Wednesday, May 1, 2013

ငါ့ဖေဖေ



ငါဖေဖေမရှိသေးဘူးကွ။
ငါ့ဖေဖေက မိုးပေါ်သွားတယ်။
ငါ့ဖေဖေကို မင်းဖေဖေက သေနတ်နဲ့ ဒိုင်း..ဆိုပစ်လိုက်တာ။
ငါ့ဖေဖေက မိုးပေါ်ရောက်သွားတယ်။
ငါ့ဖေဖေပြန်လာမှာလို့ ငါ့မေမေကပြောတယ်။
ငါ့ဖေဖေပြန်လာရင် မိုးပေါ်က ကစားစရာတွေ ပါလာမှာ။
ငါ့ဖေဖေလိုငါလည်း မိုးပေါ်ရောက်ဖူးချင်တာပေါ့။
ငါ့ဖေဖေလိုပဲ ငါသေနတ်နဲ့ အပစ်ခံမယ်။
ငါ့ဖေဖေလိုပဲ ငါမိုးပေါ်သွားမယ်။
ဒါပေမဲ့ ငါ့ဖေဖေပြန်လာမယ့်အချိန်ဆို ငါတို့သားအဖ လမ်းမှာလွဲနေဦးမယ်။ မငိုပါနဲ့ကွာ။
မင်းဖေဖေလည်း မိုးပေါ်မှာပဲမဟုတ်လား။
ငါ့ဖေဖေ ပြန်လာရင် မင်းဖေဖေကို ခေါ်လာမှာပါ။
ငါ့ဖေဖေပြန်လာရင် မုန့်တွေ အများကြီးပါလာမှာ။
ငါ့ဖေဖေက ငါ့ကို သူ့တိုက်ပွဲအကြောင်းတွေ ပြောပြဦးမှာ။
ဒါပေမယ့် ငါ့ဖေဖေဘယ်တော့ ပြန်လာမလဲငါမသိဘူး။
ငါအိမ်ပြန်ဦးမှ။
တော်ကြာ ငါ့ဖေဖေပြန်လာလို့ ငါ့ကိုမတွေ့ရင် စိတ်ပူနေဦးမယ်။

new style magazine , March
နေပိုင်
၁၉ ဇန်နဝါရီ ၂ဝ၁၃
ဝဝးဝ၅ နာရီ

ခေတ် သူတောင်းစား



သူတောင်းစားဟာ သူ့သူတောင်းစားမိသားစု
အိမ်ပြန်အလာကို စောင့်နေတယ်။

စောင့်နေရင်း သူတောင်းစားဟာ ခါးကြားထဲက
ဂျာနယ်ကိုထုတ်ပြီး ဟိုဟိုဒီဒီဖတ်ကြည့်တယ်။

သူတောင်းစားဖတ်တဲ့ ဂျာနယ်ဟာ
စာရွက်နှစ်ရွက်သာ ပါတယ်။

တစ်ရွက်မှာ ငွေငါးထောင်တန်စင်မ်ကဒ်အတွက်
ပြည်သူတွေတောင်းဆိုကြတာကို ဖတ်မိတယ်။

တစ်ရွက်မှာ ဖုန်းတစ်လုံးကို
ခြောက်ဆယ့်နှစ်သိန်းနဲ့ ဝယ်သွားတာကိုဖတ်မိတယ်။

သူတောင်းစားဟာ နှစ်ခုလုံးဖတ်အပြီးမှာ
နားမလည်စွာခေါင်းခါတယ်။

အဲ့ဒီ့နောက် သူတောင်းစားဟာ
ဂျာနယ်နှစ်ရွက်ကို ဖြန့်ခင်းပြီး
သူ တောင်းလို့ရလာတဲ့ ထမင်းကျန်တွေ သွန်ထည့်လိုက်တယ်။

ဟော.. ပြောရင်းဆိုရင်း
သူတောင်းစားမိသားစုဟာ ပြန်လာကြပြီ။


နေပိုင်
၁၁.၁၂.၂ဝ၁၂

ခေတ်သူတောင်းစား - ၂



သူတောင်းစားဟာ မြန်မာစာကို
တစ်လုံးစနှစ်လုံးစ ဖတ်တတ်တယ်။


သူထမင်းကျန်ဟင်းကျန်တောင်းပြီး ပြန်အလာ
လမ်းထိပ်ကင်းတဲက ဂျာနယ်အဟောင်းကို
ထမင်းပန်းကန်လုပ်ဖို့ယူလာတယ်။


ညမှောင်နေတဲ့အချိန်ဆိုတော့
လမ်းမီးတိုင်ဘေးက တဲကလေးမှာ
သူ့မိသားစုတွေရောက်နေလောက်ပြီ။


ဒါပေမယ့် သူပြန်ရောက်တော့
သူ့မိသားစုတွေဘယ်သူမှရှိမနေတာကို တွေ့ရတယ်။


သူတောင်းစားဟာ ထမင်းထုပ်တွေဘေးချပြီး
သူယူလာတဲ့ ဂျာနယ်ကို ဖွင့်ဖတ်တယ်။


ဂျာနယ်ထဲမှာ
မြန်မာနိုင်ငံက ထိုင်းနိုင်ငံကိုလျှပ်စစ်မီးအကူအညီပေးမယ့်အကြောင်း
ခေါင်းစဉ်ကို ဖတ်လိုက်မိတယ်။


သူတောင်းစားဟာ အရမ်းကို စိတ်ဝင်စားသွားတယ်။


အဲ့ဒီသတင်းကို
သူတောင်းစားဟာထစ်ထစ်ငေါ့ငေါ့ ဆက်ဖတ်မလို့လုပ်တုန်းမှာပဲ
သူ့တဲကလေးရှေ့က လမ်းမီးဟာ ပြတ်တောက်သွားတယ်။


သူတောင်းစား ရင်ထဲ ဟာသွားတယ်။


ညကလည်းမှောင်နေပြီဆိုတော့
သူတောင်းစားဟာ ဘာမှမတတ်နိုင်တော့ဘူး။


ဒါနဲ့ပဲ ဂျာနယ်ကိုဖြန့်ခင်းပြီး
ရလာတဲ့ထမင်းကျန်ဟင်းကျန်တွေကို သွန်ထည့်လိုက်တယ်။


မီးပြန်လာမလား စောင့်နေချိန်မှာပဲ
သူတောင်းစားမိသားစုပြန်လာကြတယ်။



နေပိုင်
၀၃ မတ် ၂ဝ၁၃
၁၂း၀၄

သွားကိုက်ခြင်း



ဆရာ။
ကျွန်မရဲ့သွားကိုကြည့်ပေးပါဦးဆရာ။
ဟုတ်တယ်။ အရှေ့တောင်ထောင့်အရပ်မှာပေါက်နေတဲ့
သွား/ကျွန်မ အချိုတွေ စိတ်အလိုလိုက်စားမိတဲ့အချိန်က စတာပဲ။
ခု မချိမဆန့်နာနေပြီဆရာ။
မှတ်မှတ်ရရ အဲဒီ့သွား ပေါက်တဲ့နေ့က သောကြာနေ့ဆိုတော့ သူဟာသောကြာသမီးလေး။
မိန်းကလေးဆိုတော့လည်း နည်းနည်းနာရင်တောင် များများငိုမိတယ်။
ကျွန်မကို ကယ်ပါဦးဆရာရယ်။
အခုကျိုးပဲ့ကြွေကျသွားတဲ့နေရာမှာ ဟောင်းလောင်းပေါက်ဖြစ်နေပြီ။
တစ်ချို့ကတော့ ကြွေမှုန့်တွေအစားထိုးထည့်ဖာကြတယ်ဆရာ။
သုံး၊လေးနှစ်လောက်တော့ ခံတယ်ပြောတယ်။
ကျွန်မကတော့ အဲ့လိုအစားမထိုးပစ်ချင်ဘူး။
အချိန်တန်လို့ထပ်ကြွေသွားရင် ကျွန်မပဲ နာကျင်ရဦးမှာ။
ဒီအတိုင်းထားပြန်ရင်လည်း လွတ်နေတဲ့အခေါင်းပေါက်ထဲ အစာတွေလာလာညပ်ချင်ကြတယ်။
သူတို့ကလည်းသူတို့ပဲ။ အစာလမ်းကြောင်းကြီးရှိနေရဲ့နဲ့ ကိုယ့်လမ်းကိုယ်မသွားဘူး။
ဒီတော့ဆရာရယ် ဖြစ်နိုင်ရင်တစ်ခါထဲသာနှုတ်/ပစ်လိုက်ပါတော့။
တစ်ခုပဲ။ ကျွန်မက ထုံဆေးကိုမကြိုက်ဘူး။ ကျွန်မကိုမေ့ဆေးပဲထိုးပေးပါဆရာ။
ပျော်စရာလေးတွေချန်ပြီး နာကျင်စရာတွေကို မေ့သွားအောင် မေ့ဆေးပေးပါ။
ဟုတ်ကဲ့ အခုထိတော့မေ့လို့မရသေးဘူး။ ကျွန်မမေ့သွားတဲ့အခါ ညှပ်ကြားထဲက သွေးပေနေတဲ့သွားကို အရင်လွှင့်
ပစ်ပြီးမှ ကျွန်မကိုနှိုး။
သူ့ကိုမြင်ရင် ကျွန်မ ထပ်နာမိမှာစိုးတယ်။


နေပိုင်
၁၉ ဧပြီ ၂ဝ၁၂

ဟိုင်းဝေးကျခြင်း



ကိုယ့်ကိုကိုယ်ဖျားနာပြီးမှ
သူမ.. လေယာဉ်ပျံပေါ်တက်သွားတယ်။
အဝေးပြေးလမ်းမထဲ သူမနာမည်ကလေး ကျပျောက်မှုနဲ့ ကိုယ့်ကိုဖမ်းပါ။

ဘယ်လိုဝေဒနာမျိုးနဲ့ မှောင်မလဲ။
ကိုယ်တစ်ယောက်တည်း ဘယ်ဘက်လက်ဖျံလေးပေါ် လူးလွင့်ခွင့်
တဆတ်ဆတ်တုန်လာတိုင်း ဘယ်လိုမိုးတိမ်နဲ့မှ ကိုယ်မပျောက်တော့ဘူး။

အိမ်ဦးခန်းနဲ့နေရာချင်းလဲပါ နိုင်ငံခြား။
နိုင်ငံခြားလို့ပြောပြီး သူမနဲ့ကိုယ့်ကိုပါ ခြားပစ်တယ်။
ပြောလိုက်ခါမှ ပိုဝေးသွားသလို
ပြောလိုက်ခါမှ ပြန်မရနိုင်တော့သလို
ဒါမှမဟုတ် ပိုသေချာသွားသလို။
နာရီလက်တံအတိုင်းခရီးသွားလိုစိတ်နဲ့ ချစ်တယ်။

ဝေဒနာဟာ အစိမ်းလိုက်လင်းနေတယ် ပြဿဒါး။
လမ်းတွေရှိသမျှကိုယ် အနင်းခံနေရဦးမယ်။
ကမ္ဘာကြီးဆုတ်ယုတ်မှုထဲ
ကျောပြင်ကလေး ဆံနွယ်စကလေး ကတ္တီပါဖိနပ် အစိမ်းကလေး။
ဆံနွယ်တွေဝဲကျနေတဲ့ ကျောပြင်ကလေးကိုလည်း သေခြင်းတရားလို့ပဲ ထင်တယ်။

အဝေးပြေးလမ်းမထဲ သူမနာမည်ကလေး ကျပျောက်မှုနဲ့ ကိုယ့်ကိုဖမ်းပါ။
အဝေးပြေးလမ်းမထဲ သူမနာမည်ကလေး ကျပျောက်မှုနဲ့ ကိုယ့်ကို .. ဖမ်းစမ်းပါ။

ဝ၃ ဖေဖော်ဝါရီ ၂ဝ၁၃
ဝ၂းဝ၆
တနင်္ဂနွေနေ့

Saturday, April 27, 2013

အကျယ်ထောင်



မြို့တော်ထဲက ကိုယ့်ခြေရာကလေး ဖွက်ပစ်လိုက်ကြပြီ။
ခြေထောက်ကသေပြီး လူက ရှင်ရတယ်။
ပျောက်ဆုံးသွားပြီဖြစ်သော ခြေရာကလေးကိုလွမ်းရ။
ကိုယ့်ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့ ကမ္ဘာကြီးကို လွမ်းရ..နဲ့။
ကိုယ်ခြေသံတွေကြားရတယ်။ ခြေရာတွေ မတွေ့ရဘူး။
လူတစ်ယောက်စာ တံခါးတစ်ချပ်ဟာ
ကမ္ဘာကြီးနဲ့မိုင်ပေါင်းများစွာ ခြားပစ်လို့ရတာကိုပဲ အံ့သြရတယ်။
စိတ်ကို လွတ်လွတ်လပ်လပ်ဆန့်ထုတ်ပစ်ဖို့ လိုအပ်ခြင်းဟာ
အချိန်လား။ ငွေကြေးလား။ ချစ်ခြင်းမေတ္တာလား။ နှစ်ဦးသဘောတူ အ/စာ ချုပ်လား။ ဝေခွဲ။
စာချုပ်နဲ့ အချုပ်ဟာလည်း သွေးသားတစ်ခုခုတော်စပ်လိမ့်မယ်။
ပြတင်းပေါက်က အလင်းတချို့နဲ့တင် ကမ္ဘာကြီးမှောင်သွားပြီ။
စိတ်ကို ဘယ်နှလွန်းတင်တဲ့ကြိုးနဲ့ တုပ်နှောင်ချင်ပါသလဲ။
မြို့တော်ဟာ ကိုယ်နဲ့ခပ်ဝေးဝေးကို ရောက်သွားပြီ။
ကိုယ့်ကိုသူ လက်ယက်ခေါ်တယ်။ အသံတွေကြားနေရတယ်။ ကိုယ်မမြင်ရဘူး။
ခုနကလိုပဲ ခြေထောက်ကသေပြီး လူကရှင်ရတယ်။
မြို့တော်ထဲက ကိုယ့်ခြေရာကလေး ဖွက်ပစ်လိုက်ကြပြီ။

နေပိုင်
နိုဝင်ဘာ၊ ၂၉၊ ၂ဝ၁၂

ဖိုက်(5) ပြီးရင် စစ် (6) လာတယ်



ငါးတွေဟာ စစ်မတိုက်ကြဘူး။
ဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ် ပြန်ငါးမိတယ်။
ညီမလေးကျောင်းမုန့်ဖိုး ကျည်ဆံတစ်တောင့် နှစ်တောင့်
ညီလေး ကျောင်းမုန့်ဖိုး ကျည်ဆံတစ်တောင့် နှစ်တောင့်
ငါးအမေကြီး မသိအောင် ကိုယ် ခိုးငါးရတယ်။
ရန်သူမျိုးငါးပါးလို့ ကမ္ဘာကြီးက စသင်ပေးလိုက်တဲ့နေ့။
ငါးတွေ ဆန္ဒပြလို့။ ငါးတွေ ဆူပူလို့။
ရေမြှုပ်မိုင်းတွေပေါ်လာပြီးတဲ့နေ့ကစပြီး
ကိုယ်ငယ်ငယ်က ဘာလို့ မငါးခဲ့မိပါလိမ့်လို့ မတွေးခေါ်တော့ဘူး။
သေရမှာကို ငါးတယ်။ ဒါကြောင့်ပဲ ကျည်ကပ်ထဲ ရိုးသားမှုတွေ ထည့်ငါးလိုက်တယ်။
ရေလိုက် ငါးလိုက်။ အဖန်ငါးရာ ငါးကမ္ဘာ။
ငါးအရိုး။ ငါးအသား။ ဒါနဲ့ပဲ ငါးတွေဟာ ရိုးသားပါတယ်လို့ အလွယ်ငါးတယ်။
ဖိုက်ပြီးရင်စစ်လာတော့မယ်။ ဒါကြောင့် ငါးကိုချွေတာကြ။
ငါးကို ထိန်းထိန်းသိမ်းသိမ်း သုံးစွဲကြ။
ငါးမရှိတော့ရင် အကုန်လုံး ငါးကုန်လိမ့်မယ်။
ကျွန်တော် ပြောတာ ငါးလား။ ဒီလိုလုပ် ကျွန်တော် အစကနေပြန်ငါးမယ်။
ငါးတွေက စစ်မတိုက်ကြဘူး။

နေပိုင်
၁၂.၁၁.၂ဝ၁၂

လွင့်



ကျောင်းစာအုပ်ကလေးထဲ
ကိုယ်.. သားလိုက်တဲ့မျဉ်းကလေး တွန့်သွားတာကအစ
သူမနှုတ်ခမ်းလေးလို့ပဲ ထင်တယ်။
ကိုယ်မိထားတဲ့ကျိမ်စာမှာ
ဘယ်လိုနိမိတ်နဲ့မှ တိမ်တွေမလှတော့ဘူး။

နေပိုင်

မြေအောက်ရထား



ရှေ့ရထားကို နောက်ရထားက ကျော်တက်လို့မရဘူး။
ဥသြသံမပါဘဲ ဘဝတစ်ခုလုံးကို ထိုးရပ်ပစ်လိုက်တယ်။
တံခါးနှစ်ချပ်ပွင့်သွားပြီး ဒုက္ခတွေ ထွက်ကျလာတယ်။
အဲ့ဒီနောက်တခါးနှစ်ချပ် ပြန်ပိတ်သွားတယ်။
ခြေရာဘယ်လောက်ကြီးကြီး ဒီဘူတာမှာကျန်ခဲ့တာပါပဲ။

နေပိုင်
၁၄.၁ဝ.၂ဝ၁၂

စိတ်လိုလက်ရ ရုန်းထွက်လိုက်တဲ့ နွေ



ဖဲချပ်ကလေးထဲက အနက်ရောင် သစ်ရွက်ကလေး လွင့်ထွက်သွားပိုင်ခွင့်။
ကိုယ့်ညနေထဲ ဘယ်လို ရာသီဥတုအသေနဲ့မှ ဝင်မနှောက်ယှက်နဲ့။
ထွက်သွား။ မင်းတို့အားလုံးထွက်သွားလို့ (အော်ဟစ်)။
ကိုယ့်မှာ သွေးကြောကလေး တဒိတ်ဒိတ်ခုန်ဖိုပကအစ အားနည်းနေတယ်။
သေချာပြီ။ မရှိတော့ရင်။ ဒါမှမဟုတ် မရှိတော့တာ။
အမှန်ဖြစ်နေတဲ့ အမှတ်အသားလေးကို အလည်ကနေ ဖြတ်ချ။ အမှား။
ဟော .. အံ့သြဖို့ မကောင်းဘူးလား။
ဒါမင်းထွက်သွားတုန်းက နွေရာသီ သဲသောင်ပြင်တစ်ခုလို။
ဒါမှမဟုတ် မင်းသိပ်ကြိုက်တဲ့ မျက်လှည့်ပြကွက်တစ်ခုလို။
ဟဲနီးပလပ်စ်လေး နှစ်ခု သုံးခုလို။ ကိုယ်မြင်နေတဲ့ရာသီတွေက အစ
အမှန်ခြစ်တွေကနေ အမှားခြစ် ပြောင်းသွားသလိုပဲ။
ရာသီဥတုပြောင်းလဲတာသိပ်မြန်တယ် ။ နွေလား။ မိုးလား။ ဆောင်းလား။
ရေးထားတဲ့ ကော်ရက်ရှင်အရာလေးကို ပေတံနဲ့ ခြစ်ထုတ်လိုက်သလို။
လူတွေသိပ်အတ္တကြီးတယ်။ ကိုယ့်ကိုကိုယ် အမှားကင်းတယ်လို့ ထင်လိုစိတ်ကလေးနဲ့။
ကိုယ့်ခံနိုင်ရည်နဲ့ ကိုယ်မို့ပဲ အသည်းကွဲသွားသလား။
အမှားခြစ်ကလေးအလည်က ကန့်လန့်ဖြတ်ကလေးကို ခုနကလိုပဲ ပေတံနဲ့ခြစ်ထုတ်ကြည့်။
ဒီဇင်ဘာတွေပဲတွေ့တယ်။

နေပိုင်
၁၂.၁ဝ.၂ဝ၁၂

အိမ်စာ



ကျောင်းမဆင်းချင်ဘူး။ နွေရာသီဆို အသက်တိုတတ်တယ်။
သူမကျောင်းမတက်တဲ့နေ့ဆို ကိုယ့်မှာလည်း ကြည့်စရာမျက်နှာမရှိတော့ဘူး။
ခံရခက်တယ်။ သူမနဲ့လဲရေးမယ့်ဘောပင်ကလေး သွေးရိုးသားရိုးလမ်းမှားပိုင်ခွင့်နဲ့။
ကော်ရစ်တာကြီးမြင်တိုင်း ကိုယ့်ခြေမအဟောင်းလေးကို ပြန်ပြန်သတိရတယ်။
ခေါင်းစည်းကြိုးအစိမ်းရောင်လေးကို ချဉ်ချင်းတက်မှုကကိုယ့်ကို ထမင်းမစားကွမ်းမစားလို့ မြင်တယ်။
ကျောင်းရှေ့ကသစ်ပင်တန်းကြီးမှာ ကိုယ်ဘယ်လိုလည်ပင်းမျိုးနဲ့မျှော်ရမလဲ။
ကျောင်းစာအုပ် နောက်ကျောက အပိုင်းအစ စာတိုများ။
ဒီလက်မောင်းကို ဘယ်အချိန်ခပ်ပြင်းပြင်းလာရိုက်မလဲလို့ပဲ စောင့်.. စောင့်နေရ/မိတယ်။
လွမ်းရလွန်းလို့ အမာရွတ်တွေလည်းများနေပြီ။
ကိုယ်မုန့်ဈေးတန်းမသွားဘူး။ လက်တွေ့ခန်းရှေ့မသွားဘူး။
ဘယ်လိုလက်ရေးမျိုးနဲ့ရေးမှ သူမအကြောင်းကိုရှောင်လို့ရမလဲ။ ကိုယ်မသိဘူး။
သူမပါးကွက်ကလေး ကျောင်းမတက်ရင်တော့ ကိုယ်လည်းစာမေးပွဲကျနိုင်တယ်။

