားထောင်နေကျ I fought the law သီချင်း
Greenday ဆိုနေတုန်းမီးပျက်သွားလည်း ငါ့ဟာငါအော်ဆိုမယ်။ အော်/ကြီး/ဟစ်/ကျယ်။
ချစ်သူချာတိတ်မလေးနဲ့မတွေ့တာ (၂)ရက်ရှိပြီ။
လည်ချောင်းဝမှာ။ ကိုယ်နေလို့ထိုင်လို့မကောင်းဘူး။
မီးတောင်တစ်ခုရှာဖွေတွေ့ရှိ။ ကိုယ်။
မဟန်ဘူး။ ဘောပင်တစ်ချောင်း စာရွက်ပေါ်မှာ ကစဥ့်ကလျား
ပန်းတိုင်ရောက်အောင်ပြေးနေတယ်။ ငါလည်း ငါ့နည်းငါ့ဟန်နဲ့
မှောက်လျက်လဲ။ ပြန်ထ။ ဖုန်ခါသလိုလိုနဲ့ ပြဿဒါးတွေကိုခါပစ်လိုက်ချင်ရဲ့။ အဟက်(ခုမှရယ်လို့ရတာ)။
ဆစ်ခနဲနားထင်မှာ ထောက်ထားတဲ့သွေးကြောဟာ
ပြင်ပ အပူချိန် -၃ ဒီဂရီ ဆဲလ်ဆီးယပ်စ်နဲ့ လှိုင်းတိုမီတာ အကွာအဝေးပေါ် လတ်ယားလတ်ယား။
ခြင်္သေ့တစ်ကောင်။ အိပ်ယာထဲမှာ ပိတ်မိနေတယ်။ ငါ။
တူတူပုန်းတမ်းကစားရင်း။ ပျောက်သွား။ မနက်ကအထိ ရှိနေ/ခဲ့/ဖူး တဲ့ ရောဂါလက္ခဏာအစဟာ
ကဗျာရေးခြင်း။ စီးကရက်နှင့် ဒေါသကို
အင်တာနက်ထက်လူကြိုက်များတယ်။ လွမ်းဆွတ်ခြင်း။ စိတ္တဇဆန်ဆန်
တောင်ပံပါရင်မင်းဆီကို ... လို့ အော်ဆို..။ ဟေ့ကောင် ။
နားညီးတယ်။ တောက်ခတ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် လူငယ်လို့သတ်မှတ်။
မာစီဒီးစ်တံဆိပ် ရည်းစားစာ။ အနီရောင်အဝိုင်း ခုံးလေး နှစ်ခုပွတ်သပ်နေရင်း တဖြည်းဖြည်း ဘာများဖြစ်လာမလဲလို့။
ဖတ်! ခနဲ...
Heart King လေးဟာ သူမလက်ထဲမှာ ကယောင်ကတမ်း
ဒီတော့ ကိုယ်က အစားထိုးမရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း။



ပုစွန်ဂဏန်းဟင်း



ပုစွန်တွေကိုဇလားထဲထည့်ပြီးရေဆေး။
သိပ်စင်အောင်မဆေးပစ်နဲ့။ လုံးဝဆေးပစ်လိုက်ရင်
ခေါင်းထဲရေဝင်ပြီး အနှစ်တွေပျောက်ကုန်မယ်။
ခေါင်းကိုမချွေနဲ့။ ခေါင်းဆိုတာအဓိက။ ခေါင်းကအနှစ်။
တစ်ချို့ကညစ်ပတ်တယ်ပြောတယ်။ အဲ့ဒါခေါင်းကညစ်ပတ်တာမဟုတ်ဘူး။
စိတ်ကညစ်ပတ်တာ။ သေချာမှတ်ပါမြ။
ခေါင်းကိုဖြတ်ပစ်ဖို့လုံးဝမစဉ်းစားပါနဲ့။
ပုစွန်ကိုပုံမပျက်ပဲအိုးထဲထည့်ပါ။ ဆီနည်းနည်းထည့်ပါ။
ဆားအများကြီးမထည့်နဲ့။ ပုစွန်ဟာ ငန်သလိုချိုတယ်။
အချိုမှုန့်ဆား နည်းနည်းစီပဲထည့်။ ရေကိုပုစွန်မြုပ်အောင်ထည့်။
ခင်ဗျားအာလူးကြိုက်တတ်ရင် အာလူးထည့်လို့ရတယ်။ ပိုကောင်းတယ်။
ပုစွန်ချည်းသက်သက်ဆို ပုစွန်ပဲခင်ဗျားစားရမယ်မဟုတ်လား မြ။
ဒီတော့ အာလူးကို အနေတော်စိပ်ပြီးထည့်။ ဒါပေမယ့် အာလူးဆိုတာကြာတယ်။
နူးအောင်ပြုတ်ဖို့ကြာတယ်ပြောတာ။ အာလူးလာမပေးနဲ့ဆိုတာသိတယ်မလား။
ကြာလို့ပြောတာ။ ခုနကရေထည့်ပြီးရင် မဆလာများများခပ်။
ငရုပ်သီးအစိမ်းမှုန့်ထည့်။ မန်ကျည်းရည်ထည့်။ ဒါမှ ချဉ်စပ်ရမှာ။
ပြီးရင် အဖုံးလေးနည်းနည်းဟထား။ ပစ်ထားလို့ရတယ်။
အရိပ်တကြည့်ကြည့်စောင့်ကြည့်နေရအောင်ထိ မလိုဘူးမြ။
ခင်ဗျားသူ့ကိုပစ်ထားလိုက်။ ရေနည်းနည်းခမ်းသွားပြီဆို အာလူးကိုစမ်းကြည့်။
နူးမနူး။ ရေနည်းနည်းထပ်ထည့်။ ထပ်ပစ်ထားလိုက်။ အဲလိုနဲ့ ခင်ဗျားအာလူးနူးလာပြီဆို
အရည်ပျစ်ပျစ်လေးရတဲ့အထိ စောင့်။ နံနံပင်ကြိုက်ရင် နံနံပင်အုပ်လို့ရတယ် မြ။
ကိုယ်ကတော့မုန်းတယ်။ မအုပ်ဘူး။
ခုနကကိုယ်ပြောသလိုအရည်ပျစ်ပျစ်ရပြီဆို မီးလျှော့။ ထမင်းခူးပြီး ခင်ဗျားစားလို့ရပြီ မြ။


နေပိုင်
၀၈ မတ် ၂၀၁၃
၁၂း၂၇