နေပိုင်
၁၇.၀၉.၂၀၁၂
ဝ၁း၁၄

Friday, April 26, 2013

အစိမ်းရောင် မှတ်တိုင်



စစ်ပွဲတွေနဲ့ ကမ္ဘာကို ကယ်တင်လို့မရဘူး။
အမှန်တကယ် ငြိမ်းချမ်းပြီလို့ ထင်နေတာကလည်း အပိုပဲ။
ဒီလိုနဲ့.. ကလေးဘယ်နှယောက်ကို အဖမဲ့ ဖြစ်စေခဲ့ပြီးပြီလဲ။

စစ်ပွဲတွေဟာ တရားမနာဘူး။
ဒီတော့ကိုယ့်လိုပဲ လူရိုင်းကလေးဖြစ်ရတယ်။
အသက်ကိုအိမ်မှာထားခွင့်မရှိတာလည်း ဒီစစ်ပဲ။

ငါတို့အိပ်မက်ကလေးတွေ မိုင်းနဲ့ပါသွားပြီ။ မျက်ရည်များ။
စစ်ပွဲဆိုတာ မျက်ရည်နဲ့သွေး ဓာတ်ပြုထားသလိုမျိုး။
ငိုသံတွေနဲ့ပဲ ပန်းတွေပွင့်ရတယ်။
အချစ်မှာမျက်စိမရှိသလို စစ်မှာလည်း မျက်စိမရှိဘူး မေမေ။
ဒီည.. ကျွန်တော့်ခြေထောက်အပြတ်ကလေး အိမ်ပြန်ရောက်ပါ့မလား။

ဖိနပ်ချွတ်ပြီးမှမြေပုံပေါ်တက်လည်း အိမ်နဲ့ဝေးတုန်းပဲ။
အိမ်ရောက်ဖို့ဆိုတာလည်း လမ်းအဝေးကြီးလျှောက်ရဦးမယ်။
ဘယ်သူသိမလဲ။
ကျွန်တော်တို့ပုခုံးပေါ်က မှတ်တိုင်လေး အိပ်ရေးပျက်နေတယ်ဆိုတာ။

နေပိုင်
၁၉း၄၅
၁၁.ဝ၉.၂ဝ၁၂

အောက်ပါတို့ကို ကြီးစဉ်ငယ်လိုက် စီစဉ်ပါ။



ငွေကြေး။ ဂုဏ်သိက္ခာ။ စံပယ်ပန်း။ ဂျပန်ဖိနပ်။ ဝီစကီ။
ဘုရားသခင်။ ပြည်သူ။ အကြွေ ၂ဝ။ အိမ်နံပါတ် (၇)။ ပြည်လမ်း။
အချစ်။ R.T.H ။ မိုးရာသီ။ ကိုရီးယားဇာတ်လမ်းတွဲ။ သူတောင်းစား။ စီးပွားရေး။
မော်တော်ပီကယ်။ ညနေ(၆)နာရီ။ လေယာဉ်လက်မှတ်။ တက္ကသိုလ်။ ကဗျာဆရာ။
နတ်ပြည် (၆)ထပ်။ ဘောပင်။ ဘတ်စ်ကား။ မိန်းမပျက်။ ဟာသ။
အစိမ်းသေ။ မီးရထား။ ဆံပင်ရှည်။ ကိုကာကိုလာ။ အမှိုက်မပစ်ရ။ ကုတင်။
မေ့ဆေး။ ပြဿဒါး။ သမ္မတ။ မိုင်းဆဲဗင်း။ www.facebook.com ။
အခွန်လွတ်ဈေး။ နေပိုင်။ မြန်မာစာ။ ဦးဝိစာရအဝိုင်း။ ပုရွက်ဆိတ်။ ၅ပေ၉လက်မ။
ရုပ်ရှင်ရုံ။ ပမွှား။ ခံနိုင်ရည်။ နိုက်ကလပ်။ သဘာဝဘေးအန္တရာယ်။ အိမ်ဖော်။
သံယောဇဉ်။ အပါယ်လေးပါး။ ပင်လယ်။ သုတေသန။ အယ်ဒီတာ။
ငါ။ မှတ်ပုံတင်။ အများပြည်သူသုံးတယ်လီဖုန်း။ မန်ချက်စတာယူနိုက်တက်။ သည်းခံခြင်း။
ကျွန်မရှင့်ကိုချစ်တယ်။ ကွန်ဒုံး။ လမ်းလျှောက်ခြင်း။ သကြားလုံး။ စက်ရေတွင်း။
နိုင်ငံခြား။ လူ။ ကားအဝင်အထွက်ရှိသည်။ အင်းလျားကန်။ နာရေး။


နေပိုင်
၀၅.၀၉.၂၀၁၂
၁၆း၃၅

အိမ်ယာမဲ့ (၂)


ရန်ကုန်ကို တံခါးခေါက်လည်း အထဲမှာ ရန်ကုန်မရှိဘူး။
ရန်ကုန်ဟာ သူ့ခြေမနဲ့သူ အိမ်ပေါ်ကဆင်းသွားတယ်။
ခုည ကျွန်တော်တို့ဘယ်လိုအိပ်ကြမလဲ။
၂ဝဝ တန် ပိုက်ဆံအကြွေလေးပေါ်က ခြင်္သေ့ရုပ်မှာ အိမ်ရှိလား။
ရွာလာတဲ့မိုးမှာကော အိမ်ရှိလား။
ကိုယ့်ခြေထောက်ကို သွေးရိုးသားရိုး အိမ်နံပါတ် တပ်တယ်။
အဖြူတလှည့် အနီတလှည့် ပလက်ဖောင်းများ။
ဘယ်တလှည့် ညာတလှည့် ခြေလှမ်းများ။
မျက်လုံး၂ဖက်ပိတ်ဖို့ ငွေကြေးဘယ်လောက်လိုမလဲ။
နောက်တစ်ခါ ၂ဝဝ တန်အဟောင်းလေးကို ထပ်ကြည့်တိုင်း
ဖိနပ်သဲကြိုးလေးက ကိုယ့်ကိုအားနာတယ်။
ကိုယ်အခု မြို့နာ ပြနာ ကျနေတယ်။
ပလက်ဖောင်းနံပါတ်ဟာ ၄၃ဟာ ကိုယ့်ခြေထောက်နဲ့ မတော်လို့။

နေပိုင်
၀၉.၀၈.၂၀၁၂
၀၃း၀၉

အိမ်ယာမဲ့



ငွေကြေးတွေသေပြီ။
ကိုယ် ဆိုးမိုက်လို့ မဖြစ်တော့ဘူး။
ပလက်ဖောင်းကပါ အိမ်ပေါ်ကနှင်ချရင် ခက်မယ်။

နေပိုင်
၀၃.၀၈.၂၀၁၂
ဝဝး၄၅

အလင်းဆိုင်ထဲ ကျန်ခဲ့တယ် ဇူလိုင်



ညဟာ ပြည်တည်နေသလား။
မီးချောင်းထဲမှာ ကူးစက်ရောဂါပိုးတွေရှိနေတယ် (၂၄)နာရီ။
ခွဲစိတ်ဓားကို မေ့ဆေးပေးပြီးမှ ကလေးယူပါ။

ဘုရားတ တိုင်းလည်း ဘုရားသခင်က
နှုတ်ဖျားကိုရောက်လာမှာမှမဟုတ်ဘဲ။
ကြောက်တတ်လွန်းလို့ ထမင်းရည်ပူစည်းကို အမြဲဦးသုံးကြိမ်ချတယ်။
ရှုံးနေပြီးသားကို ပန်းပေးလိုက်ခြင်းကလည်း ဇူလိုင်ပဲ။

အလင်းရောင်ငှားခ တစ်ရက်ဘယ်လောက်ကျလဲ။

ဓားနဲ့မထိုးရက်လို့တဲ့ ငွေထုပ်နဲ့ပေါက်တယ်။
အဲဒီ့နေ့က ဟီရိုရှီးမားမှာ ဗုံးကွဲတယ်။
ကိုယ်စောင့်နတ်က ကိုယ့်ကို လူပျောက်ကြော်ငြာထည့်တယ်။

နင်ငါ့ကိုမေ့လိုက်ပါဆိုပြီး
အရက်သမားဘယ်နှစ်ယောက် မွေးခဲ့ပြီးပြီလဲ။
ကိုယ့်ခြေမနဲ့ကိုယ် အိမ်ပေါ်က ခဏခဏဆင်းတယ်။

မသိစိတ်ကလည်း ခက်တယ်။
ခေါင်းအုံးထဲ နင့်နှုတ်ခမ်းရှိတယ်လို့ပဲ ထင်.. ထင်နေတယ်။


နေပိုင်
၀၁း၄၀
၃၀.၀၇.၂၀၁၂

အများပြည်သူသုံး တယ်လီဖုန်း



သူမရှိဘူး။
ဘယ်သွားလဲ ပြောမသွားဘူး။
စကားနှစ်ခွန်းနဲ့ တစ်မိနစ်ဟာ အဆိပ် ကျတယ်။
ဒီလိုနဲ့ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မသွားဖို့
အမှောင်ကိုရှင်အောင် ပြဿနာကို မီးထွန်းပြီးရှာတယ်။
ကိုယ်မနေနိုင်ဘူး။ ပြောင်းလဲသမျှအထင်ကရတွေ
ခုဆို..
ရန်ကုန်ဟာ သူ့နည်းသူ့ဟန်နဲ့ စကတ်ပိုတိုလာတယ်။
ပြောပြီးစလစ်နံပါတ်(၁)။ ပြည်ပထွက်ခွါ။
ရေမရှိခြင်း။ ဓာတ်လှေကားဆိုင်ရာ ဖျားနာမှု။
ကြားလား.. ကျားလား။
နိုင်ငံခြားသား ဖြစ်ချင်တာနဲ့ နိုင်ငံခြားသွားကြ။
နိုင်ငံခြားကို ဘာမှတ်နေလဲ။
နိုင်ငံခြားက ခွေးတွေသိပ်ကြီးတယ်။

အချိန်တော်တော်ကုန်သွားပြီ။
နောက်လူတွေလည်းစောင့်နေပြီ။
ခင်ဗျားပြောနေတာ တစ်ယာဖိုးမကတော့ဘူး။
ဟုတ်ကဲ့။ သူဘယ်အချိန်လောက်ပြန်ရောက်မလဲ။
ကျွန်တော်ဆံပင်ရှည်လာတဲ့နေ့ဆို
သူလည်း ဆက်သွယ်မှုဧရိယာပြင်ပနဲ့ နီးလာတယ်။
မှန်မကြည့်ဘဲ
အရက်မသောက်ဘဲ
စကားစမြည်မပြောဘဲ
ဂျင်းဘောင်းဘီ မဝတ်ဘဲ .. ရှင်တယ်။

ဖြစ်ချင်တော့ ရန်ကုန်ဟာ ရန်ကုန်မှာမရှိဘူး။
ရန်ကုန်ဟာ နယ်ဝေး..
ပယ်ပယ်နယ်နယ်ကို ဝေးတယ်။

တကယ်မေ့ပြီး
ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ပြီး
ပြက္ခဒိန်အနွမ်းလေးတွေကို သိမ်းထားတယ်။
ရန်ကုန်ဟာ အရင်လိုမဟုတ်ဘူး
ရန်ကုန်ဟာ ပျောက်လွယ်ရှလွယ် လာတယ်။ ကိုယ့်ကို။
မမြင်ခင်ကပဲ တံတွေးကို ထွီခနဲထွေးလို့
ရော့ခ်သီချင်းတစ်ပုဒ်ကို ကွမ်းယာလုပ်ဝါးလို့
မိုးလင်းဆိုင်တွေကို ယားနာလုပ်ပေါက်လို့
အသည်းယောင်ရောဂါဟာ မိုးသည်းတိုင်း သည်း..
တီ.. တီ.. တီ..
လူကြီးမင်း။

နေပိုင်
၁၈.၀၇.၂၀၁၂
၀၁း၁၈

ကိုယ်နဲ့မလိုက်တဲ့ အသေ



စိတ်က မနက်ခင်းတစ်ခုလို့ ကိုယ့်ဆီမှာ ခဏခဏ မိုးလင်းတယ်။
ကဗျာဟာ ကဗျာဖြစ်လို့မရဘူး ဂျူလီယာ။
ကိုယ့်တိုက်တာတွေကို ဘာလို့ ဆေးသုတ်နေကြသလဲ။
မနက်ဖြန်အကြောင်း ဝါးရံတာထိုးပြီး ကိုယ်ရပ်ကြည့်တယ်။
အရိပ်နဲ့ နေရောင်ခြည်ရဲ့ ဖြတ်သန်းသွားလာမှုများ။
အိပ်မက်ကို ဈေးကြီးပေးဝယ်ဖို့ သူမဟာ ညဥ့်ငှက်လေးတစ်ကောင်ဖြစ်သွားခဲ့/ရတယ်။
လက်သည်းနီတွေမခြောက်ခင်အထိ နှုတ်ခမ်းဟာ ခပ်ကွေးကွေး။ ခပ်သေးသေး။
စကားလုံးအကြီးကြီးနဲ့ မလိုက်အောင် သေးငယ်နေကြ။

ကိုယ်ဟာအရွယ်ရောက်ပြီးပြီ ဂျူလီယာ။
လမ်းကြုံတဲ့အခါ ယုံကြည်မှုကို တစ်ခါတည်း အခွန်ဆောင်ခဲ့ပါ။
ကိုယ့်ကိုကိုယ် မြစ်တစ်ခုလို့ သံသယမဝင်ခင်အထိ။
တံတွေးခွက်မဟုတ်လည်း မျောတယ်။

ဒုတိယပိုင်းရောက်ပြီ ဂျူလီယာ။
ရေအကျိုးဆယ်ပါးနဲ့ လူစားချင်းလဲပါ။
ပြီးမှ မိုးခိုးခေါင်းတိုင်လို့ ကိုယ့်ကို နာမည်မှတ်ပါ။

နေပိုင်
၀၄း၄၅
၁၇.၀၇.၂၀၁၂

လေး @ ရင်ဘတ် . လေး



ပြတင်းပေါက်မှန်တွေက ကိုယ့်စိတ်ကို ထောင့်မှန်ကျနေတယ်။
လေး ကိုမမြင်ရတဲ့နေ့မှာ ကိုယ်လည်း လေးနေတယ်။
ကိုယ်ဆေးမသောက်ဘူး 'လေး' ။ နံရံကပ်ပန်းချီတွေကလည်း လေး အကြောင်းပဲပြောတယ်။
ကိုယ်လက်ကောက်ဝတ်မှာ လေး အိပ်ဖို့ နာရီတစ်လုံးရှိတယ်။ လေး။
လေးနဲ့ပတ်သက်ရင် ကိုယ့်စိတ်ထဲမှာ လေးနေတယ်။
ကြိုးတိုတိုနဲ့ လှန်ထားလည်း ကိုယ် လေးနေမှာပါပဲ။ လေး။
ဘယ်လိုယုံကြည်မှုမျိုးက ကိုယ့်ကို အနာဖြစ်စေဦးမလဲ။
လေး။ ကိုယ်ဒဏ်ရာမရခင် ကမ္ဘာကြီးကို တစ်ခေါက်လောက်ဖူးချင်သေးတယ်။
လေးရဲ့ပါးပြင်ပေါ်က သနပ်ခါးတစ်ခုစာလောက်ပဲ ကိုယ်ကို ချစ်ပါ။ လေး။
ကမ္ဘာကြီးပူနွေးလာတဲ့နေ့က ကိုယ်လည်း လေး.. လာတယ်။
ပြောရရင် ကဗျာဆရာဆိုတာ လေးလွယ်ပါတယ်။ လေး။
ဒါကြောင့် ကိုယ်လည်း မြေအောက်ရထားအဖြစ် ပြန်ဝင်စားထားတယ်။

မီးရောင်တွေနဲ့ကိုယ် ဆိုက်အဖက်(side effect) ဖြစ်နေတယ်။
အရေပြားကိုရေမွှေးဆွတ်ထားလည်း လေးနေတာပါပဲ။
လေးမရှိတဲ့နေ့ဆို ကိုယ်ဆံပင်တွေသိပ်ရှည်တယ်။
လေး.. ရာပါရောဂါလို့ပဲပြောရမလား။ လေး။

ကိုယ်ခုတလော သိပ်ယားယံလွယ်နေတယ်။
အချစ်ဆိုတာလည်း မူရင်းကောင်းမှ မိတ္တူ စွဲ တာမျိုးပါ။ လေး။

ညဟာ နှစ်ကိုယ်ခွဲထားရင်တောင် လေး..ပါတယ်။ လေး။
အတတ်နိုင်ဆုံးတော့ ကိုယ့်ကိုမချစ်ဘူးလို့ လိမ်ပြောပါ။

နေပိုင်
၁၅.၀၇.၂၀၁၂
၀၄း၀၀

ကျွန်တော်တို့ပုခုံးပေါ်ကအိမ်(၂)



စစ် ဆိုတာဘာလဲသူငယ်ချင်း လို့
လက်တစ်ဆစ်စာ ကျည်ဖူးလေးက
ပုခုံးပုတ်ပြီးမေးလာတယ်...
ဒီအဖြေကိုသိနိုင်တဲ့လူဆိုလို့ နှစ်ယောက်ပဲရှိတယ်
ဟုတ်တယ်.. မင်းရယ်.. ငါရယ်။

တစ်သွေး တစ်သံ တစ်မိန့်လို
ငါ့မှာလည်း အသက်ကတစ်ချောင်းထဲ သူငယ်ချင်း
မင်းသေရမှာမကြောက်ဘူးလားလို့ မင်းမေးတုန်းက
ငါရယ်နေတယ်
မင်းသေရမှာမကြောက်ဘူးလားလို့ ငါမေးရင်လည်း
မင်းရယ်နေပါ...
ကမ္ဘာပေါ်မှာစစ်ကိုလိုလားတဲ့ စစ်သားဆိုတာမရှိဘူးဆိုရင်
အပြင်လူတွေယုံချင်မှယုံမယ်
အပြင်လူတွေဆိုတော့ အထဲမှာဘယ်သူတွေရှိလဲလို့ မင်းမေးချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။

မင်းသိထားတဲ့ဘဝနဲ့ ငါသိထားတဲ့ဘဝဆိုတာ
ထမင်းသိုးဟင်းသိုးကနေ မိုးခါးရေအထိ
သဲဝဲစားရောဂါကနေ ခြေပြတ်လက်ပြတ်အထိ
အောက်ဆီဂျင်ကနေ မိုင်းကွင်းအထိ
ဒီလိုပဲ..
ငါတို့ဘဝဆိုတာ ကိုယ့်ကိုကိုယ်ပြန်လှူထားရတဲ့ မိုးပျံပူဖောင်းလေးတွေလည်းဖြစ်တယ်
(ငါတို့ဆိုပေမဲ့လည်း အများကြီးမဟုတ်ပါဘူး)
ဘယ်သူတွေလဲဆိုတော့..
မင်းရယ်.. ငါရယ်။

ပလက်ဖောင်းပေါ်က ဂစ်တာသံတွေ
စတိတ်ခ်ျရှိုးလက်မှတ်တွေထက်
တရွှတ်ရွှတ်ဖြတ်ပြေးနေတဲ့ကျည်ဆံတွေ
တအုံးအုံးထကွဲနေတဲ့ မိုင်းတွေကို
ငါတို့ခေါင်းအုံးလုပ်အိပ်ကြတယ်
ဒီလိုပြောလို့ ရယ်ချင်ရယ်နေကြလိမ့်မယ်
ရယ်မယ့်လူဆိုလို့လည်း များများစားစားမရှိလှဘူး
အဲဒါ မင်းရယ်.. ငါရယ်။

ငါတို့ဆီမှာ
ဒုက္ခိတတွေ ရှိတယ်
မသန်မစွမ်းတွေရှိတယ်
ခြေပြတ်လက်ပြတ်တွေရှိတယ်
အားငယ်တတ်တဲ့ ဘယ်ဘက်အိပ်ကပ်ကလေးတွေရှိတယ်
သပြေခက်ရှိတယ်

ငါတို့ဆီမှာ
ရေခြားမြေခြားရှိတယ်
ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်း ရှိတယ်
ဝင်သက်ထွက်သက်ကလေးရှိတယ်
ဒုက္ခရှိတယ်
တမလွန်ရှိတယ်

ငါတို့ဆီမှာ
မိုင်ရှည်ခရီးရှိတယ်
ငိုသံတွေရှိတယ်
အိပ်မပျော်တဲ့ညတွေရှိတယ်
သေသွားတဲ့ရဲဘော်တွေရှိတယ်
သေသွားတဲ့ရဲဘော်တွေကို အလေးပြုနေတဲ့လက်တွေရှိတယ်
အလေးပြုနေတဲ့လက်တွေဆိုလို့ ဘယ်သူတွေများလဲလို့ မင်းသိချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။

သေခြင်းတရားက
trailer ပြလေ့မရှိဘူး
သေခြင်းတရားဆိုတာ
မင်းနဲ့ငါတစ်ယောက်တစ်ဝက်သောက်ခဲ့တဲ့
စီးကရက်တစ်လိပ်စာလောက်ပဲ သူငယ်ချင်း
စစ်သားဆိုတာ သေခြင်းတရားနဲ့ပတ်သက်ပြီးလည်း
လူပြောများတတ်သေးတယ်
ပြောမယ့်လူဆိုလို့လည်း နှစ်ယောက်ပဲရှိတယ်
အဲဒါ.. မင်းရယ်.. ငါရယ်။


နေပိုင်
၁၂.၀၃.၂၀၁၂
(တပ်မတော်နေ့အထိမ်းအမှတ်)
(P.S ကဗျာဆရာ ကိုကြည်သက်ဟန်၏ ကဗျာဟန်အား ပြန်လည်ခံစားထားပါသည်)

ကွင်းစကွင်းပိတ်ထဲကနေ့



ပကာသနဆိုလို့ များများစားစားမရှိလှဘူး
အမက်မောဆုံးကတော့
အိပ်မက်ထဲတဆတ်ဆတ်တုန်နေတဲ့ သစ်ရွက်လေးပါပဲ။

စိတ်ထဲချိန်ကိုက်နေတဲ့ ဗာဂျင်းလေးရှိတယ်
လက်ဖြန့်ထားတဲ့ညရေးညတာတွေနဲ့ ညနေလေးနာရီကိုတော့
ကိုယ်ကွင်းခတ်ပစ်လိုက်တယ်
ပုခုံးပေါ်ကို ဆံစတွေဖြတ်သန်းသွားလာပြီးတဲ့နောက်
ကိုယ်ဟာ ခေါင်းအုံးလေးဖြစ်သွားဖူးတယ်။

တကယ်တော့အိပ်မက်ဆိုတာ
ပေါက်ရပြောတတ်တဲ့ ကလေးဆိုးလေးပါပဲ။

မုန့်လင်မယားတွေခေါပစ်ခံလိုက်ရတဲ့ တစ္ဆေဟာ ကိုယ်ပဲလား။
ကိုယ်ဟာ ချောင်ပိတ်ခံထားရရင်တောင် ကုလားသေကုလားမောအိပ်နေတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ။

လက်ဖမိုးပေါ်က အဖြူရောင်ဖောင်းကြွရုပ်လေးဟာ
နံရံပေါ်ကစစ်ပွဲအတွက် အထိန်းအမှတ်
ပဲ့တင်သံကတော့ လှမ်းခေါ်နေတဲ့ကြားက
ထွက်ခွါသွားပြန်ပြီလေ။

နေပိုင်
၂၂.၀၂.၂၀၁၂

Effect တစ်ခုနှင့် ဂန္တဝင်ဆန်ဆန် သေဆုံးခြင်း ကိုယ်တို့



ကောင်းကင်ကို မော့ကြည့်လည်း ဂျူနိုကိုပဲမြင်ရတယ်။
အချိန်ကာလဟာ တစ်နည်းအားဖြင့် shock တစ်ခုဖြစ်သွား
လမ်းလွဲစ digital ရာသီဟာ သိပ်မဝေးပါလားလို့
ခံနိုင်ရည်မဲ့စွာ အသွင်ပြောင်းလဲပစ်တော့မယ့် တေးသွား
"ကိုယ်ဟာ လူယုတ်မာ ဖြစ်ကောင်းဖြစ်မယ်။
ကိုယ်ဟာ ကိုယ့်ဘက်ကိုယ်ယက်တတ်တဲ့ လူယုတ်မာ ဖြစ်ကောင်းဖြစ်မယ်"
အချစ်ဟာ အမျိုးသားရေးမဟုတ်တဲ့အတွက်
ဂျူနိုဟာလည်း ကိုယ်.. ကိုယ်ကျိုးစွန့်ခံမယ့် လက်ကောက်ဝတ်မဟုတ်ဘူး
"ရှင်ဟာလေ ကျွန်မကိုပဲ လိုက်စနေတော့တာပဲ" လို့/သူမ
ကိုယ်ဒဏ်ရာမရခင်က တုန့်ပြန်မှုတစ်ခုကို လိုအပ်ကြည့်ရ
ကောင်းမှန်းမသိဘူး။ ချစ်ရင်ချစ်တယ်လို့ ပြော/ပြီးမှ
ရလက်စ/ပြုစုလက်စ အစအနကို သေသေချာချာ သွေးထွက်ကြည့်
ပြက္ခဒိန်ဟာ ပြဿဒါးသေလို့ဝင်စားလည်း ကိုယ်
သရေအရှုံးပေးပြီးလောင်းမှာပဲ။ ကိုယ်တို့ယုံကြည်မှုဟာ
ကိုယ်တို့လက်ကောက်ဝတ်ထဲမှာပဲရှိတယ်။ အောက်မြောက်ထောင့်အရပ်၌ရှိသော
တွားသွားမှုတစ်ခုနဲ့ လိုက်လျောညီထွေဖြစ်ဖို့
ချွတ်ယွင်းနေခဲ့သလား။

လင်းယုန်ငှက်ကို မိတ်ကပ်သုတ်ပေးစရာအကြောင်း
မရှိဘူး(။)ကိုယ်တို့ နှစ်ယောက်ကလွဲရင်
ယုံကြည်မှုကို သူများအား ပေးမဖတ်ဘူး။
"ဟုတ်တယ်မလား" လို့ နယ်ရုပ်လေးက ကံကြမ္မာကို ခြေတစ်လှမ်းနဲ့
အစား/ခံ ပြတယ်။

ကိုယ်မကြိုက်တဲ့နယ်မြေတွေလည်း တိတ်ဆိတ်
စစ်ပွဲဟာ ကိုယ်တို့သွေးလန့်ဖို့
ဘယ်လည်ချောင်းထဲမှာမှ အသံကောင်းဟစ်မှာမဟုတ်ဘူး။
ထားတော့။ ကိုယ့်ကိုပဲ မင်းချစ်ရမှာ/သင့်တာ
အဆိပ်နဲ့လက်ကောက်ဝတ်ဟာ/မှာ
ပြောင်းပြန်သက်သက် စီးဆင်းတယ်။

နေပိုင်
၁၅.၀၆.၂၀၁၂

Thursday, April 18, 2013

တမ်းတတ



"ရှင့်မျက်လုံးထဲမှာ ကျွန်မကို ထည့်ထားရဲ့လား"
ရှင်က အချစ်ကို ဆေးလိပ်သောက်ခါနီးမှ အသုံးပြုတယ်။
အချစ်ဆိုတာ ရှင်ထင်သလို ကုတင်ပေါ်က ရူးသွပ်မှု
မှမဟုတ်ဘဲ။ ကျွန်မက ပြတ်သားတယ်။ ချစ်တယ်
လို့ပြောတိုင်း အဖြေမတောင်းဘူး။ ပြက္ခဒိန်အစုတ်တွေကို
အတူတူရှိခဲ့တဲ့နွေရာသီတွေထဲ လွှင့်ပစ်လိုက်တော့
ရှင်နဲ့ကျွန်မ အနည်းဆုံးတော့ အနတ္တတွေ ခြားသွားပြီ။
ရှင်က ကမ္ဘာမီးလောင်ရင် ကျွန်မကို ချနင်းဖို့ အချစ်ကို သဲကြိုးလှလှတပ်စီးတယ်။
ကျွန်မ မကြိုက်တာ အဲဒါပဲ။ ရှင်ပြောတဲ့မျှော်လင့်ချက် ခြေကားယားလက်ကားယား
ရှင်သိတဲ့ ဓာတ်တိုင်တချို့လည်း မီးမလင်းတတ်ကြတော့ဘူး။

ရှင်ကမနက်ဖြန်။
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့
နေဝင်ချိန်ဆို သူတောင်းစားအဖြစ်ခံတယ်။
ကျွန်မပြောချင်တာ အဲဒါပဲ။ ကမ္ဘာကြီးအသည်းအသန်ဖြစ်တဲ့နေ့က
ရှင်အိမ်မှာမရှိဘူး။ ရှင်မသိလိုက်ဘူး။
တကယ်တော့ ရှင်က အချိန်မစေ့သေးတဲ့ အသုဘတစ်ခု
မတည့်တာတွေ အလွန်အကျွံစားတယ်။
ပြီးမှ ကျွန်မကိုသတိမရဘဲ ချစ်တယ်လို့ပြောတယ်။
ကျွန်မ အမှားအတွက်...
သေချင်းကောင်းနဲ့ သေပါစေလို့ သံယောဇဉ်ရှိထားတယ်။

နေပိုင်
၁၁.၀၆.၂၀၁၂
၂၃း၃၄

ခြင်ကိုက်လို့



သူ.. ကျွန်မနားမှာ လာပြီး ရစ်သီရစ်သီလုပ်နေတယ်။
ဘယ်လိုမှ ပြောလို့ဆိုလို့ကို မရဘူး။
နည်းနည်းလောက်မှ ဒေါသထွက်ကြောင်းမပြရင် ပွတ်သီးပွတ်သပ်
လုပ်တဲ့အထိ ရောင့်တက်လာရော။ နည်းနည်းလောက်မှောင်လာပြီဆို သူ့
နှာခေါင်းကြီး ကားကားကားကားနဲ့ ရောက်ရောက်လာတယ်။ အဲဒီနှာခေါင်းက
သိပ်စိတ်ပျက်စရာကောင်းတာပါပဲရှင်။ ရောက်လာတဲ့အခါတိုင်းလည်း အပေါင်းနဲ့
အသင်းနဲ့။ ဂစ်တာမပါပေမဲ့ သူ့အသံသေးအသံကြောင်နဲ့ အနှောက်အယှက်
ပေးတော့ အိပ်ရေးပျက်ပေါင်းလည်း များလှပါပြီ။ ကျွန်မအထင်ပြောရရင်
သူ့အဖေနဲ့ အမေက သူ့ကိုမဆုံးမဘူးထင်ပါရဲ့။ (ဒါမှမဟုတ် ဆုံးမလို့မရတာလည်း ဖြစ်နိုင်တယ်)
နောက်ပြီး ကျွန်မကို နှောက်ယှက်သလိုမျိုး တခြားသူတွေကော သူ
နှောက်ယှက်နေကျပဲလား။ ဒီတစ်ခါများ သူပွတ်သီးပွတ်သပ် လာ
လုပ်ရင် အသရေဖျက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ
ပစ်မိတော့မှာ။ ဒီလောက်ခြိမ်းခြောက်လည်း ထူးမယ်မထင်ပါဘူးလေ။ သူက
သတ္တိပဲကောင်းလွန်းတာလား၊ သိပဲမသိတာလား။ ကျွန်မ
လက်ခုပ်တစ်ချက်တီးလိုက်တာနဲ့ သူဘဝပျက်သွားနိုင်တယ်။ သွားကြပါ
ရှင်။ ရှင်တို့ကို ကျွန်မ မနှောက်ယှက်သလို ကျွန်မကိုလည်း ရှင်တို့ မနှောက်ယှက်ကြပါနဲ့။ ဒီလိုမှမဟုတ်ရင်
ရှင်တို့ကို သတ်ရင်သတ် မသတ်ရင် ကျွန်မခြင်ထောင်ထဲ ဝင်လိုက်တော့မယ်။


နေပိုင်
၁၈း၂၈
၂၈.၀၅.၂၀၁၂

ချစ်သူနဲ့ကန်တဲ့ဘောလုံးပွဲ



ဘောလုံးပွဲမှာ ဂျူနိုပါလာရင်
ကိုယ်ဟာ စပေးဘောလုံးမဟုတ်တော့ဘူး။

ဒုတိယပိုင်းမှာ ကိုယ်.. လူစားလဲခံရပါ့မလားလို့ လေဖြတ်နေပြီ။

ကိုယ့်မှာ ..
သူမထုတ်ပြမယ့် ပြက္ခဒိန်တွေကိုကြောက်ရ
သူမ ကန်သွင်းလိုက်မယ့် ပြဿဒါးတွေကိုကြောက်ရနဲ့
သူမ.. ဟာ ကိုယ့်ကိုဂိုးပေါက်ကြီးလို့ထင်နေတယ်။

ကိုယ်ဘယ်လိုအချိန်မျိုးထိ ဖျားနာပေးရဦးမလဲ
လွမ်းတယ်ဆိုတာ ဟန်ဆောင်လှဲချတာလို့သူမ ထင်နေမလား
နာကျင်ချိန် ဆိုတာ ဧပရယ်အတွက် များလွန်းတယ်။

ကိုယ့်ဆီက ဘောလုံးပါသွားတာမဟုတ်ဘူး
ကိုယ့်ဆီ ဘောလုံးကိုရောက်မလာသေးတာ။

ပထမပိုင်းပြီးတဲ့အထိ သူမ.. အသည်းကွဲနေဦးမလား
ဒါမှန်းသိရင် ကိုယ်အဲဒီ့ဘက်ကိုလှဲချခဲ့မိမှာ။

အရှိန်ပြင်းပြင်းနဲ့ ပြေးလာသူတွေ
တစ်ယောက်ပြီးတစ်ယောက် ကိုယ်မြင်နေရတယ်။
သူတို့ကကိုယ့်ကိုမမြင်ဘူး။ ဘောလုံးကိုမြင်တယ်။
ဘောလုံးက သူတို့ကိုမမြင်ဘူး။ ဂိုးပေါက်ကြီးပဲမြင်တယ်။

ခုမှဒုတိယပိုင်းအစပဲရှိသေးတာ
"ကျွန်မ ကို့ ကို သိပ်ချစ်တယ်".. လို့
သူမ ပါးစပ်ပုပ်ကြီးနဲ့ လျှောက်ပြောနေတယ်။


နေပိုင်

ငါမသိချင်ယောင်ဆောင်ထားတယ်ဂျူနို



ပြောင်းပြန်အချိုးကျနေတဲ့ညီမျှခြင်းလေးကို
သွားမနှိုးလိုက်နဲ့ဂျူနို
မနက်ခင်းလေးရောက်မလာခဲ့ရင်တောင်
အိပ်ပျော်နေတဲ့သူ့ကို ပွေ့ထားရင်း
ဆံပင်လေးကို ပွတ်သပ်နှစ်သိမ့်ရင်း
ဒီလိုပဲ ငါအနာရင်းခဲ့တာ။

ဟုတ်တယ် ဂျူနို
အဲဒါတနင်္ဂနွေနေ့လားလို့ ဘာအကြောင်းနဲ့မှ
သံသယဝင်စရာမလိုဘူး ဂျူနို
ဂျူနိုဟာ ငါမဖြစ်နိုင်သလို
စွန်..လွှတ်တဲ့သူက ကောင်းကင်ကစွန်လေးပျော်နေတာကို ငေးနေရသလို
ငါဟာလည်း ဂျူနိုမဖြစ်နိုင်တော့သလို
ငါသိတယ်ဂျူနို
ဆံပင်တွေကိုညှပ် စိတ်တွေမပါစေနဲ့ပေါ့ ဂျူနို။

ဒီအမည်နာမလေးကို
ငါအပိုင်ရချင်တယ်ဂျူနို
ကဗျာဆရာက ကဗျာကို
စာအုပ်ထဲမှာပဲပိုင်သလို
ငါပိုင်ချင်တယ်ဂျူနို...
ပြောရင်းဆိုရင်း နင်ဆံပင်တွေတောင်ရှည်လာပြီနော်
နောက်ဆုံးဓာတ်ပုံထဲမှာတော့နည်းနည်းပိန်သွားသလိုပဲဂျူနို
ဒါနဲ့
နင့်မျှော်လင့်ချက်တွေကို ငါရဲရဲတင်းတင်းပဲဆုပ်ကိုင်လိုက်တယ်
ဂျူနို...
အမှတ်တရဆိုတာ ဒဏ်ရာရဲ့နာမည်ပြောင်လား
ငါထင်တော့ထင်ပါတယ်...
ကဗျာလေးက ကဗျာဆရာကိုမချစ်ဘူးလို့
ငါထင်ပါတယ်
အသည်းကွဲတယ်ဆိုတာ ဝဋ်နာကံနာလို့
ငါထင်ပါတယ်
နင်မချစ်နိုင်တော့မယ်သူဟာလည်း
ငါထင်ပါတယ်ဂျူနို။

ပုံပြင်တွေကို ရေစင်အောင်ဆေးပါဂျူနို
လမ်းခွဲရောက်တိုင်း ဘုရားစာရွတ်စေချင်တယ်
နင်ကြိုက်တဲ့ ကော်ဖီခါးခါးတွေကပဲ ငါ့ကိုခါးသွားစေတာမျိုးလားဂျူနို
မဟုတ်ဘူး မဟုတ်ဘူး
ငါဘယ်လိုမှလက်ခံလို့မရနိုင်ဘူး ဂျူနို
ဂျူနို တစ်ခုခုတော့ပြန်ပြောပါဦးဂျူနို
မဟုတ်ဘူးလို့ ပြန်ပြောပါဦး
ငါပြောရင်နင်မယုံပေမဲ့
နင်ပြောရင် ငါယုံမှာပါဂျူနို။

အချစ်ဆိုတာ မကြေငြာပဲတိုက်တဲ့စစ်ပွဲပဲ ဂျူနို
မျှော်လင့်ချက်ကတော့ ခြေတစ်ဖက်လက်တစ်ဖက် ပြတ်သွားခဲ့ပြီ
နင်သိလားဂျူနို
ဟိုနားမှာထိုင်နေတဲ့ ဒဏ်ရာက
နင်မရှိတဲ့ ကွန်ပြူတာရှေ့ကငါ့လောက် ရုပ်မဆိုးဘူးဂျူနို
အက်အိတွဲကျနေတဲ့ တံခါးခေါက်သံတွေအစား
ပင်လယ်တွေဆီ လှိုင်းလုံးတွေနဲ့ပဲ လိုက်သွားရတော့မှာလား ဂျူနို
ငါဟာ ငါမဟုတ်တော့တဲ့အခါ ဂျူနိုလို့ခေါ်ပါဂျူနို
ငါသေသွားတဲ့အခါ
နှင်းဆီပွင့်လေးကို အသည်းကွဲရောင်သုတ်ပြီး
ငါ့အုတ်ဂူမှာ ထိုးထားပေးပါဂျူနို
ငါ့ကို မမှတ်မိရင်တောင် နှင်းဆီလေးကိုတော့ မှတ်မိပါ ဂျူနို။

ဖေဖော်ဝါရီကိုစိတ်မပူပါနဲ့ဂျူနို
(ငါ့ကိစ္စထား)
ငါတော့လိုက်မပို့တော့ဘူးဂျူနို
နင်သာ ဒီဇင်ဘာကိုရောက်အောင်သွား
လက်ပြဖို့သာမမေ့နဲ့ဂျူနို။

သက်တန့်တွေနဲ့ပတ်သက်လို့ နင်ဘယ်လိုသဘောရလဲ ဂျူနို
အဲဒါငါငယ်ငယ်က ဓာတ်ပုံတွေပဲဂျူနို
တဖြည်းဖြည်း
ရေတွေကြီးလိုက် ။ အသက်တွေကြီးလိုက်။
မိုးတွေခေါင်လိုက်။ အတွေးတွေခေါင်လိုက်။
မီးတောင်တွေပေါက်လိုက်။ စိတ်တွေအချဉ်ပေါက်လိုက်။
တကယ်တော့..
ကမ္ဘာကြီးပူနွေးလာတာ ငါ့ကြောင့်မဟုတ်ဘူး ဂျူနို။


နေပိုင်
၀၄.၀၂.၂၀၁၂

Wednesday, April 10, 2013

အိပ်မက်ကလေးပဲ ဖြစ်မယ် မောင်



တမလွန်ဆိုတာ မိုးရွာလေ့ရှိသလား မောင်။
အချိန်တိုတိုလေးမှာပဲ မောင့်ရဲ့ဝင်သက်ထွက်သက်ကလေးလည်း တိုသွားတယ်။
ဘယ်လိုဘုရားသခင်ရဲ့လက်မျိုးနဲ့မှ စစ်ပွဲတွေကို သတ်လို့ရမလဲ။

အိပ်မက်ကလေးလည်း ဖြစ်မယ်မောင်။
အိပ်မက်ဆိုတာလည်း အိမ်ထဲမှာပဲရှိလိမ့်မယ်။
မောင်မမြင်ဖူးတဲ့သားလေးက မောင့်ကိုလည်းမြင်ဖူးမှာမဟုတ်ဘူး။
ဒါမင်းဖေဖေလို့ ဓာတ်ပုံကလေးပြမိတဲ့အခါ
ကလေးပြန်ပြောမယ့်စကားတွေက ကျွန်မအတွက် အလျော်အစားလည်းကြီးမယ် မောင်။

ရန်ကုန်မှာမိုးရွာတဲ့နေ့က မောင်ကျွန်မဆီ ပြန်လာတယ်။
လက်နှစ်ဖက်ပါမလာဘူး။
မောင်ကျွန်မဆီ ပြန်လာတယ်။
ခြေထောက်နှစ်ဖက်ပါမလာဘူး။
မောင်ကျွန်မဆီပြန်လာတယ်။
ခန္ဓာကိုယ်တစ်ခုလုံးပါမလာဘူး။
မောင်ကျွန်မဆီပြန်လာတယ်။
ဝင်သက်ထွက်သက်ကလေး ပါမလာဘူး။
ဒါပေမဲ့ မောင်ကျွန်မဆီပြန်လာခဲ့တယ် မောင်။

ကျွန်မက စစ်ပွဲတွေကိုမုန်းပြီး စစ်သားတွေကို ချစ်တယ် မောင်။
စစ်ပွဲတွေက စစ်သားတွေကို သတ်တယ်။
ပြီးတော့ မောင့်ကို သတ်တယ်။
မမျှော်လင့်တဲ့ကံကြမ္မာက ကျွန်မမျှော်လင့်ချက်ကလေးကို ဝင်တိုက်သွားတယ်။
မောင်ပြန်လာခဲ့သလိုပဲ ကျွန်မဆီ မောင်ပြန်လာတယ်။
အိပ်မက်ကလေးပဲဖြစ်မယ် မောင်။

နေပိုင်

Wednesday, April 3, 2013

ကျောင်းမဖွင့်မီ

ကျောင်းတံခါးများ ဖွင့်ထားခြင်းသည်

ကျောင်းတံခါးများ ဖွင့်ထားခြင်းသည် အကျဉ်းထောင်တံခါးများ ပိတ်ထားခြင်းပင်ဖြစ်သည်ဟူသော အနောက်တိုင်းစကားပုံတစ်ခုသည် ဤဇာတ်လမ်းနှင့် မသက်ဆိုင်ပါကြောင်း။ ---နေပိုင်---

**********

ဇနီးဖြစ်သူ ဆုံးပါးသွားခြင်းက ကိုကြင်ဆောင်အတွက် အကြီးမားဆုံး ထိုးနှက်ချက်ပင်ဖြစ်ခဲ့သည်။ လူလားပင် မမြောက်သေးသော သားလေးအတွက်သာ သူအလုပ်ထဲတွင် စိတ်ကို နှစ်ထားခဲ့သည်။ မိတဆိုးသားလေးဖြစ်သော်လည်း သားလေးအား တင့်တင့်တယ်တယ်ထားနိုင်ရင် ပိုက်ဆံသာ အသည်းအသန်ရှာရင်း အချိန်တွေ ကုန်ခဲ့သည်။ ဇနီး ဆုံးပါးသွားသည့်ကိစ္စက ထင်သလောက်မေ့ဖျောက်ရန် မလွယ်လှ။ သားလေးနှင့်သူ တရင်းတနှီးနေမိတိုင်း သူ့ဇနီးကို သူသတိရတတ်သည်။

ကိုကြင်ဆောင်က စီးပွါးအရှာကောင်းသည်။ အသောက်အစားကင်းသည်။ လိမ္မာပါးနပ်သည်။ ကုန်သွယ် ပွဲစားအလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်သည်။ သူစီးပွါးအရှာကောင်းသောကြောင့်ပင် မိသားစုကို လိုလေသေးမရှိထားနိုင်သည်။ ပြည့်ပြည့်စုံစုံထားနိုင်သည်။ ကိုယ်တိုင်ကလည်း ဆွေးမျိုးရင်းချာအလွန်နည်းပါး ဇနီးဖြစ်သူကလည်း မိဘနှစ်ပါးအပြင် တခြားမရှိ။ ထို့ကြောင့်ပင် ဇနီးဖြစ်သူ၏ မိဘနှစ်ပါးကို သူတို့နှင့်အတူ ခေါ်ထားသည်။ အိမ်တွင် အခန့်သားနေစေ၍ စီးပွါးကို သူတစ်ယောက်တည်းရှာသည်။ မိန်းမဖြစ်သူက ကိုကြင်ဆောင်လောက် မလည်ဝယ်သော်လည်း အိမ်မှုကိစ္စ အဝဝနှင့် သားလေး၏ ဝေယျာဝစ္စများ မိဘနှစ်ပါး၏ ဝေယျာဝစ္စများလောက်တော့ သူမ လုပ်နေကျ အလုပ်ပင်ဖြစ်သည်။

မမျှော်လင့်ပါဘဲ ဇနီးဖြစ်သူ ဆုံးပါးသွားသည့်အချိန်မှစ၍ ကိုကြင်ဆောင်တစ်ယောက် အလုပ်ထဲတွင်သာ စိတ်ကိုနှစ်ထားလိုက်သည်။ ယခင်က ကိုယ်စားလှယ်ဖြင့်လွှဲထားသော ကိစ္စများကို ယခုအခါ သူကိုယ်တိုင် နယ်တကာလှည့်၍ လုပ်ကိုင်သည်။ စီးပွါးကိုပိုရှာသည်။ တခါတရံ မိသားစုဝင်တစ်ယောက် လျော့သွားသောအိမ်အတွက် စီးပွါးပိုရှာနေမိသည်ကိုပင် သူရယ်မောမိ၏။ သို့သော် စိတ်ထဲတွင်မပျော်။ ဇနီးဖြစ်သူအား မေ့မေ့ပျောက်ပျောက်မဖြစ်။ စိတ်ပိုင်းဖြတ်မရသည့်အဆုံး သူတို့နေထိုင်ရာ မြို့ငယ်လေးအား စွန့်ခွါကာ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လိုက်၏။

ရန်ကုန်တွင် အစစအရာရာ စရိတ်စက ကြီးသည်။ အဆက်အသွယ်နှင့် အိမ်ဝယ်ရသည်။ ရန်ကုန်အိမ်ဖြစ်သောကြောင့် တိုက်ခန်းဖြစ်သည်။ စမ်းချောင်းထဲတွင်ဖြစ်သည်။ အချက်အချာကျသော နေရာဖြစ်သော်လည်း လှည်းတန်းလိုမျိုး ဆူဆူညံညံမရှိလှ။ ဆိတ်ငြိမ်ရပ်ကွက်မျိုးဖြစ်သည်။ 

အိမ်ဝယ်ပြီးသော်လည်း အသင့်ပြောင်းနေရန်မဖြစ်သေး။ အိမ်ကို ပြင်ဆင်ရသေးသည်။ ကြမ်းခင်းခင်းရသည်။ လက်သမားများနှင့် စကားပြောရသည်။ နံရံကို ပတ်တီးကိုင်ကာ ဆေးသုတ်ရသည်။ အခန်းဖွဲ့ရသည်။ တစ်ယောက်တည်းအလုပ်ရှတ်နေရသည်။ မိန်းမကို ထပ်ပင်သတိရမိနေသေး၏။ ဇနီးဖြစ်သူသာ အနားမှာရှိလျှင် တိုင်တိုင်ပင်ပင်နှင့် ပျော်စရာကောင်းမည်မဟုတ်လား။ ခုတော့ တစ်ယောက်တည်းသာ အလုပ်ရှုတ်နေရ၏။ ဆယ့်ငါးရက် ရက်နှစ်ဆယ်အတွင်း အသင့်ဖြစ်သွား၏။ သူတို့မိသားစုလိုက် ပြောင်းလာကြကာ အခြေချ နေထိုင်ကြ၏။

**********

ဒန်ပေါက်ထဲသို့ ငံပြာရည်ကြော်ထည့်၏။ ဇွန်းနှင့်အလှခပ်ကာ ပါးစပ်ထဲသို့ထည့်၏။ ထို့နောက် ချဉ်ပေါင်ဟင်းချိုအား မွှေခပ်၏။ ငရုပ်သီးအစိမ်းတောင့်ကလေးပါလာသောကြောင့် ပန်းကန်ထဲပြန်ထည့်၏။ ထို့နောက် ငရုပ်သီးမပါအောင် ပြန်ခပ်၏။ နှုတ်ခမ်းနားတေ့ကာ အသာမှုတ်သောက်၏။

“ချဉ်ပေါင်ဟင်းချိုတော်တော်ကောင်တာပဲဗျ ။ ဘယ်ဆိုင်က မှာတာလဲ”

“ဒန်ပေါက်ပဲမှာတာ ချဉ်ပေါင်ဟင်းချိုက မေမေချက်တာလေ။ အအီပြေလေးပေါ့”

“ဟုတ်တယ်။ ဒန်ပေါက်ချည်းသက်သက်ဆို အီနေမှာ။ ချဉ်ပေါင်ဟင်းချိုဆိုပေမယ့် ကျွန်မက အစပ်ကလေးပါထည့်ချက်တာ။”

“ကြီးကြီး အဲ့ဒါဘယ်လိုချက်လဲ ဟင်းချိုက သာမန် အချိုမှုန့်ထည့်လို့ ချိုပုံနဲ့မတူဘူး”

မေမေ ပြုံး၏။ ရန်ကုန်ရောက်ပြီးပြီးချင်း ပထမဆုံးအလှူအဖြစ် အိမ်တက်ပွဲတွင် မေမေ၏ ချဉ်ပေါင်ဟင်းချိုအား လူတိုင်းက ချီးမွမ်းခန်းဖွင့်ကြ၏။ မေမေရော ကိုကြင်ဆောင်ပါ ပျော်ရသည်။

“ဒီလိုကွယ့် ကြီးကြီးက အချိုမှုန့်သိပ်မသုံးဘူး။ လွယ်လွယ်လေးပါ။ အိုးထဲကို ရေထည့်။ ချဉ်ပေါင်ရွက်ခြွေထည့်။ ပုစွန်ခြောက်ထည့်။ အကောင်ဖြစ်ဖြစ် အမှုန့်ဖြစ်ဖြစ်ပေါ့နော်။ ပြီးရင် အချိုမှုန့်နည်းနည်းလေးထည့် ဆားထည့်။ ပြီးရင် ငရုပ်သီးအစိမ်းတောင့်ကလေး ဗိုက်ခွဲပြီးထည့်။ ဆူရင်ရပြီ”

နားထောင်နေသူကောင်မလေးက သြော်ဟု ခပ်တိုးတိုးရေရွတ်သည်။

“ဖွားဖွားက ကြေးအိုးချက်တာလည်းကောင်းတယ်”

“ဟုတ်လားသားသားရဲ့”

ကိုကြင်ဆောင်၏ သားက ခေါင်းညိတ်ပြ၏။ နားထောင်နေသူအမျိုးသမီးက မေး၏။

“ကြေးအိုးကကော ဘယ်လိုချက်တာလဲ ကြီးကြီး”

“ကြေးအိုးကလည်းမခက်ပါဘူးကွယ်။ ကြေးအိုးလို့သာပြောတာပါ။ ဝက်အရိုးတွေပြုတ်။ ပြုတ်ထားတဲ့အရည်ထဲ ဆားထည့်အချိုမှုန့်ထည့်။ ပြုတ်ထားတုန်းမှာ ဝက်သားကို ဆားအချိုမှုန့်နယ်ပြီးလုံးထား။ နနွင်းမှုန့်တော့ထည့်မလုံးရဘူး။ ဂျုံမှုန့်လေးတော့ နည်းနည်းထည့်ရတယ်။ ဒါမှအသားတွေ ဖွါမထွက်ကုန်မှာလေ။ ပြီးရင် ခုနက ဝက်ရိုးပြုတ်ထားတဲ့ထဲကို ထည့်။ ဆားအချိုမှုန့်အပေါ့အငန်ထည့်။ ဆူလာပြီဆိုရင် ထိုင်ဝမ်မုန့်ညှင်းအုပ်လိုက်။ အဲ ကြာဇံကိုတော့ အစထဲက ရေစိမ်ထားပေါ့။ စားခါနီးထည့်စားရုံပဲ”

နားထောင်နေသူအပေါင်းက အင်မတန်မှ သဘောကျကြ၏။ ဧည့်သည်တော့ များများစားစားမရှိလှ။ သူတို့နေထိုင်ရာ တိုက်ခန်းမှ အခန်းစေ့နှင့် ရန်ကုန်မှ ကိုကြင်ဆောင်၏ မိတ်ဆွေတချို့သာ လာရောက်ချီးမြှင့်ကြ၏။

“သားလေးက ဘယ်နှတန်းရောက်ပြီလဲ”

“သုံးတန်းပါခင်ဗျ”

သားငယ်က မိခင်၏ အုပ်ထိန်းမှုအောက်တွင် ရှိခဲ့သည်မို့ အပြောအဆို အင်မတန် လိမ္မာရေးခြားရှိသည်။ လက်သုံးချောင်းထောင်က ရိုရိုသေသေပင် ပြန်ဖြေ၏။

“ကိုကြင်ဆောင်တို့ ကလေး ကျောင်းနေဖို့ဘာညာကော စုံစမ်းပြီးပြီလားဗျ”

ကိုကြင်ဆောင် သတိရသွားဟန်နှင့်

“ဟုတ်ပါ့ဗျာ မေ့နေတာ ကျောင်းအပ်ဖို့ဘာညာက ဘာမှ မလုပ်ရသေးဘူး။ ကျွန်တော်ကလည်း ဒီရက်ထဲ ခရီးထွက်ဖို့ရှိသေးတယ်.. ပြန်လာမှပဲ”

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးက လက်ကောက်တွေပြည့်နေအောင် ဝတ်ထားသော လက်ကိုခါရင်း သူမဘေးတွင်ထိုင်နေသော ကလေးကို ခေါင်းလေးပွတ်ကာပြော၏။

“ကျွန်မကတော့ သမီးလေးကို TTC မှာထားတယ်လေ။ အဲ့ဒီ့ကျောင်းက ရန်ကုန်မှာတော့နာမည်ကြီးပဲ။ နောက်ပြီး ဒဂုံတစ်တို့ဘာတို့လည်း မဆိုးပါဘူး တော့ပ်တန်းစာရင်းဝင်တယ်”

ကိုကြင်ဆောင် ပါးစပ်အဟောင်းသားနှင့်သာ နားထောင်နေရ၏။ ဟုတ်လည်းဟုတ်ပေသည်။ ယခင်က ကလေးကျောင်းအပ်သည့်ကိစ္စဘာညာဆိုတာ သူမလုပ်ခဲ့ဖူး။ ဇနီးဖြစ်သူသာ ဒိုင်ခံဖြေရှင်းခဲ့သောကိစ္စမျိုး ဖြစ်သည်။ ယခုတော့ သူ့အပေါ်ပင် ပုံကျလာပြီ။ နွေကျောင်းပိတ်ရက်ကလည်း ကုန်တော့မည်။ ဟုတ်သည်။ သားလေးကိုကျောင်းအပ်ရဦးမည်။

**********

“ဟဲလို .. မေမေလား”

“သြော် အေး ဟုတ်တယ် သား ။ မင်းအလုပ်တွေ အဆင်ပြေရဲ့လား”

တကယ်တော့ ကိုယ်ကြင်ဆောင် အလုပ်အဆင်မပြေ။ ကိုယ်စားလှယ်လွှဲထားသူနှင့် သူ့ကြားမှာ ပြဿနာရှိနေသည်။ ကုန်ပစ္စည်းဝယ်မည့် ဝယ်လက်တွေက ကိုယ်စားလှယ်၏ ဖျံကျမှုကြောင့် ရှောင်နေကြသည်။ ထို့ကြောင့်ပင် သူရန်ကုန်မှခရီးဝေးထွက်လာခဲ့ရသည်မဟုတ်ပါလား။ သူမေမေ့ကို ညာပြောရတော့မည်။ အမှန်အတိုင်းပြောမိလျှင်ကော မေမေစိတ်မကောင်းဖြစ်ရသည်မှလွဲ၍ ဘာများပိုထူးခြားလာမည်လဲ။

“အဆင်ပြေပါတယ်မေမေ။ ဒါပေမယ့် တလက်စာတည်း အလုပ်ကလေးတွေဖြတ်လိုက်ချင်လို့ သားဒီမှာ တစ်ပတ်လောက်ကြာဦးမယ်”

“ဟယ်.. သားရေ။ ငါ့မြေးလေးကို ကျောင်းအပ်ရဦးမယ်လေ။”

ကိုကြင်ဆောင် ချွေးပျံသွား၏။ ဟုတ်သည်။ အလှူလုပ်သည့်နေ့က သူသတိရသည်။ နောက်တော့ အမှုမဲ့အမှတ်မဲ့နှင့် မေ့သွားခဲ့သည်။ ယခင်ကတည်းက သူလုပ်နေကျအလုပ်မဟုတ်သောကြောင့်လည်းဖြစ်မည်။

“ကျွန်တော်ပြန်လာဖို့မဖြစ်နိုင်သေးဘူး မေမေ။ မေမေပဲသွားအပ်လိုက်ပါလား”

“အေးအေး ငါလည်း လိုက်တော့မေးထားတာပဲ ဘာတဲ့ အီးပီစီဆိုလား”

“ဗျာ ဘာလဲမေမေ အီးပီစီဆိုတာ..”

“ဟိုလေ.. အလှူလုပ်တဲ့နေ့က မြေညီထပ်က ကောင်မလေးတက်နေတယ်ဆိုတဲ့ကျောင်းလေ”

“အာ.. TTC ပါအမေရဲ့”
“သြော်အေး ဟုတ်သား နောက်ပြီးရှိပါသေးတယ်။ တံခွန် တစ် ဆိုလား”

“ဒဂုံတစ်ပါမေမေရာ.. ဒဂုံမြို့နယ် အမှတ်တစ် အခြေခံပညာ အထက်တန်းကျောင်း ကိုပြောတာ”

မိခင်ဖြစ်သူက တဟားဟားနှင့်ရယ်မောနေ၏။

“စိတ်ချပါသားရယ် နောက်ဆံမတင်းနဲ့။ အလုပ်အဆင်ပြေအောင်သာလုပ် ။ ကလေးကို မေမေပဲကျောင်းသွားအပ်လိုက်မယ်”

“ဟုတ်ကဲ့မေမေ”

ဖုန်းချသွားသော်လည်း မောဟိုက်ကျန်ခဲ့သလို ခံစားရ၏။ အလုပ်အဆင်မပြေပါ။ သို့သော် အဆင်ပြေပါတယ်လို့ မေမေ့အား လိမ်ပြောလိုက်ရသည်။ ရည်ရွယ်ချက်ပါပါ လိမ်ပြောလိုက်ရသည်။ သို့သော် ထိုသို့လိမ်ပြောခြင်းသည် မိခင်အားစိတ်ချမ်းသာစေသည်။ ထိုကဲ့သို့သောလိမ်လည်မှုမျိုးသည် ငရဲကြီးသလား မကြီးဘူးလားဟု ကိုကြင်ဆောင် ဆက်တွေးနေမိ၏။

**********

ခန်းနားထည်ဝါသော ကျောင်းဆောင်အောက်ထဲသို့ ဒေါ်ခင်ကြည် ဝင်လိုက်သည်။ ဆရာမများ ကျောင်းလာအပ်သူမိဘများ ကလေးငယ်များနှင့် ဆူညံနေကြ၏။ ကလေးအားလက်ဆွဲရင်း ကျောင်းအပ်ရမည့် အတန်းပိုင်ဆရာမအား လိုက်ရှာ၏။ အနည်းငယ်ကသီလင်တ နိုင်လှသော်လည်း သိပ်မကြာမီမှာပင် ရှာတွေ့၏။

“ဆရာမလေး အဖွားမြေးလေးကို ကျောင်းအပ်ချင်လို့ပါ”

ဆရာမလေးဆိုသူက မော့ကြည့်၏။

“ဘယ်နှတန်းလဲ”

“သုံးတန်းပါဆရာမ”

ဆရာမလေးကခေါင်းညိတ်ပြ၏။

“ကျောင်းသားသစ်လား။ ဟိုဘက်ကျောင်းက အောင်မြင်ကြောင်းထောက်ခံစာနဲ့ ကျောင်းထွက်လက်မှတ် ပါလာလား”

ဒေါ်ခင်ကြည်က အသင့်ဆောင်ထားသော စာရွက်များအား ထုတ်ပေး၏။ ဆရာမလေးဆိုသူက ဖတ်ကြည့်၏။ ထို့နောက် စာရင်းစာရွက်တချို့ပြန်ပေး၏။

“ဒီဖောင်ကို ဖြည့်လိုက်ပါ။ နောက်ပြီးဒါက ကျောင်းအပ်ရင်ကုန်ကျမယ့်စားရိတ်။”

ဒေါ်ခင်ကြည် ဖတ်ကြည့်လိုက်၏။ ငါးထောင့် ခြောက်ရာ့ ခုနစ်ဆယ် ကျပ်။ ဒေါ်ခင်ကြည် ဖောင်ဖြည့်ရန် လှည့်ထွက်မည်အပြု။

“အလှူငွေဘယ်လောက်ထည့်မှာလဲမသိဘူး”

ဆရာမလေးက လေသံမှန်မှန်နှင့် မေး၏။ သြော် အင်းဟုတ်သားပဲဟု ဒေါ်ခင်ကြည် ရေရွတ်၏။ ထို့နောက် တစ်သောင်းတန်သုံးရွက်အား စားပွဲပေါ်တွင်ချပေး၏။

“ရှင်လာနောက်နေတာလား”

ဒေါ်ခင်ကြည်ကြောင်တောင်တောင်ဖြစ်သွား၏။

“ကျွန်မ ဘာနောက်လို့လဲ ဆရာမလေးရယ်။”

“ဒီကျောင်းမှာလာအပ်တဲ့ကျောင်းသားမှန်သမျှဟာ အလှူငွေ အနည်းလေး ဆယ်သိန်းနဲ့အထက် ထည့်သွားကြတာချည်းပဲ။ ပိုက်ဆံလေးသုံးသောင်းနဲ့တော့ ကျွန်မ ဖောင်မပေးနိုင်ဘူး”

“စာသင်မယ့်ဆရာမတွေက နိုင်ငံခြားဆိုတဲ့နေရာတွေကလာတာမို့လို့များလားကွယ်”

“မဟုတ်ပါဘူး ကျွန်မတို့ပဲသင်မှာပါ”

ပြောရင်း ဒေါ်ခင်ကြည်၏လက်မှ ဖောင်အား ပြန်ယူ၏။ ဒေါ်ခင်ကြည်ဘာပြောရမှန်းမသိတော့။

“ဖွားဖွား ဘာဖြစ်လို့လဲ”

“အလှူငွေနည်းလို့တဲ့သားရယ်”

ကလေးဖြစ်သူက ဆရာမအား လှမ်းပြော၏။

“ဆရာမ သားဖိုးလေးနဲ့ ဘုရားအလှူခံဆိုတာလိုက်သွားဖူးတယ်။ ထန်းလျက်ခဲလည်း စားရတယ်။ ရေနွေးလည်းသောက်ရတယ်။ အလှူလှူတဲ့လူတွေက ပိုက်ဆံအကြွေဆိုမှလှူကြတာ။ သားဖွားဖွားက သုံးသောင်းတောင် လှူထားတာကို များတောင် များနေသေးတာမဟုတ်ဘူးလား”

ဆရာမလေးမှာ ကြောင်အမ်းအမ်းဖြစ်သွား၏။ သို့သော် ကလေးကို တုန့်ပြန်မနေတော့။

“အဖွားရယ် ဒါက ကျွန်မတို့ကျောင်းရဲ့အစဉ်အလာပါ။ စိတ်မရှိပါနဲ့ရှင်”

“ကြားမကြားဖူးပေါင်တော် .. အလှူကို ကန့်သတ်ပြီးလှူခိုင်းတာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။ လာမြေးလေး ဒဂုံတစ် ဆိုတဲ့ကျောင်းသွားမယ်။”

ဒဂုံတစ်လည်း ဘာထူးမှာလဲ ဟူသည့်အဓိပ္ပါယ်မျိုးနှင့် ဆရာမလေးက မဲ့ပြုံးပြုံး၏။ ဒေါ်ခင်ကြည် ကလေးကိုလက်ဆွဲပြီး ကျောင်းအပြင်သို့ ထွက်လာခဲ့လိုက်၏။ ကျောင်းအထွက်နား ဆိုင်းဘုတ်တစ်ခုအောက်တွင် မိဘနှစ်ယောက်စကားပြောနေသံ တိုးတိုးကြားရ၏။ သားဖြစ်သူက အင်္ဂလိပ်စာညံ့ကြောင်း။ ထို့ကြောင့် အတန်းထဲတွင် အဆင့်နိမ့်ကျနေကြောင်း။ ထို့နောက် အတန်းပိုင်ဆရာမနှင့် ကျူရှင်ထားလိုက်ကြောင်း။ အတန်းပိုင်ဆရာမဆိုသည်မှာ သိပ္ပံဆရာမဖြစ်သော်လည်း ကျူရှင်ထားပြီးသည့်နောက် အမှတ်များအဆင့်များကောင်းလာကြောင်း ကြားရ၏။ ရန်ကုန်တွင် ဒေါ်ခင်ကြည် နားမလည်နိုင်သည့်အရာများမှာ များလွန်းလှ၏။ ညကျမှ သားကို ထိုအကြောင်းတွေပြောတော့ ပြောပြရဦးမည်။
လမ်းမပေါ်သို့ထွက်ပြီး ထိုကျောင်းကြီးအား အမြင်ကပ်ကပ်နှင့် နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်၏။ ခုနကဖြတ်ကျော်ခဲ့သော ဆိုင်းဘုတ်ကြီးတွင် ရေးသားထားသော စာတန်းအား နားမလည်နိုင်စွာ တွေ့ရလေသည်။

“ကျောင်းသို့သာ ရောက်အောင် လာခဲ့ပါ”


နေပိုင်
၀၅ ဖေဖော်ဝါရီ ၂၀၁၃
၀၁း၁၅

အချစ်

ညဘက်စောစော မအိပ်တတ်သည့် အကျင့်ကလည်း ဆိုးသည်။ ဒါတင်မက မနက်စောစောမှ အိပ်တတ်သည့် အကျင့်ကလည်း ဆိုးသည်။ ပြတင်းပေါက်က လေတလှပ်လှပ်နှင့် အပြင်ကိုငေးကြည့်လိုက်တော့ မလှမ်းမကမ်းက မီးပွိုင့်ကိုတွေ့ရသည်။ ညက ညဥ့်နက်နေပြီဆိုတော့ လူသွားလူလာပင်မရှိတော့။ မီးပွိုင့်တွင် လူရုပ်ကလေး မီးနီနေသည်။ ဖြတ်ကူးမည့်လူမရှိ။ ရပ်စောင့်နေမည့်လူမရှိ။ ဟော…။ ခဏနေတော့ လူရုပ်ကလေး အစိမ်းရောင်ပြောင်းသွားပြန်သည်။ ဒါလည်း ဖြတ်သွားမည့်လူမရှိ။ ရပ်စောင့်မည့်လူမရှိ။

ဆရာမဂျူး၏ အချစ်ရဲ့အလှ အချစ်ရဲ့အရသာ ဝတ္ထုတိုအားပြန်သတိရမိသည်။ မီးပွိုင့်လေးက လူရုပ်ကလေးကော ချစ်တတ်ပါသလား။ အချစ်သည် မီးပွိုင့်နှင့်တူ၏။ ရပ်စောင့်မည့်လူမရှိ ဖြတ်သွားမည့်လူမရှိ။ သို့သော် အချိန်တန်လျှင် သူ့ဟာသူအရောင်ပြောင်းလဲသွားလိမ့်မည်။ ဟော…။ အိပ်မပျော်သည့်ညက ဒါမျိုးကျတော့လည်း ကောင်းနေတာပဲ။ အတွေးတစ်ခုရလိုက်သည်။

မီးပွိုင့်ကအကြည့်အား အခန်းထဲပြန်ထည့်လိုက်တော့ ကော်ပေတံ အဟောင်းလေး တစ်ချောင်းအားတွေ့ရသည်။ ပေတံက အဟောင်းလေးမို့ ဆေးသားတွေက ခပ်ဝါးဝါး။ ဆရာမ ဂျူး၏ ဝတ္ထုတိုလေးအား ထပ်သတိရပြန်သည်။ ကော်ပေတံအဟောင်းလေးမှာကော အချစ်ရှိလား။ တနည်းအားဖြင့် သူကော ချစ်တတ်သလား။ ချစ်တတ်သည့်တိုင် ကျွန်တော့်လို သူအိပ်ရေးပျက်ခံနိုင်မလား။

ကော်ပေတံအဟောင်းလေးရဲ့တန်ဖိုးကို ကျွန်တော်တို့ မည်သည်ဖြင့်သတ်မှတ်ကြမလဲ။ အစိပ်အကျဲ မတူညီသော အကွာအဝေးအတိုင်းအတာများ ကျွန်တော် မြင်ရသည်။ အချစ်သည်လည်း ဤသို့ပင်ဖြစ်လိမ့်မည်။ အကွာအဝေး အစိပ်အကျဲမတူညီမှုများကြားက မသိကိန်းလေး တစ်လုံး။ အချစ်သည် ကော်ပေတံလေး၏ ဟောင်းနွမ်းမှုနှင့်လည်း မသက်ဆိုင်။ အကွာအဝေးအတိုင်းအတာများနှင့်လည်း မသက်ဆိုင်။ အချစ်သည် အချစ်သာဖြစ်၏။ ကော်ပေတံအဟောင်းလေးကို လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ ဟော..။ ဒါကော ကျွန်တော် သူ့ကိုပိုင်ဆိုင်သွားရောလား။ မဟုတ်။ ပေတံကလေးကို ကျွန်တော်ပိုင်ချင်ပိုင်မည်။ သူ့အပေါ်က သတ်မှတ်ချက်တွေ အကွာအဝေးတွေကို ကျွန်တော် ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။ အချစ်သည်လည်း ဤသို့ပင်။

ကျွန်တော့်အစ်မ မဇော်နှင့် စကားစမြည်ပြောဖူးသည်။ မှတ်မှတ်ရရသူကမေးဖူးသည်။ လူတစ်ယောက်ကို ချစ်မိဖို့ ဘာတွေလိုမလဲ.. တဲ့။ ဒီမေးခွန်းကို ကျွန်တော် ဖြေဖို့အတွက် သူ့ကို ကျွန်တော် မေးခွန်းပြန်ထုတ်ရသည်။ လူတစ်ယောက်ကို ချစ်ဖို့ အချိန်ဘယ်လောက်လိုမလဲ။ မဇော်ပြန်မဖြေ ပြုံးရုံသာ ပြုံးနေ၏။ တကယ်တော့ လူတစ်ယောက်ကိုချစ်ဖို့ အချိန်ဘယ်လောက်မှ မလိုဘူး။ လွယ်လွယ်ကူကူ စဉ်းစားကြည့်။ မချစ်ခင်ကနဲ့ ချစ်သွားတယ်ဆိုတဲ့ အချိန်အပိုင်းအခြား။ ထို၂ခုကြားက အချိန်ကွာခြားမှုသည် တစ်စက္ကန့်ဆိုလည်း ဟုတ်သည်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံဆိုလည်းဟုတ်သည်။ အချစ်၏ နောက်ပိုင်းတွင်သာ လူနှစ်ဦး ပေါင်းသင်းဖို့ကိစ္စတွေ ဘာညာ စဉ်းစားတော့မှသာ ဦးနှောက်ကပါလာသည်။ အချိန်ယူရသည်။ ထိုကြောင့် လူနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ကို ချစ်မိသွားဖို့ အချိန်ဘယ်လောက်မှမလို။ ထို့ကြောင့် မဇော်မေးသည့် လူတစ်ယောက်ကိုချစ်ဖို့ ဘာတွေလိုမလဲ။ ရှင်းပါသည်။ ဘာမှမလိုပါ။ အပေါ်ကပြောခဲ့သည်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံလောက်သာ လိုလိမ့်မည်။


နေပိုင်
၁၂.ဝ၈.၂ဝ၁၂

ဟွန်းသံကင်းမဲ့ဇုန်သာ ဖြစ်စေချင်ပါသည်



စိတ်ထဲတွင် ဆောင်းပါးတစ်ပုဒ်ရေးချင်စိတ် ဖြစ်နေမိသည်။ ဘယ်ကစရေးရင်ကောင်းမလဲ။ ပြောချင်သည့် အကြောင်းအရာများ။ Message ပေးချင်သည့် ကိစ္စများ။ တေးတေးထားပြီး မရေးဖြစ်သော စကားလုံးများစွာ။ များစွာများစွာတို့နှင့် မရေးဖြစ်သည်မှာ ကြာခဲ့ပြီ။ ယခုရေးမည်ဆိုတော့ မိုးသောက်ပန်းဂျာနယ်ကပင် စရေးမည်။

ကျွန်တော်ငယ်ငယ်က မိုးသောက်ပန်းဂျာနယ် အဖတ်များခဲ့သည်။ ကာတွန်းပေါင်းများစွာ ရယ်စရာ ဟာသပေါင်းများစွာ ဗဟုသုတများစွာနှင့် ကလေးတစ်ယောက်အတွက် နားလည်လွယ်သောကြောင့် ကလေးပီပီ မိုးသောက်ပန်းဂျာနယ်ကို ကြိုက်ခဲ့ဖူးသည်။ ယခုဖော်ပြမည့် အကြောင်းအရာမှာ မိုးသောက်ပန်းဂျာနယ် မည်သည့်အတွဲ မည်သည့်အမှတ်စဉ်၊ မည်သည့်နှစ် မည်သည့်လထုတ်မှန်း မမှတ်မိတော့ပါ။ သေချာသည်က ကျွန်တော်ကလေးဘဝက ဖြစ်သည်။

ရုပ်ပြကာတွန်းမှာ ဤသို့ဖြစ်သည်။ မြို့ထဲမီးပွိုင့်တစ်ခုတွင် ကားပေါင်းများစွာရှေ့၌ လှည်းတစ်စီးရောက်ရှိနေသည်။ မီးနီနေချိန်မို့ မီးစိမ်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ မြို့လည်ခေါင်မို့ ကားပေါင်းများစွာနှင့် ရှုတ်ရှုတ်ယှက်ယှက် နိုင်လွန်းလှသည်။ အချိန်စေ့၍ မီးပွိုင့်မီးစိမ်းသွားသောအခါ ကားပေါင်းများစွာက ကားစက်သံ တဗျင်းဗျင်းနှင့် စတင်ထွက်ခွါရန် တာဆူကြသည်။ ဖြစ်ချင်တော့ ရှေ့ဆုံးမှ လှည်းက အထွက်တွင် လမ်းချိုင့်ခွက်ထဲသို့ ဘီးကျွံသွား၏။ နွားများ၏ ရုန်းအားဖြင့် ဆွဲသော်လည်း မရ။ လှည်းမှာ နေမြဲသာ ဖြစ်နေ၏။ လှည်းပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည် အမျိုးသားနှစ်ဦး လှည်းပေါ်မှဆင်းကာ အားစိုက်တွန်းကြသည်။ အခြေအနေမှာ မထူးခြား။ လှည်းမှာ ရပ်မြဲရပ်နေဆဲသာဖြစ်၏။ အချိန်တရွေ့ရွေ့နှင့် ကားများထံမှ ကားဟွန်းသံများထွက်ပေါ်လာ၏။ လှည်းနောက်တွင် အားစိုက်တွန်းနေသူ အမျိုးသားနှစ်ဦး ချွေးများ ရွှဲနစ်နေကြပြီ။ ထပ်မံ၍ ကားများထံမှ ဆဲဆိုသံများ ထွက်ပေါ်လာပြန်၏။ လှည်းမှာ မရွေ့နိုင်သေး။

ထိုအခိုက် ပလက်ဖောင်းပေါ်မှ လူငယ်လေးတစ်ဦးက ထိုအခြေအနေ အဖြစ်အပျက်ကို မြင်၏။ ပုဆိုးကိုခပ်တိုတို ပြင်ဝတ်၏။ သူ၏ခြေလှမ်းများက လှည်းနောက်သို့ ဦးတည်သွားရောက်ကာ လွတ်နေသောနေရာမှ ကူညီကာ အားစိုက်တွန်းပေးလိုက်၏။ အမျိုးသား သုံးဦး၏ အားနှင့်မို့ လှည်းမှာ ချိုင့်မှ လွတ်ကာ စတင်ရွေ့လျား ထွက်ခွါသွား၏။ ထိုလူငယ်လေးလည်း ကိုယ့်လမ်းကိုယ်ဆက်သွား၏။ ရုပ်ပြကာတွန်းလည်း ဤတွင် ပြီး၏။

ငယ်ငယ်က ကလေးဦးနှောက်နှင့်မို့ မြို့လည်ခေါင်တွင် လှည်းမောင်းနှင်သည်မှာ ဖြစ်နိုင်မဖြစ်နိုင်ကို မတွေးမိခဲ့။ (အမှန်တကယ် တွေးရန်လည်း မလိုပါ။) ယနေ့ခေတ် မျက်စိရှေ့တွင်မြင်ရသော၊ နားထဲတွင်ကြားရသော အသံများ နှင့် ဆက်စပ်၍ ထိုရုပ်ပြကာတွန်းလေးအား အမှတ်ရမိသည်။ ထိုလူငယ်လေးက စကားတစ်ခွန်းမှမပြောဘဲ လုပ်သင့်လုပ်ထိုက်သည်ကို သူဝင်လုပ်သွား၏။

ယခု ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသား လူတိုင်းလူတိုင်းသည် လှည်းဘီးလမ်းကျွံနေသည့် အခြေအနေတစ်ရပ်ကို တွေ့ကြုံနေရသည်။ မြင်တွေ့သမျှတွင် ပိုက်ဆံချမ်းသာ၍ ကားစီးနိုင်သူများက ဟွန်းတီးကြသည်။ ဘတ်စ်ကား စီးသူများက တဗျစ်တောက်တောက် ပြောဆိုကြသည်။ စပယ်ယာများက ဆဲဆို မေတ္တာပို့ကြသည်။ လှည်းအား မနိုင်မနင်းတွန်းနေသူများက ချွေးသံတရွှဲရွှဲ ဖြစ်နေသည်။ လမ်းပေါ်မှ လူများကလည်း ကိုယ်နှင့်မဆိုင်သလို ကိုယ့်လမ်းကိုယ်သွားနေကြသည်။

(ကျွန်တော်တို့တွင် ကြိုက်ရာရွေးချယ်နိုင်သည့် အခွင့်အရေးရှိသည်ဆိုကြပါစို့။) ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်သင့်နေပြီ ဖြစ်သည်။ ကိုယ်သည် ဟွန်းတီးနေမိသူတစ်ယောက်လား။ တဗျစ်တောက်တောက် ပြောနေမိသူတစ်ယောက်လား။ ဆဲဆိုနေမိသူ တစ်ယောက်လား။ မဆိုင်သလို ကိုယ့်လမ်းကိုယ်သွားနေမိသူတစ်ယောက်လား။ မနိုင်မနင်း လှည်းတွန်းနေမိသူတစ်ယောက်လား။ အမှန်တကယ်ကို သုံးသပ်သင့်နေပါပြီ။ လှည်းအနေနှင့်လည်း စကားတစ်ခွန်းမှ မပြောဘဲ လုပ်သင့်လုပ်ထိုက်သည်ကို ဝင်လုပ်သွားသော လူငယ်ကဲ့သို့ လူငယ်ပေါင်းများစွာကို အမှန်တကယ် လိုအပ်နေပါသည်။ ကျွန်တော့်ဆန္ဒအရ ပြောရလျှင်လည်း ထိုတာဝန်သိလူငယ်ကဲ့သို့ လူငယ်ပေါင်းများစွာနှင့် ဟွန်းသံကင်းမဲ့ဇုန်သာ ဖြစ်စေချင်မိပါတော့သည်။



နေပိုင်
၂၆.၀၅.၂၀၁၂
(အကိုးအကား-မိုးသောက်ပန်းဂျာနယ်)
(အတွဲ အမှတ်စဉ်- မမှတ်မိ)

Tuesday, April 2, 2013

ကျွန်တော်မို့ မသိပါ (မိတ္ထီလာမှ ဂျူဗင်တပ်စ်)



မိတ္ထီလာတွင်ဖြစ်သည်။ တစ်ဖက်မှလူက အရှိန်နှင့်ပြေးလာသည်။ တခြားတစ်ဖက်မှ လူကလည်း ထိုသို့အရှိန်နှင့်ပြေးလာသည်ကိုတွေ့သည်။ ထို့ကြောင့် ရင်ဆိုင်ရန်အသင့်ပြင်ထားသည်။ တဖက်မှ ပြေးလာသည့်လူက ပြေးလာသည့်အရှိန်နှင့် အံကြိတ်ကာ အားကုန်သုံး၍ ခြေထောက်ဖြင့် ပိတ်ကန်လိုက်၏။ ထိချက်မှာ ပြင်းလွန်းလှသဖြင့် တဖက်တွင် ရင်ဆိုင်ရန် အသင့်စောင့်ဆိုင်းနေသော လူခမျာ အရှိန်ပြင်းပြင်းပြုတ်ကျသွားသည်။ ထင်ထားသည့်အတိုင်းပင် တစ်ဖက်လူမှာ ပျော်မြူးသွားပြီး တစ်ဖက်လူမှာဖြင့် ကြေကွဲသွားရတော့သည်။ ဘောလုံးမှာ ဂိုးပေါက်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလေသည်။ စာရေးသူ ပြောချင်တာတွေ ပြောရမည်က ဤတွင် အစဖြစ်သည်။
ကိုယ်မသိတာတွေသိပ်များလှသည်။ အထက်ပါစာပိုဒ်အား အမှတ်တမဲ့ဖတ်လျှင် မည်သူကများ ယခုလက်ရှိအခြေအနေနှင့် ဘောလုံးပွဲတစ်ပွဲလို့ထင်ပါမည်လဲ။ ဘောလုံးပွဲတစ်ပွဲဟု ဘယ်သူက ကောက်ချက်ချပါမည်လဲ။ ကိုယ်မသိပါ။
ဘောလုံးပွဲဟုပင်ဆိုကြပါစို့။ ယခင်ခေတ်များတွင် ရေဒီယိုမှ ဘောလုံးပွဲအစီအစဉ် ကြေငြာခြင်းများ ရှိခဲ့သည်။ ကြေငြာပေးသူကလည်း တကယ်အမှန်ပင် အာပေါင်အာရင်းသန်သန်ဖြင့် နားထောင်ရသူ ကိုယ်တိုင်ဝင်ကစားနေရသည့်အလား ပြောပြနိုင်ပေသည်။ အမှန်တကယ် ဆင်နွှဲနေသည့် ဘောလုံးပွဲအား တကယ်ဖြစ်ပျက်နေသည့်အတိုင်းပင် တစ်ချိန်တည်းမှာပင် တပြိုင်နက် ကြေငြာနေခြင်းဖြစ်သည်။ ဤသည်မှာ မီဒီယာပင်ဖြစ်သည်ဟု ပြောရမည်လား။ ကိုယ်မသိပါ။ ယနေ့ခေတ် မီဒီယာများသည်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့်အတိုင်းကို ပြန်လည် ပြောပြပေးနိုင်ပြီလား။ ကိုယ်မသိပါ။
စာရေးသူ မသိသည့်ကိစ္စတွေကလည်း ခပ်များများပင်။ မြင်ရကြားရသည့် သတင်းများသည် မီဒီယာကြားခံဖြစ်နေသ၍ ကိုယ်မယုံရဲပေ။ မီဒီယာသည် အင်္ကျီညာဘက်အခြမ်းမှ ကြယ်သီးအား အင်္ကျီဘယ်ဘက်ခြမ်းသို့ ဖြောင့်ဖြောင့်တန်းတန်း တပ်ပေးရမည့် လက်တစ်ချောင်းဖြစ်သင့်သလား။ ကိုယ်မသိပါ။ ဖရိုဖရဲ ဟပြဲဖြစ်နေသည့် ရင်ဘတ်အား စေ့ပေးရန် အတတ်နိုင်ဆုံးအရာဖြစ်သည့် လက်သည် မီဒီယာ ဟုတ်ပါသလား။ ကိုယ်မသိပါ။
ချိန်ခွင်တစ်ခုတွင် တစ်ဖက်ခြမ်း၌ တစ်ပိဿာအလေးတုံးထည့်ထားသည်။ တခြားတဖက်ခြမ်း၌ ငါးဆယ်သားအလေးတုံး ထည့်ထားသည်။ တစ်ပိဿာအလေးတုံး ထည့်ထားသည့်ဘက်မှ လျော့ကျနေပြီး ငါးဆယ်သားရှိသည့်ဘက်မှ အလေးတုံးမှာ အပေါ်သို့ရှိနေမည်။ ချိန်ခွင်၏ ဝိသေသလက္ခဏာမှာ လေးသည့်ဘက်ကို လေးကြောင်းပြ၍ ပေါ့သည့်ဘက်အား ပေါ့ကြောင်းပြရမည်လား ကိုယ်မသိပါ။ ထို့အပြင် အရှိကိုအရှိအတိုင်း ၊ လေးသည့်ကို လေးသည့်အတိုင်း ပြရမည့် ချိန်ခွင်၏ သဘောသဘာဝသည် မီဒီယာနှင့် အလားသဏ္ဍာန်တူပါသလား။ ကိုယ်မသိပါ။ ကိုယ်မသိသည်များမှာလည်း များ များနိုင်လွန်းပါသည်။
မသိသည့်ကြားကပင် လူတစ်ချို့အကြောင်း ပြောပြချင်ပါသေးသည်။ ပထမ ပြောပြချင်သည့် လူမှာ Roberto Baggio (ရောဘတ်ဘက်ဂီယို) ဖြစ်သည်။ သူသည် အီတလီနိုင်ငံ ကာလ်ဒိုဂနို (Caldogno,Italy) မြို့တွင် ဖေဖော်ဝါရီလ ဆယ့်ရှစ်ရက် ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။ လူတိုင်းကြားဖူးသည့် နာမည်ကြီး ဘောလုံးသမား တစ်ဦးပင်ဖြစ်သည်။ကလပ်အသင်းပေါင်း ၇သင်းတွင် ကစားခဲ့ပြီး သူသည် ရှေ့တန်း၊ ရှေ့တန်းအချန်တိုက်စစ် နေရာများတွင် ကစားသူဖြစ်သည်။သူသည် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု၊ အီတလီ နိုင်ငံဘောလုံးအသင်း၏ ဂိုးအများဆုံးစံချိန်ရှင်၊ ၁၉၉၄ အတွက် ငွေဘောလုံးနှင့် ငွေဖိနပ် ဆုရှင် ၊ စီးရီးအေ အီတလီကောပါးဖလား နှင့် ယူအီးအက်ဖ်အေတို့တွင် အလွန်နာမည်ကြီးခဲ့သူဖြစ်သည်။
နောက်တစ်ဦးမှာ Alessandro Del Piero (အဲလက်ဇန်းဒရိုး ဒဲလ်ပီယာရို) ဖြစ်သည်။ သူသည် အီတလီနိုင်ငံ ကော်နီဂလီယာနို (Conegliano, Italy) တွင် နိုဝင်ဘာလ ကိုးရက် ၁၉၇၄ တွင် မွေးဖွားခဲ့သူဖြစ်သည်။ ငယ်စဉ်ကပင် သူငယ်ချင်းနှစ်ဦးဖြစ်သူ နယ်လ်ဆို နှင့် ပီယာပါအိုလို တို့နှင့် ကစားကွင်းထဲတွင် ဘောလုံးကစားခဲ့သူဖြစ်ပြီး ဘောလုံးဝါသနာထုံသူဖြစ်သည်။ ထိုဝါသနာဖြင့်ပင် ကြီးပြင်းအရွယ်ရောက်လာသည့်အခါ နာမည်ကြီးကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဂျူဗင်တပ် ဘောလုံး အသင်းတွင် ၁၉နှစ်ကြာအောင် ကစားခဲ့ပြီး ထင်ရှားသောကစားသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် တိုက်စစ်မှူးဖြစ်ပြီး တိုက်စစ်၊ အချန်တိုက်စစ်နေရာများတွင် ကစားသူဖြစ်သည်။ ထို့ပြင် လစာအများဆုံး ဘောလုံးသမား၊ ကြော်ငြာများစွာမှ အပိုဝင်ငွေအများဆုံး ရသည့်ကစားသမား ဖြစ်လာခဲ့သည်။ သူ၏ ဂိုးသွင်းအားကောင်းမှုကြောင့်ပင် ဖီဖာ၊ ယူအီးအက်ဖ်အေ တို့မှ ချီးမြှင့်သည့် ဆုပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ဖူးသူဖြစ်သည်။
တတိယ တစ်ဦးမှာ Zinedine Yazid Zidane ( ဇီဒန်း ) ဟု ပြောလျှင် လူတိုင်းသိပေလိမ့်မည်။ သူသည် ပြင်သစ်နိုင်ငံ မာဆေးလ်( Marseille, France) တွင် မွေးဖွားခဲ့သော အလယ်တန်းဖန်တီးရှင် ကစားသမားကြီးတစ်ဦးဖြစ်သည်။ သူသည်လည်း ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်ထိ ဂျူဗင်တပ်စ်အသင်းတွင် ကစားခဲ့သည့် ကစားသမားဖြစ်သည်။ သူ၏ နာမည်ကျော်ကြားမှုများမှာ လူအများအား ပြန်လည်ပြောပြရင် မလိုလောက်အောင်ပင် နာမည်ကြီးခဲ့သူဖြစ်သည်။ ဇီဒန်းကစားပုံ ဇီဒန်းကစားဟန် စသည်ဖြင့် လူအများကြားတွင် ပြောစမတ်တွင်အောင်ကို ဖြစ်ခဲ့သည်။ သူရရှိခဲ့သောဆုများအား ပြန်လည်ဖော်ပြနေရန်မှာ မလိုအပ်ဟုပင်ထင်သည်။
စာရေးသူမသိခြင်းတွေ ထပ်ပြောရဦးမည်။ ထိုဂျူဗင်တပ်အသင်းတွင် ကစားခဲ့သော ဘက်ဂီယိုသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည်။ ဒဲလ်ပီယာရိုသည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။ ဇီဒန်းသည် မူစလင်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။ စာရေးသူမသိသည်မှာ ဂျူဗင်တပ်အသင်းသည် အဘယ်ကြောင့် ဘာသာတရားခွဲခြားခွဲခြားမလုပ်ခဲ့သည်လည်းမသိပါ။ ယခု မြင်ရ ကြားရသလို ဘာသာရေးခွဲခြားပြနေသည့် မီဒီယာများ၏ လုပ်ရပ်ကို မသိပါ။ နားမလည်ပါ။ မပြောတတ်တော့ပါ။
အထူးသဖြင့် ဘက်ဂီယိုနှင့် ဒဲလ်ပီယာရိုတို့သည် တစ်သင်းတည်းတွင် ၁၉၉၃ မှ ၁၉၉၅ ထိ ဂျူဗင်တပ်အသင်းအတွက် ကစားခဲ့သူများ ဖြစ်သည်။ ကစားသည့်နေရာလည်း တူညီကြသည်။ သူတို့နှစ်ဦး ဘာသာမတူသည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့သည်လား ကျွန်တော်မသိပါ။ ခိုက်ရန်ဖြစ်ပွားခဲ့ပါကလည်း မီဒီယာများက အမှန်အတိုင်း ဖော်ပြခဲ့ပါသလား။ ကျွန်တော်မသိပါ။ တစ်ယောက်က ဘောလုံးမကန်ရအောင် တစ်ယောက်က အကောက်ကြံခဲ့ခြင်းမျိုးရှိခဲ့ပါသလား။ ကျွန်တော် မသိပါ။ ထို့ပြင် ဇီဒန်းသည် ကမ္ဘာ့ဖလားတွင် မာတာရာဇီအား ခေါင်းဖြင့်တိုက်ခဲ့ခြင်းသည်မှာလည်း ဘာသာမတူခြင်းကြောင့်ပါလား ကျွန်တော်မသိပါ။
ကျွန်တော်မသိခြင်းများသည် များလွန်းလှသည့်အတွက် သိချင်သည့်စိတ်ကလေးများ ဖြစ်ပေါ်မိပါသည်။ ထိုကြောင့် လိုက်မေးကြည့်ချင်ပါသည်။ မီဒီယာများဖော်ပြသည်ကိုလည်း သိချင် ဖတ်ချင်ပါသည်။ မီဒီယာများက သတင်းအမှန်ကို ပေးသည်မပေးသည်ကို ကျွန်တော်မသိပါ။ မည်သည့်မီဒီယာက အမှန်အတိုင်းပြောပြီး မည်သည့်မီဒီယာက အမှန်အတိုင်းမပြောသည်ကိုလည်း ကျွန်တော်မသိပါ။ အခွင့်ကြုံသည့်အခါတွင် မီဒီယာက ပြောပြမည့် သတင်းအမှန်အား ကျွန်တော်သိခွင့်ရလိမ့်မည်ဟု မျှော်လင့်မိပါသည်။

|| နေပိုင် ||
|| ၂၁ မတ် ၂၀၁၃||

Monday, April 1, 2013

ကျွန်တော်နှင့် မီးပွိုင့်ကလေး



ခွဲခွာခြင်းသည် မီးပွိုင့်တစ်ခုနှင့်တူ၏။ ဘယ်အချိန်မှာများ ခွဲခွာသွားကြရမလဲလို့ နာရီကို ငေးကြည့်နေရသည်က မီးပွိုင့်တစ်ခုကို ခြေရာခံလိုက်နေရသည်နှင့်တူ၏။ သူမ၏မီးပွိုင့်ကလေးသည် သူမ၏ နှုတ်ခမ်းပါးလေးဖြစ်သည်။ ကျွန်တော်နှင့်သူမ နောက်တစ်ကြိမ်ထပ်မတွေ့ကြတော့ဖို့၊ ကျွန်တော်နှင့်သူမ ပြတ်တောက်ဝေးကွာသွားဖို့၊ ထိုမီးပွိုင့်လေးကိုပင် ကျွန်တော် ကြောက်လန့်နေရ၏။ သူမမီးပွိုင့်လေးတွင် ကျွန်တော် အသက်အာမခံကြေးဆောင်ထားဖူးသည်။ သူမမီးပွိုင့်လေးတွင် ကျွန်တော် ခဏခဏ လမ်းဖြတ်ကူးဖူးသည်။ သူမမီးပွိုင့်လေးတွင်ပင် ကျွန်တော် ပင်လယ်နှင့်ဆုံဖူး၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က သောကြာနေ့ဖြစ်မည်ထင်သည်။
မီးပွိုင့်ကလေး၏ရှေ့တွင် ကျွန်တော်နှင့်ပင်လယ် သီချင်းဆိုကြ၏။ သူမနှုတ်ခမ်းကိုက်ထားသောအခါ ကျွန်တော်ကြည့်နေကျ မီးပွိုင့်ကလေးလည်း ကားရှုတ်သွားဖူး၏။ ကျွန်တော်လမ်းကူးဖို့ နောက်ကျဖူး၏။ ပင်လယ်နှင့်သီချင်းဆိုကြသည့်နေ့ကပင်ဖြစ်သည်။ ထိုနေ့ကညဘက်တွင် မီးပွိုင့်ကလေး တယ်လီဖုန်းထဲ၌ စိတ်ကောက်၏။
ကျွန်တော့်မီးပွိုင့်ကလေးသည် ကလေးဆန်၏။ ကျွန်တော်မရှိသည့်အခါမျိုးတွင် မီးပွိုင့်ကလေးတွင် ခဏခဏ ယဉ်တိုက်မှုဖြစ်တတ်၏။ သူမကိုအကဲခတ်ရသည်မှာ သိပ်မထူးဆန်းလှသော်လည်း တစ်ချက်တစ်ချက် သူမအရောင်ပြောင်းသွားတိုင်း ကျွန်တော့်မှာ အချိန်မလောက်မငှ အမြဲဖြစ်ရသည်။ သူမသည် ကျွန်တော့်အား ဟိုင်းဝေးလမ်းမကြီးဟုလည်း တစ်ခါတစ်ခါ ခေါ်တတ်၏။ သူမ၏အမှားလည်းမဟုတ်ပါ။ သူမမီးရောင်လေးတွေအတိုင်း ကျွန်တော့် သွားလာခွင့်တွေ ပိတ်ပင်သွားခဲ့ဖူး၏။
ကျွန်တော်မီးပွိုင့်ကလေးကိုချစ်သည်။ မီးပွိုင့်ကလေးသည် ကလေးပေါက်စလေးတစ်ယောက်နှင့်တူ၏။ ဘယ်သူရှိရှိမရှိရှိ၊ သူမအားစောင့်ကြည့်နေမည့်သူ ရှိရှိမရှိရှိ၊ သူမသည် အချိန်မှန် တာဝန်ကျေ အရောင်ပြောင်းလဲနေ၏။ သူမမျက်နှာကလေးနီသွားတိုင်းနီသွားတိုင်း ကျွန်တော့်မှာ သေဘေးနှင့် သိပ်နီးသွားတတ်သည်။ ကျွန်တော့်အသက်အာမခံကြေးကအစ ထိုမီးပွိုင့်ကလေးထဲ၌ပင် မြှုပ်နှံထားခဲ့ဖူး၏။
မီးပွိုင့်ကလေး၏ မွေးနေ့ မည်သည့်နေမှန်း ကျွန်တော်မသိပါ။ မီးပွိုင့်ကလေးအတွက် မွေးနေ့လုပ်ပေးဖို့လည်း ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ သို့သော် မီးပွိုင့်ကလေးကို ကျွန်တော် သနပ်ခါးပါးကွက်ကြားကလေး လက်ဆောင်ပေးချင်ဖူးသည်။ မီးပွိုင့်ကလေးကြိုက်နှစ်သက်ပါ့မလား ကျွန်တော်မသိပါ။ သို့သော် သူမပါးကွက်ကလေးကွက်ထားသည်ကို ကျွန်တော် မြင်ဖူးချင်မိသည်။
မီးပွိုင့်ကလေးကို ဖြတ်ကူးတိုင်း အန္တရာယ်ကင်းအောင် ချစ်တယ်ချစ်တယ်ဟု ကျွန်တော် ဂါထာရွတ်လေ့ရှိသည်။ မီးပွိုင့်ကလေး ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ ကျွန်တော် အမြဲရွတ်လေ့ရှိသည်။ အမှတ်မထင်မိပါဘဲ ထိုနေ့က သောကြာနေ့ ဖြစ်နေပြန်သည်။ ပင်လယ်ကို လှမ်းတွေ့လိုက်သည်မို့ လမ်းဖြတ်ကူးရင်း ဂါထာမရွတ်မိလိုက်သည့်ကျွန်တော်အား ကံကြမ္မာတစ်ခုလုံးက အရှိန်ပြင်းပြင်းနှင့် ….
“အား!!!!!”

မျက်လုံးများကို ကြိုးစားကာ ဖွင့်ကြည့်မိသည့်အချိန်တွင် မီးပွိုင့်ကလေး၌ မျက်ရည်များစွာကို တွေ့ရသည်။ မီးပွိုင့်ကလေးတွင် ယာဉ်တိုက်မှုဖြစ်နေသည်။ ကျွန်တော် မီးပွိုင့်ကလေး၏ မျက်ရည်များကို သုတ်ပေးချင်မိသည်။ သို့သော်.. သို့သော်..

ထိုနေ့က .. သောကြာနေ့ဖြစ်သည်။



နေပိုင်
ဝ၅.၁ဝ.၂ဝ၁၂
၂၃း၁၄

ဒီကောင်လည်း(ငါ့လို) စောက်ကြီးစောက်ကျယ်



ဂလိုဘယ်လိုက်ဇေးရှင်းက လူငယ်စိတ်ကို လမ်းလွှဲပစ်လိုက်ပြီ။
ဒေါင်ကျကျပြားကျကျ။ စာမေးပွဲကျကျ။ connection ကျကျ။ စိတ်ဓာတ်မကျသရွေ့ အားလုံးဟာသပဲ။
ခင်ဗျားလည်း မသိလိုက်မသိဘာသာနဲ့ပဲ ရောထွေးသွားမလား။
စိတ္တဇဆန်မှုဟာ တဖြည်းဖြည်းနဲ့ ညဥ့်နက်လာတယ်။

ခုတလော ရေပန်းစားနေတဲ့ ခေတ်ထက် ပါးစပ်ဖျားမှာ ခစ်ကိုထည့်ဆောင်ထားကြရင် ပိုငြိမ်းချမ်းမလား။
မနက်စာဟာ ရုပ်မြင်သံကြား သတင်းခေါင်းစဉ်။
လူထုဆက်ဆံရေးနယ်ပယ်မှာ တချို့ကသွားပိုးစားနေကြတယ်။
တချို့ကမိုးမျှော်တိုက်ကို အိပ်မက်လုပ်ဝတ်ကြတယ်။
တချို့ကမိတ်ဖြစ်ဆွေဖြစ် မိုးလင်းဆိုင်ကိုခေါင်းအုံးအိပ်လို့။
တချို့က လက်ခုပ်သံကို အခကြေးငွေနဲ့ လဲနားထောင်လို့။

စိတ်ပိုင်းဆိုင်ရာမှိုင်းမိတဲ့ကိစ္စဟာ ပေါ့သေးသေးမဟုတ်ဘူးဆိုပေမဲ့ ရေးကြီးခွင်ကျယ်လည်းမဟုတ်ပြန်ဘူး။
(ဆိုတော့) အပိုတွေလုပ်နေမယ့်အစား အလုပ်တွေပိုလုပ်ရင်ကောင်းမယ်။
စောက်ကြီးစောက်ကျယ်ဆိုတာ အမေရှိလျှက် ချိုလိမ်တန်းလန်းနဲ့ ကလေးကိုလည်းပြောလို့ရတယ်။
အဆင့်မြင့်ဖုန်စုပ်စက်တွေလည်းပြောလို့ရတယ်။
ဒေါ်လာယောင်ဆောင်ထားတဲ့စက္ကူကိုလည်းပြောလို့ရတယ်။
ကိုယ်နဲ့မကွာဆောင်လို့မရတဲ့ တိုင်ကပ်နာရီလည်းပြောလို့ရတယ်။ ကဗျာဆရာ
လည်း ပြောလို့ရတယ်။

ဧပရယ်က ကိုယ့်ကိုကိုယ်အရက်သောက်ပါတယ်လို့ ကြွေးကြော်တတ်တဲ့ ချာတိတ်မလေးတစ်ယောက်။
ဆက်သွယ်မှုဧရိယာပြင်ပဆိုတာ ရန်ကုန်လမ်းညွှန်နဲ့မန္တလေးလမ်းညွှန်ထဲမှာ မပါတော့ ကိုယ့်ကို
လူကြီးမင်းလို့ခေါ်..ခေါ်နေတဲ့ကောင်မလေးလည်း စောက်ကြီးစောက်ကျယ်မလေးပဲ။
တရိပ်ရိပ်တက်နေတဲ့ ဈေးနှုန်းက ဆေးလိပ်မသောက်ဖို့၊
ကွမ်းမစားဖို့။ အရက်မသောက်ဖို့။ အင်တာနက်မသုံးဖို့။ စောက်ကြီးစောက်ကျယ်မပြောဖို့။ ပုခုံးပုတ်ပြောတယ်။
သွားစမ်းပါ။
ဒါလည်းစောက်ကြီးစောက်ကျယ်ပဲ။

၂၁ရာစုမှာ ကဗျာဆိုတာ ၁၀တန်းစာမေးပွဲထက် နတ်ကြီးတယ်။
ကမ္ဘာကြီးပေါ်တည့်တည့်ရပ်ပြီး အမြင်စောင်းမယ်ဆို ရှက်ဖို့မကောင်းဘူးလား။
လက်ကားပြ ခြေကားပြပြီး ခေါင်းတိုက်သွားတဲ့ ဘောလုံးသမားက အကြီးမားဆုံးဟာသပဲ။
တစ်ခုတော့တွေးလိုက်မိပါရဲ့။
ဒီကောင်လည်း(ငါ့လို) စောက်ကြီးစောက်ကျယ်ပဲလို့။


နေပိုင်
၀၉.၀၃.၂၀၁၂

ငါစာအိတ်ထဲမှာရှိတယ်



မေ့မေ့ပျောက်ပျောက်တွေက မေ့မေ့ပျောက်ပျောက်ဖြစ်မသွားဘူး။
ထိတ်လန့်နေသူအတွက် ခြေသံဆိုတာ ကြိုးစင်ပဲ။
ငါကလည်းငါပဲ။
ဒီအချိန်ဆိုဘယ်ဘက်ကလက်ဖျံလေး အိပ်ပျော်နေပြီလား။
ကံကော်တွေနဲ့ရန်ဖြစ်နေမလား။
"လား"တွေနဲ့ပိတ်မိနေတုန်း။
ကိုယ့်ကိုကိုယ် ဂရုစိုက်။ ကဗျာကနင့်ကျန်းမာရေးနဲ့သင့်တော်တယ်။

စာအိတ်လေးကို လုံးဝမစွပ်စွဲနဲ့။
ရေငတ်နေတဲ့ကိစ္စက ပင်လယ်နဲ့အာပတ်မပြေဘူး။
ငါ့မှာထိတ်လန့်ခါစဆိုလို့
လက်မောင်းပေါ်က "သွား"ရာလေးရယ်
ကွင်းစကွင်းပိတ်ထဲက အဝါရောင် ကဗျာလေးရယ် ပဲရှိတယ်။

သိပ်ကြီးကျယ်ခမ်းနားလှတယ်တော့လည်းမဟုတ်ပါဘူး။ ငါဟာ
ညီမလေးမင်ထစ်နေမှာစိုးလို့ရောက်လာတဲ့ ဘောပင်လေးတစ်ချောင်း။
နှာခေါင်းထဲ မေးခွန်းတွေ ရှူထည့်ရာက စခဲ့တာ။
ကိုယ့်ကျန်းမာရေးအရ ဒီတစ်ခါအသည်းကွဲရင် သေရုံပဲ။

နင့်နာမည်လေးကို တဖွဖွရွတ်ခြင်းက ငါ့အိပ်ဆေးခါးခါးတွေပေါ့။
အဆုံးဆိုတဲ့အတိုင်း ဆုံးပါး/ရှုံးသွားတော့မလား။
စိတ်ဆိုတာ နင်ရှိတဲ့အရပ်ကို မျက်နှာမူတဲ့ ငနဲကြီးပဲ။

စာအိတ်နှင့်အနီးတဝိုက်လုံခြုံရေးအတွက်နဲ့တော့ အဖုံးကို တံတွေးမဆွတ်နဲ့။
စာသင်ခန်းထဲထိ ကဗျာနဲ့လတ်ယားလတ်ယားဖြစ်နေတုန်း။
မိုးခေါင်တာထက် အတွေးခေါင်တာ ပိုကြောက်စရာကောင်းတယ်။
ဖြစ်တည်မှုနဲ့လွဲလည်း နင်နဲ့တော့ မလွဲချင်ဘူး။
စောလည်းမစောခဲ့ဘူး။နောက်လည်းမကျခဲ့ဘူးဆိုရင်တောင်
ငါကိုကလွဲနေခဲ့တဲ့ကောင်ဆိုတော့ ဒါကြီးကိုပဲကြောက်..ကြောက် နေရတယ်။

ကမ္ဘာကြီး နဂိုထဲကလည်နေရတဲ့ကြားထဲ
ငါရော။သံသရာရော။ဝဋ်ရော။တလက်စာထဲ ပါသွားတယ်။
ဒီမှာ...
လိပ်စာကိုသေချာကြည့်ပါ။
ပြီးမှ စာအိတ်ကိုတံခါးခေါက်ပါ။

နေပိုင်
၁၇.၀၂.၂၀၁၁

နာမည်ကြီး



မီးရောင်ဟာ အသားရောင်ပေါ်မှာဝင်းလို့
မျက်နှာလေးပေါ်မှာဝင်းလို့
အရေပြားလေးပေါ်မှာဝင်းလို့
ကင်မရာရှေ့ငိုပြီးစားတဲ့ထမင်း သူဌေးရှေ့ငိုပြီးစားတဲ့ထမင်း မိဘလုပ်စာနဲ့စားတဲ့ထမင်း
ဒီမိုကရေစီလေချဉ်နဲ့ ဘဝင်နဲ့ မင်းမသိသေးပါဘူးကွာ နဲ့
ငို ငို ငို ဝအောင်ငို ကင်မရာထဲမှာ ဘဝပျက်လည်း အပြင်မှသိက္ခာမပျက်ဖို့လိုတယ်
ခင်ဗျားသိထားဖို့က နာမည်ကြီးထမင်းငတ်လည်း မေတ္တာမငတ်ရင်ပြီးရော ကောင်းရောင်းကောင်းဝယ်
လုပ်စားတယ်ဆိုတာ မကောင်းဘူး လောလောဆယ်
ငါ့ကိုကြည့်နေမယ့်အစား ကင်မရာကိုကြည့် မင်းကိုကြည့်ရတာ ကင်မရာရှေ့မှာမီး
စား(ခံ)နေတယ် ဖက်ပစ်လိုက် သူ့ကိုအား
မနာနဲ့ နာမည်ကြီး
သွားစေရမယ်
ဘဝင်လေးကိုနည်းနည်းမော့ထား စိတ်လေးကိုနည်းနည်းကောက်ထား ဒါမှ ပိုလှမှာပေါ့
အရေပြား ညပြတ်ငှားရမ်းမှုတွေများလာတယ်
လွဲနေတဲ့သဘောထားနဲ့ အဲဒါမင်းနဲ့ဆိုင်လို့လားစိတ်ဓါတ်
ဘယ်လောက်ဝေဖန်ဝေဖန်ငါ
ခံနိုင်တယ်ဆိုပြီး ထင်ရာစိုင်းသွားတော့ စာချုပ်ထဲကွဲလိုက် အပြင်မှာကွဲလိုက်နဲ့
ကဒ်...
အဝတ်အစားမလဲနဲ့မင်းသမီး ခင်ဗျားအရေခွံတွေကိုပဲ စင်အောင်ဆေးခဲ့။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုးလိုက်ရတဲ့ မနက်ဟာ Update ဖြစ်ရန် ခဏအလို




ငါ့ကိုချောင်ပိတ်ထားတဲ့မျဉ်းကြောင်းတွေကိုတရားစွဲရမယ်။
လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်/ဆံ့ ဖို့ လမ်းခုလတ်မှာ ကိုးယို့ကားယား။
အဆင်ပြေမယ်ထင်လို့နှုတ်ပစ်လိုက်တဲ့သွားက အသစ်ပြန်ပေါက်မလာတော့ဘူး။
ဘာမှမဟုတ်ဘူးဆိုရင်တောင် ငါပြုံးရင်သွားတစ်ချောင်းလိုနေဦးမယ်။
အခန်းထဲမှာမှောင်မိုက်။ တိတ်ဆိတ်။ ဟုတ်တယ်။
လမင်းကျကွဲတုန်းကလည်း ဒီအခန်းပဲ။ တံခါးဆွဲဖွင့်ဖို့ထက်
အလင်းရောင်ကိုကြောက်တဲ့စိတ်က ပိုများတယ်။
လက်ရှိအခြေအနေမှာ နားထောင်နေကျ I fought the law သီချင်း
Greenday ဆိုနေတုန်းမီးပျက်သွားလည်း ငါ့ဟာငါအော်ဆိုမယ်။ အော်/ကြီး/ဟစ်/ကျယ်။
ချစ်သူချာတိတ်မလေးနဲ့မတွေ့တာ (၂)ရက်ရှိပြီ။
လည်ချောင်းဝမှာ။ ကိုယ်နေလို့ထိုင်လို့မကောင်းဘူး။
မီးတောင်တစ်ခုရှာဖွေတွေ့ရှိ။ ကိုယ်။
မဟန်ဘူး။ ဘောပင်တစ်ချောင်း စာရွက်ပေါ်မှာ ကစဥ့်ကလျား
ပန်းတိုင်ရောက်အောင်ပြေးနေတယ်။ ငါလည်း ငါ့နည်းငါ့ဟန်နဲ့
မှောက်လျက်လဲ။ ပြန်ထ။ ဖုန်ခါသလိုလိုနဲ့ ပြဿဒါးတွေကိုခါပစ်လိုက်ချင်ရဲ့။ အဟက်(ခုမှရယ်လို့ရတာ)။
ဆစ်ခနဲနားထင်မှာ ထောက်ထားတဲ့သွေးကြောဟာ
ပြင်ပ အပူချိန် -၃ ဒီဂရီ ဆဲလ်ဆီးယပ်စ်နဲ့ လှိုင်းတိုမီတာ အကွာအဝေးပေါ် လတ်ယားလတ်ယား။
ခြင်္သေ့တစ်ကောင်။ အိပ်ယာထဲမှာ ပိတ်မိနေတယ်။ ငါ။
တူတူပုန်းတမ်းကစားရင်း။ ပျောက်သွား။ မနက်ကအထိ ရှိနေ/ခဲ့/ဖူး တဲ့ ရောဂါလက္ခဏာအစဟာ
ကဗျာရေးခြင်း။ စီးကရက်နှင့် ဒေါသကို
အင်တာနက်ထက်လူကြိုက်များတယ်။ လွမ်းဆွတ်ခြင်း။ စိတ္တဇဆန်ဆန်
တောင်ပံပါရင်မင်းဆီကို ... လို့ အော်ဆို..။ ဟေ့ကောင် ။
နားညီးတယ်။ တောက်ခတ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် လူငယ်လို့သတ်မှတ်။
မာစီဒီးစ်တံဆိပ် ရည်းစားစာ။ အနီရောင်အဝိုင်း ခုံးလေး နှစ်ခုပွတ်သပ်နေရင်း တဖြည်းဖြည်း ဘာများဖြစ်လာမလဲလို့။
ဖတ်! ခနဲ...
Heart King လေးဟာ သူမလက်ထဲမှာ ကယောင်ကတမ်း
ဒီတော့ ကိုယ်က အစားထိုးမရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း။



ပုစွန်ဂဏန်းဟင်း



ပုစွန်တွေကိုဇလားထဲထည့်ပြီးရေဆေး။
သိပ်စင်အောင်မဆေးပစ်နဲ့။ လုံးဝဆေးပစ်လိုက်ရင်
ခေါင်းထဲရေဝင်ပြီး အနှစ်တွေပျောက်ကုန်မယ်။
ခေါင်းကိုမချွေနဲ့။ ခေါင်းဆိုတာအဓိက။ ခေါင်းကအနှစ်။
တစ်ချို့ကညစ်ပတ်တယ်ပြောတယ်။ အဲ့ဒါခေါင်းကညစ်ပတ်တာမဟုတ်ဘူး။
စိတ်ကညစ်ပတ်တာ။ သေချာမှတ်ပါမြ။
ခေါင်းကိုဖြတ်ပစ်ဖို့လုံးဝမစဉ်းစားပါနဲ့။
ပုစွန်ကိုပုံမပျက်ပဲအိုးထဲထည့်ပါ။ ဆီနည်းနည်းထည့်ပါ။
ဆားအများကြီးမထည့်နဲ့။ ပုစွန်ဟာ ငန်သလိုချိုတယ်။
အချိုမှုန့်ဆား နည်းနည်းစီပဲထည့်။ ရေကိုပုစွန်မြုပ်အောင်ထည့်။
ခင်ဗျားအာလူးကြိုက်တတ်ရင် အာလူးထည့်လို့ရတယ်။ ပိုကောင်းတယ်။
ပုစွန်ချည်းသက်သက်ဆို ပုစွန်ပဲခင်ဗျားစားရမယ်မဟုတ်လား မြ။
ဒီတော့ အာလူးကို အနေတော်စိပ်ပြီးထည့်။ ဒါပေမယ့် အာလူးဆိုတာကြာတယ်။
နူးအောင်ပြုတ်ဖို့ကြာတယ်ပြောတာ။ အာလူးလာမပေးနဲ့ဆိုတာသိတယ်မလား။
ကြာလို့ပြောတာ။ ခုနကရေထည့်ပြီးရင် မဆလာများများခပ်။
ငရုပ်သီးအစိမ်းမှုန့်ထည့်။ မန်ကျည်းရည်ထည့်။ ဒါမှ ချဉ်စပ်ရမှာ။
ပြီးရင် အဖုံးလေးနည်းနည်းဟထား။ ပစ်ထားလို့ရတယ်။
အရိပ်တကြည့်ကြည့်စောင့်ကြည့်နေရအောင်ထိ မလိုဘူးမြ။
ခင်ဗျားသူ့ကိုပစ်ထားလိုက်။ ရေနည်းနည်းခမ်းသွားပြီဆို အာလူးကိုစမ်းကြည့်။
နူးမနူး။ ရေနည်းနည်းထပ်ထည့်။ ထပ်ပစ်ထားလိုက်။ အဲလိုနဲ့ ခင်ဗျားအာလူးနူးလာပြီဆို
အရည်ပျစ်ပျစ်လေးရတဲ့အထိ စောင့်။ နံနံပင်ကြိုက်ရင် နံနံပင်အုပ်လို့ရတယ် မြ။
ကိုယ်ကတော့မုန်းတယ်။ မအုပ်ဘူး။
ခုနကကိုယ်ပြောသလိုအရည်ပျစ်ပျစ်ရပြီဆို မီးလျှော့။ ထမင်းခူးပြီး ခင်ဗျားစားလို့ရပြီ မြ။


နေပိုင်
၀၈ မတ် ၂၀၁၃
၁၂း၂၇

Friday, March 29, 2013

မို နို ပို လီ က စား ကြမယ်



အိမ်ဝယ်မယ်။ ဟော်တယ်/မိုတယ် ဝယ်မယ်။ မြေဝယ်မယ်။
ပိုက်ဆံမရှိလည်း အံစာတုံးရှိ ဝယ်လို့ရနေတာပဲ။
ဒါပေမဲ့ မြို့ဝင်ကြေးပေးရမယ်ဆိုတော့ ကျွန်တော့်အလှည့်
တစ်လှည့်အောက်သွားတယ် ဂျူနို။
ကံဆိုတာ မြို့လည်ခေါင်က စက္ကူတွေပဲလား။
ဒီလိုလုပ် ပဟေဋ္ဌိတွေဖြေနေမယ့်အစား ကိုယ့်အကြောင်းကိုယ် အော်ဟစ်ကြရင်ပို
ကောင်းမယ်။ ထင်ရင်လုပ်သာလုပ်။
တစ်ခုပဲ။ ဒီဝိုင်းမှာ စင်ကာပူ ပိုလီမရှိဘူး။ (ဒါမြန်မာနိုင်ငံ)။
စစ်တုရင်ခုံပေါ်က လူဖြူလူမည်းတွေလား။ ဒီမှာ
စားချင်တိုင်းစားလို့မရဘူး။
အခွန်ဆောင်လိုက် မြို့ဝယ်လိုက်နဲ့ အံစာတုံးခေါက်ပြီး
လောကကို ဒီလိုပဲ ခဏခဏပတ်သွားကြမယ်။

ဖျားနာခြင်း




ကမ္ဘာကြီးက မျက်မှန်တပ်ပြီး (ကိုယ့်ကို) မျက်စောင်းထိုးလိုက်ပြီ။
စိုးရိမ်စိတ်က လည်ချောင်းထဲမှာမှ လာပြီး ကျို့ထိုးနေတယ်။
ကိုယ်ကလည်း ကိုယ်ပဲ။
လွမ်းတာကို လွမ်းတယ်လို့မပြောဘူး..
အိပ်ရေးပျက်ခံတယ်။

အရိပ်နဲ့မလွတ်တဲ့ ဦးထုပ်လေးလိုပဲ။
ကိုယ့်ကိုကိုယ်လည်း ဖမ်းမမိတော့ဘူး။
"ရှင်ကလေ.. သိပ်ကလေးဆန်တာပဲ" လို့
သစ်ကိုင်းခြောက်လေးက စိတ်ဆိုးတယ်။

"ပြောရင်လည်း ရှင်.. ရင်နာရဦးမှာပဲ
ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရဦးမယ်
ကျွန်မ ရှင့်ကို မယုံကြည်သေးဘူး"

ရေစင်အောင်ဆေးထားတဲ့စိတ်ဟာ မပြောင်သေးမှန်း ကိုယ်သိလိုက်ရတယ်။
ရှင့်ကို ကျွန်မ.. မချစ်ဘူးဆိုလည်း လူသတ်လို့ရနေတာပဲ။
ကိုယ်ကတော့ " မင်းကိုချစ်တယ်" လို့ ကိုယ့်ကိုကိုယ် ပြန်ဆဲထားတယ်။

ဟုတ်ပါတယ်။
ကိုယ်ဟာဒဏ်ရာရနေတဲ့
အေမိုင်နာ(Am)ကောဒ့်ကြီးပါ
အိပ်မက်ထဲက 'သွား' ရာလေးကို
လက်မောင်းပေါ်ပြန်ဝင်စားစေချင်တာတောင်
ကိုယ်က " ချစ်တယ်.. ချစ်တယ် " လို့ပဲ အမျှဝေတတ်တဲ့ကောင်။
မင်းက ကိုယ့်ကိုမယုံကြည်ဘူး။
အချစ်ကို ပြစ်မှားတယ်။

ကိုယ့်မှာ ရှေ့ဆက်တိုးစရာ ဖိနပ်မှမရှိဘဲ
မင်းမရှိတဲ့အခါကျရင် ညနေငါးနာရီခွဲလေးကို
ကျိုချက်ပြီးမှပဲ ကိုယ်လွမ်းပါတယ်
ပိုးမွှားသန့်စင်လို့လားမသိဘူး
အချစ်ဆိုတဲ့အသံကြားတာနဲ့ ကိုယ်ဖျားနာရတယ်။

-ကျွန်မ ပြန်တော့မယ်။
-ကိုယ်လွမ်းနေတာလေး မေ့ကျန်ခဲ့ဦးမယ်။
-လွမ်းနေရင်သိမ်းပေးထားပေါ့။

အချစ်ဟာ ကိုယ့်ကို
အကုသိုလ်အယောင်ဆောင်ပြီး
နဖူးတောက်သွားပြီ
တစ်ခုပဲရှိတော့တယ်
အနက်ရောင်မျက်မှန်လေးကို မီးလှုံမနေတော့ဘူး
ကိုယ်နားထင်ကိုပဲ ကိုယ်.. သေနတ်နဲ့ဆေးထိုးမယ်။




သူမ PlayStation ကျွန်တော်



လက်ချောင်းတွေအောက် ရုန်းရင်းဆန်ခတ်။ အပြေးအလွှား။
L1 + R1 ပုခုံးပေါ်ခေါင်းမှီထား။ လက်တစ်ဖက်ပေးထား။
အတူဆုံချိန် ညနေလေးနာရီ။ Start ။ (နာရီ.. ငါ့ခဏစောင့်)။
x x o ။ နှုတ်ခမ်းလေးဆူသွားရင် Game Over ။
မျက်စောင်းလှလှလေး။ Counter Attack ။ အောက်ဆီဂျင်ပုလင်း မတွေ့ရင် သေပြီ။
လက်မောင်းပေါ်က "သွား" ရာလေးနဲ့ သူမ၏နောက်ဆုံးပါဝါ။
ဆွဲဆိတ်တယ် (X) ။ ဗိုက်ခေါက်လိမ်တယ် (ဝ) ။ နဖူးချင်းတိုက်တယ် (x + ဝ)။
သူမက ကစားသမား။ ငါက ကိုယ့်ကိုကိုယ်ပြန်မိနေရတဲ့ ရုပ်မြင်သံကြား။
အိမ်အပြန်လမ်း။
Sign Out !
Game Over ။
မနက်ဖြန်ကို နှိပ် ။ အဲဒါ Restart ပဲ။

အောက်တိုဘာသို့ခမ်းနားခြင်း




ရေချင်းတူပေမဲ့
ငါတို့အလှည့်မှ
ဆားခတ်ခံထားရသလိုမျိုး
ပင်လယ်ဆန်ဆန်ဝေးတယ်
နွေနှောင်းသစ်ရွက်ဆွေးလေးတွေ
၃ခါကြွေပြီးရင်တော့
လေဆိပ်မှာလာကြိုပါ။




ကျနော်တို့ဆိုတာ...အသက်ကြီးနေတဲ့ကလေးတွေ



လက်ကောက်ဝတ်မှာ နာရီတစ်လုံးနဲ့လက်ထိပ်ခတ်ထားတယ်ဆိုတော့
နယ်ဝေး ဆိုတာ ကမ္ဘာကြီးလက်ခုပ်ထဲက ရေပဲ။

ကျနော်လမင်းငတ်တုန်းက ဘယ်သူမှမသိလိုက်ဘူး
ယုံ…
ပုခက်ထဲအိပ်နေကျသစ်ပင်က မြေကြီးပေါ်လမ်းဆင်းလျှောက်တယ်
မနေ့ကကျပျောက်သွားတဲ့သောကြာနေ့ကို
ဘယ်သူမှမတွေ့လိုက်ဘူးတဲ့။

ကျနော်လည်းမမှတ်မိဘူး
ဇူလိုင်က လူကြီးလူကောင်းဆန်တယ်
ကျနော်က လူဆန်ချင်တယ်။

နှာခေါင်းထဲဝင်သွားတာ အောက်ဆီဂျင်မှဟုတ်ရဲ့လားလို့ သံသယဖြစ်မနေနဲ့
ကလေးဆိုတာ လူတစ်ယောက်ရဲ့နောက်ကြည့်မှန်ပဲဖြစ်တယ်

ပြီးတော့ ကျနော်တို့ဆိုတာ အသက်ကြီးနေတဲ့ကလေးတွေလည်းဖြစ်တယ်။



ဆောင်းည အပိုဒ်ခွဲ (၇)



(၁)
မီးဟုန်းဟုန်းတောက်နေတဲ့
သင်္ကြန်ပျက်လေးဟာလည်း
ဧပရယ်မှာပဲ
သူလိုကိုယ်လို စဲသွားတယ်။

လက်ဖဝါးပေါ်က ထီးရိုးလေးဟာလည်း
မရဏဖွားလေးပဲမို့
နှုတ်ခမ်းကိုက်ပြီး
ထွက်ပြေးသွားတယ်။

ဒီလိုနဲ့...
ဧပရယ်သေဆုံးတာ
ကြာပြီ။

(၂)
လမင်းမရှိတဲ့ညဟာ
စာအုပ်ထဲကိုခဏခဏမှောက်ကျနေတဲ့
ပွဲချင်းပြီး ရင်ဘတ်လေးတစ်ခုပါပဲ။

လွမ်းတယ်..လမင်းရေ
(သက်တံ့လေးလို)ငါက
တစ်ခြမ်းထဲဖြစ်နေလည်း
လွမ်းရမယ့်ကောင်မို့
တစ်ခြမ်းစာလေးပဲ ပီပီသသလွမ်းတယ်။

နင်ကတော့သိမှာမဟုတ်ပါဘူး
ကိုယ့်အတ္တကိုယ် ဝါးမြိုရတဲ့ကိစ္စက
သိပ်ကြီးကျယ်လှတယ်တော့လည်း
ဘယ်ဟုတ်ပါ့မလဲ
ဒါပေမဲ့...
ဒါပေမဲ့ပေါ့လေ

ကြွေခါနီးနွေထဲမှာမှ
ရဲနေအောင်ပွင့်ချင်တဲ့သစ်ရွက်လေးက
ကိုယ့်ကိုကိုယ်နောင်တရလိုက်သလိုမျိုး
ငါကလည်း တစ်ခါသုံးအချစ်ကိုမှ ယုံစားခဲ့မိတာကိုး...တဲ့။

(၃)
လမင်းသာမငြူစူဘူးဆိုရင်
ကျွန်တော်လည်းဖြူချင်ပါတယ်လမင်းရယ်
ကောင်းကင်အောက်မှပဲ ရို့ရို့လေးဝပ်တွား
သေမိန့်ချသံတွေဟာ
ဓါးသွားအတွက်တော့...ခါးပါတယ်။



ဆည်းလည်းလေး ၄၅ ဒီဂရီတိမ်းစောင်းသွားသလို
ဆောင်းကလည်း နှင်းမကျဘဲ
ကောင်းကင်မှာ…
တွဲလောင်းလေးခိုထားတယ်
၂၀၁၀ပြက္ခဒိန်က
လူလိမ်မလေးတစ်ယောက်လိုပေါ့။

သူမမှာ ဆောင်းသားမစားတတ်တဲ့
အကျင့်ဆိုးလေးရှိတယ်
ကျွန်တော်က
သင်္ကြန်နဲ့ခဏခဏ ရန်ဖြစ်သလိုမျိုးပဲပေါ့
ခုတော့လည်း
စာရွက်ထဲမှာပဲ ကွင်းခတ်ပြီး
လွမ်းလွမ်းနေရတယ်... လမင်းရယ်။

(၄)
ကျွန်တော်ကျန်ရစ်ခဲ့တဲ့နေ့မှာ
လွယ်အိတ်လေးကတော့ ကျောင်းတက်တယ်
ကိုယ့်ကိုကိုယ်ပြန်ဆွဲထုတ်ကြည့်မိတော့
မှတ်စုစာအုပ်က ပါမလာဘူး
(အဲဒီ့နေ့က ဆရာမက သုံးချက်ရိုက်တယ်)။

တကယ်ဆို...
ငါဟာ ဆောင်းကြောက်တဲ့
မှော်ဆရာတစ်ယောက်ပေါ့ကွယ်
နေ့မှာလည်း ငါပဲပူခဲ့ရ
ညမှာလည်း ငါပဲမှောင်ခဲ့ရ
ဒီလိုနဲ့လကွယ်နေ့တိုင်း
ဘယ်ဘက်လက်ထဲက မီးအိမ်နဲ့
လမင်းကိုလည်း လင်းထိန်စေခဲ့ချင်သူပေါ့။



ငါ့ကို အတ္တလို့ခေါ်လည်းရပါတယ် လမင်းရယ်
ပဉ္စလက်ဆန်ဆန် အတ္ထုပ္ပတ္တိနဲ့
နွေရာသီမှာလည်း
ရင်ဖွင့်ပြီးလွမ်းရတာပေါ့။

ထူးထူးခြားခြားမဟုတ်ရင်တောင်
တိမ်လွှာမျဉ်းကွေးသဏ္ဍာန်တွေနဲ့
လိုက်လျောညီထွေဖြစ်တဲ့အထိ
နွေခေါင်ခေါင်မှာပဲ
ဘောင်ခတ်ပြီး ငါ..နေခဲ့လိုက်ပါ့မယ်။

(၅)
အနိုင်ပိုင်းသွားတဲ့သူဟာ
အနိုင်ရသူတဲ့လား လမင်းရေ...

ဒါဆိုရင်
ရင်ဘတ်တစ်ခုလုံးကြွေမွစုတ်ပြတ်နေသည်အထိ
(ငါ)
လက်ခုပ်တီးပြချင်မိပါသေးတယ်။

နီညိုရောင် စစ်တလင်းမှာ
ကိုယ့်ကိုကိုယ်ပြန်တိုက်ပြီးမှရတဲ့ အလွမ်းဆိုတာ
အရှုံးသမားအတွက်
နှစ်သိမ့်ဆုတဲ့။

အိပ်မက်တွေမကြွေခင်အထိတော့
ငါလည်း
အဝါရောင်သမ်းပြခဲ့ပါသေးတယ်။

အချစ်ဆိုတာ
အချိန်တန်ရင်ပါးသွားတဲ့ ရွှေရည်စိမ်လို့သာ
လက်ညှိုးငေါက်ငေါက်ထိုးချလိုက်ပါတော့...

ငါသေရင်သာ
လမင်းထဲမှာမြှုပ်ပေးပါ လမင်းရယ်။

(၆)
နင့်မျက်နှာလေးကို ငေးရင်း
ဂစ်တာအိုလေးလည်း
သီချင်းဆိုတတ်သွားတာ ကြာပေါ့...

မုတ်သုန်လေထဲမှာ
မုန်တိုင်းနဲ့မတိုးခင်ထိ
ငါပျော်နေမိတာဆန်းလား...

ရင်ဘတ်သမားမို့
ဝင်တာမီယာအကြောင်း
စာလုံးမပေါင်းတတ်တာ ဆန်းလား...

ပုဝါပါးလေးမို့
အစွန်းအထင်းမခံတာ ဆန်းလား...

မိုးရွာသလို
ဆောင်းရွာခွင့်မရှိတဲ့ခေတ်ကတော့
ဆန်းပါတယ်လမင်းရယ်။

မျှော်လင့်ချက်တွေကပဲ
ညွတ်ကိုင်းကွေးယှက်
အလွမ်းတောင်အသက်ကြီးလာတာ
ဘာလိုလိုနဲ့ပါပဲလေ
ဓားသွားတွေဖုံးအုပ်ထားတဲ့ ပျားရည်ထဲ
ပျော်ဝင်နေမိမှတော့
ကိုယ့်ကိုကိုယ်ချိုလှပါတယ်လို့
ဘယ်လိုပြောပြရမလဲ...
ဇန်နဝါရီလ ၅ ရက်
သိပ်ရယ်ရတာပဲလမင်းရယ်။

(၇)
နောက်ကျကျန်ရစ်ခဲ့တဲ့
ဖယောင်းတိုင်လေးက
နွေကိုကြိုနေသလိုပဲ
ငါလွမ်းရင်းဆွေးနေတဲ့ဘဝမှာ
နင်ပျော်ပါစေ...

ပြီးတော့
လေနုအေးလေးက ဆံစအဖျားကို
တစ်ပြနှစ်ပြတိုက်ခတ်ပြီး
ဆော့ကစားပါစေဦးတော့

မချိုလည်း ပြိုခွင့်ရရုံနဲ့
ကျေနပ်တတ်ခဲ့ပါပြီ။

နှစ်ချို့သစ်ပင်ကြီးက
လေးတိလေးကန်နွဲ့ယိမ်းပြတိုင်း
ခပ်မှိုင်းမှိုင်းလက်ပြနှုတ်ဆက်ကြဦးစို့

ကမ္ဘာဦးကကျမ်းမှာ
ငါဟာ
လောင်ကျွမ်းနေတဲ့ နှင်းစက်တွေအဖြစ်
ရောယှက် ပတ်သက်နေဦးမယ်
တကယ်ပါလမင်းရယ်
မလောင်တတ်တဲ့ ငွေ့ရည်ဟာ
မုတ်သုန်နဲ့ကြုံတိုင်း
ပြိုနေကျဆိုတာလေး...
(ကြုံရင်)
လမင်းကိုထပ်ပြောပြချင်ပါသေးတယ်။


ခေါင်းလောင်းငိုသံ




စာအုပ်လေးကြားက
အလွတ်ရနေတဲ့ နံပါတ်လှလှလေးတွေ
တစ်ယောက်တစ်မျိုး
တိုးတိုးလေး ခိုးလှောင်နေကြ
မရတော့ဘူးဆိုတဲ့အသိလေးနဲ့တင်
ဘယ်ဘက်ဒေါင့်ယွန်းယွန်းကတိုင်လေးတွေ
ညတိုင်းငိုတယ်။

Monday, March 25, 2013

ခြားနားခြင်းများ



(၁)
မီးဖိုချောင်ထဲတွင် လေးမေတစ်ယောက်တည်း ပုစွန်အခွံခွါနေ၏။ ပုစွန်၏ အပေါ်ယံ အခွံငယ်များကို ချွတ်ကာ ငရုပ်သီးအစိမ်းမှုန့်လေးနှင့် ခပ်ကျစ်ကျစ်၊ ခပ်ခြောက်ခြောက်ကလေး ကြော်လျှင် သားငယ်မှာ အလွန်ကြိုက်တတ်၏။
သူမ၏ ခင်ပွန်းဖြစ်သူ ကိုမျိုးကိုအတွက်ကား ထိုသို့မဖြစ်။ ကြက်သွန်ဖြူအပြားရိုက်ကာ ဆီသတ်ရမည်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ပါးပါးလှီးကာ ဆီသတ်ထားသည့်ထဲထည့်ရမည်။ ရေအနည်းငယ်ဖြင့် ခဏစောင့်လျှင် ခရမ်းချဉ်သီးအနှစ် ရမည်။ ထိုအချိန်မှသာ မန်ကျည်းရည်ထည့် ငရုပ်သီးစိမ်းကလေးထည့်ကာ ချဉ်စပ်ကလေးလုပ်မည်။ အပေါ့အငန် မြည်းကာ ပုစွန်ထည့်မည်။ ပုစွန်ကို အစတည်းက ထည့်ထားလို့မဖြစ်။ ပုစွန်ပျော့သွားပါက ခက်မည်။ အနှစ်ရမှ ပုစွန်ထည့်ကာ နံနံပင်ကလေးအုပ်လျှင် ကိုမျိုးကိုက ကြိုက်တတ်သည်။
ယခုလောလောဆယ် သားငယ်အတွက် ပုစွန်ခေါင်းချွေနေခြင်းဖြစ်သည်။ လက်ပေါက်ကပ်လှ၏။ လက်ဝင်၏။ အနုစိပ်ရလွန်း၏။ အချိန်ပေးရ၏။ ညထဲမှစ၍ ယခုလို ကြိုတင်ပြင်ဆင်ထားမထားပါက မနက်ရုံး၊ ကျောင်းအမီ ကျက်ရန် အတော်ပင် ကသီလင်တ ဖြစ်ရမည်။
ညခုနစ်နာရီထိုးတော့မည်။ လေးမေခပ်သွက်သွက်လုပ်နေရ၏။ (၇)နာရီတွင် လာလာနေသော နိုင်ငံခြားဇာတ်လမ်းတွဲက လေးမေအကြိုက်ဖြစ်သည်။ လေးမေတင်မက အိမ်ရှင်မတော်တော်များများ ကြိုက်နှစ်သက်ကြ၏။
“မေမေရေ.. ဇာတ်လမ်းလာနေပြီ”
“အော် အေးအေး.. လာပြီသားရေ”
သားငယ်၏ အော်သံကြောင့် လေးမေတစ်ယောက် ကမန်းကတန်း ထသည်။ လက်ဆေး၏။ ရေပိတ်၍ လှည့်အထွက် ကြောင်အိမ်အားတိုက်မိကာ ကြောင်အိမ်ပေါ်မှ စတီးပန်းကန်ပြား ပြုတ်ကျသွား၏။
“ဂလုံ…ဂွမ်…”
“ဟဲ့ကြောင်! ဒီမှာ ကျကုန်ပြီ”
လေးမေက သူမ၏အပြစ်ကို ဖုံးရန် အိမ်တွင်မွေးထားသည့်ကြောင်အား အပြစ်ပုံချလိုက်၏။
“ဘာဟဲ့ကြောင်လဲ မွေးထားတဲ့ကြောင်ကဖြင့် အိမ်ရှေ့မှာကို”
လေးမေတစ်ယောက် မျိုးကို၏ အသံကြောင့် ပြုံးစိစိဖြစ်သွား၏။ သူပြောလိုက်သည်ကိုလူမိသွားသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ထို့နောက် အိမ်ရှေ့ထွက်လာခဲ့လိုက်၏။

(၂)
“ဟိုဘက်တိုးဦးကွာ”
“ဟ.. တိုးလို့မရတော့ဘူး ငါလည်းကြပ်နေပြီ”
“ငါသေချာမမြင်ရတော့ဘူးကွ”
လေးမေ အိမ်ရှေ့တံခါးဆီသို့တစ်ချက် လှည့်ကြည့်လိုက်၏။ တံခါးပေါက်တွင် စုပြုံနေသော ကလေးထုကြီးထံမှ စကားသံတဖြည်းဖြည်းတိုးက ငြိမ်သက်သွားကြ၏။ လေးမေရုပ်ရှင်တော့ နားအေးပါးအေး ကြည့်ချင်သည်။ သူမစိတ်အပန်းဖြေစရာမှာလည်း ဒီတစ်ခုပင်ရှိသည်မဟုတ်ပါလား။ လေးမေကိုယ်တိုင်လည်း ရုံးဝန်ထမ်းမို့ ဟိုဟိုဒီဒီ မသွားနိုင်။ ညဘက်ရုပ်ရှင်ကြည့်ချိန်ကလေးသာ သူမ၏ စိတ်အပန်းဖြေစရာ။ အိမ်ပေါက်ဝမှ ကလေးငယ်များ ငြိမ်သွားသည်မို့ ရုပ်ရှင်ပြန်ကြည့်နေလိုက်၏။
“ဟေ့ကောင်.. မတိုးပါနဲ့ဆိုကွာ ဒီမှာ ပြုတ်ကျတော့မယ်”
“ငါလည်းသေချာမှမမြင်ရတာ”
“ဟေ့… အရှေ့က ထိုင်လေကွာ နောက်က ဘယ်မြင်ရမှာလဲ”
“အေးလေကွာ”
လေးမေအာရုံနောက်လာသဖြင့် လှည့်ငေါက်လိုက်၏။
“ကဲ ကောင်းကောင်းကြည့်ကြလေ။ မဟုတ်ရင် တီဗွီ ပိတ်လိုက်တော့မယ်။”
ကလေးများ ငြိမ်သွားကြ၏။
ရပ်ကွက်အတွင်းမှ အရွယ်စုံဆိုဒ်စုံ ဘုစုခရုကလေးများဖြစ်ကြသည်။ ချေးညှော်များ ပေကျံနေကြပြီး နွမ်းပါးသောအဝတ်အစားများနှင့် ကလေးငယ်များဖြစ်ကြသည်။ ရပ်ကွက်တွင်းတွေ့မြင်နေရဆဲ။ အမှန်ပင်ရှိနေကြသော လူတန်းစားတစ်မျိုးပင်မဟုတ်ပါလား။ ကျောင်းတက်ရမည်ကို မသိကြ။ သိကြသည့်တိုင် မိဘများမှာ ကျောင်းမထားနိုင်ကြ။ ၂၄နာရီလုံးတွင် ထမင်းတစ်နပ်စားနိုင်ဖို့ပင် ရုန်းကန်နေရသူများဖြစ်သည်။ ထို့ကြောင့်မိမိကလေးများအား မသွန်သင်အား မဆုံးမအား။ ဂရုမစိုက်အား။ ထိုကလေးတို့သည်လည်း ဖြစ်ချင်တိုင်းဖြစ်။ ညဘက်တွင် အိမ်တကာပေါက်ဝတွင် လိုက်ကာတီဗွီကြည့်ကြ။ မျက်စိသူငယ်နားသူငယ်ဖြင့် ရှင်သန်နေကြရ၏။

(၃)
ဇာတ်လမ်းထဲတွင် ဖြစ်သည်။ ထောင်မှထွက်လာသော အမျိုးသမီးတစ်ဦးက အခန်းတစ်ခန်းအား တံခါးခေါက်နေ၏။ ဇာတ်လမ်းအသွားအလာ သဘောအရပင် ထောင်မှထွက်လာသည်ဟု သိရသော်လည်း ထောင်ထွက်တစ်ယောက်နှင့် လားလားမှမတူ။ မြန်မာဇာတ်လမ်းတွင်မြင်ဖူးနေကျလို ဆံပင်မွဲခြောက်ခြောက် အသားအရေက မဲပြာမနေပေ။ သိပ်လှပလွန်းနေသည်မဟုတ်သည့်တိုင် ဝတ်မှုန်ရွှေရည် အလှပြင်မထားသည့် ရုပ်လောက်တော့ ကျန်သည်။
“အို.. မာရီနာ.. လာပါ ထိုင်ပါ”
အမျိုးသမီးမှာ ထိုင်ခုံတွင်ဝင်ထိုင်၏။ ထို့နောက်တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။ အမျိုးသားဖြစ်သူက စကားစပေး၏။
“အလုပ်ကြောင့် မင်းထောင်ကျသွားတယ်လို့ ကိုယ်ကြားပါတယ်။ အခုမင်းမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။ ကိုယ်တတ်နိုင်သလောက်ကူညီမှာပါ”
“ကျွန်မတို့နှစ်ယောက် နှစ်ဦးသဘောတူကွာရှင်းထားပြီးပေမယ့် ..”
အမျိုးသားက ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။ အမျိုးသမီးကစကားဆက်၏။
“ကျွန်မထောင်ထဲရောက်နေတုန်း မိဘမဲ့ဂေဟာမှာ အပ်ခဲ့တဲ့ သားနဲ့သမီးကို ပြန်သွားရွေးဖို့ ရှင်ပါလိုက်ခဲ့ပေးဖို့လိုအပ်နေလို့ပါ”
အမျိုးသားမှာ မေးစေ့ပွတ်ကာ စဉ်းစား၏။
“အခုလား”
“အခုဆိုရင်တော့ ကောင်းတာပေါ့ရှင်”
“ကောင်းပြီလေ ကျွန်တော်လိုက်ခဲ့ပါ့မယ်”
အမျိုးသမီးမှာ မတ်တပ်ထကာအခန်းအပြင်သို့ ထွက်လိုက်၏။ အမျိုးသားဖြစ်သူမှာလည်း အပေါ်ကုတ်အင်္ကျီဝတ်ကာ နောက်မှလိုက်လာ၏။

(၄)
မိဘမဲ့ဂေဟာတွင်ဖြစ်၏။
“မင်းမိဘတွေပြန်လာခေါ်မှာမဟုတ်ဘူးဆိုတာ မင်းမသိဘူးလား။ သွားစမ်း ဆော့စရာရှိတာ သွားဆော့ချေ”
“မဟုတ်ဘူး သားမေမေ သားကိုပြန်လာခေါ်မှာ”
ကလေးငယ်မှာ နေရာတွင်ပင် ငုပ်တုပ်ထိုင်လိုက်၏။
“ထစမ်း မင်းကိုငါထစမ်းလို့ပြောနေတယ်”
“ဆရာမ”
ကလေးငယ်၏ ကွာရှင်းထားသော မိဘနှစ်ဦးဖြစ်၏။ ဆရာမက သေချာမသိ။
“ဘာကိစ္စလဲမသိဘူး”
“ခင်ဗျားဘာလို့ ကလေးကို ဆူပူကြိမ်းမောင်းနေတာလဲ”
“ဒါက ရှင်နဲ့မဆိုင်ပါဘူး”
ဆရာမဖြစ်သူက လေသံခပ်မာမာနှင့်တုန့်ပြန်၏။ လာပြောသူအမျိုးသားအား ခြေဆုံးခေါင်းဆုံး ကြည့်၏။
“ဆိုင်တယ် ဒါကျွန်တော့်သားပဲ”
“အို…”
ဆရာမ၏ မျက်နှာ ချက်ချင်းမှောင်ကျသွား၏။
“မဟုတ်ပါဘူးရှင်..ကျွန်မက..”
“ဘာမဟုတ်တာလဲ ခင်ဗျားမှာ ကလေးကို ဒီလိုဆူပူကြိမ်းမောင်းခွင့်မရှိဘူးဆိုတာ ခင်ဗျားမသိဘူးလား”
အမျိုးသားဖြစ်သူမှာ အသာစီးရသွားပြီဖြစ်သည်။ နိုင်ငံခြားတွင် ကလေးကို ရိုက်ဖို့ပင်ဝေးရော ဆူပူကြိမ်းမောင်းသည်ကိုပင် မိဘများမကြိုက်တတ်ကြပေ။ အမျိုးသားမှာ ဒေါသသံများ ဖြာထွက်နေ၏။
“ဒီလိုပါရှင်..”
“အပိုတွေပြောမနေနဲ့ ကျောင်းအုပ်ရုးံခန်းလိုက်ပို့”
ဆရာမက ဦးဆောင်ကာ မာရီနာနှင့် သူ၏ ကွာရှင်းထားသူ အမျိုးသားတို့ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ရောက်သွားကြ၏။

(၅)
ကျောင်းအုပ်ဆရာမက စာရွက်များကို စစ်ဆေးပြီးနောက် မျက်မှန်ချွတ်ကြည့်၏။
“ကလေးကို ဘယ်သူပြန်ခေါ်သွားမှာလဲ”
“ကျွန်မပါ”
မာရီနာက ယဉ်ယဉ်ကျေးကျေးဖြေ၏။
“ရှင်အခုဘယ်မှာနေပါသလဲ”
“ဟို.. ဟိုလေ.. ကျွန်မလောလောဆယ်မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်အိမ်မှာနေပါတယ်။”
ကျောင်းအုပ်ဆရာမကြီးမှာ မျက်မှောင်ကျုံ့၏။
“ရှင်ဘာအလုပ်အကိုင်လုပ်သလဲ”
“ဟို.. အလုပ်ကလည်း ကျွန်မရှာထားဆဲပါ”
“ရှင်ထောင်က ထွက်လာတာ မကြာသေးဘူးမဟုတ်လား”
“ဟုတ်ပါတယ်”
ဆရာမကြီးက စာရွက်များကို ပြန်လှန်လှောကြည့်၏။
“ကျွန်မကလေးနှစ်ယောက်ကို ရှင်နဲ့ပြန်မထည့်ပေးနိုင်ဘူး”
“ဟို..”
မာရီနာ စကားမစမီ ဆရာမကြီးက လက်ကာပြ၏။ ထို့နောက်စကားဆက်ပြော၏။
“ကျွန်မအနေနဲ့ ကူညီနိုင်တာဆိုလို့ တစ်ခုပဲရှိတယ် ကလေးတွေကို သူ့အဖေဖြစ်သူနဲ့ ပြန်ထည့်ပေးလိုက်ဖို့ပါပဲ။ ကလေးအဖေဖြစ်သူက အလုပ်အကိုင် နေစရာအိမ် အတည်တကျရှိနေတယ်”
“ဟိုလေ မလုပ်ပါနဲ့ရှင်.. ကျွန်မအတွက် ကလေးတွေက မရှိမဖြစ်လိုအပ်နေလို့ပါ”
မာရီနာ၏အသံမှာ တုန်ရီနေ၏။ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများမှာလည်းအထင်အရှား ကလေးနှစ်ယောက်ကို သူမ ပြန်မရလျှင် သေမသွားနိုင်သည့်တိုင် သေလောက်အောင်တော့ ခံစားရနိုင်သည်။မာရီနာ ထပ်ကြိုးစားပြောကြည့်သည်။
“ကျွန်မ တစ်ပတ်အတွင်းအလုပ်ရှာမှာပါ ကျွန်မကို ဒီအခွင့်အရေးတော့ပေးပါ။”
ဆရာမကြီးက မျက်မှောင်ကျုံ့ကာမေး၏။
“ရှင်နဲ့ကလေးတွေထည့်ပေးလိုက်တာက လွယ်လွယ်လေးပါ။ ဒါပေမယ့် ကလေးတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ နေအိမ် ၊ စားသောက်ဖို့ အစားအစာ၊ ကျောင်းနေဖို့ကိစ္စအဝဝ၊ အဝတ်အစားလိုအပ်ချက်၊ အသုံးအဆောင်ပစ္စည်း ၊ ဖျားနာတဲ့အခါ ပြသဖို့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်၊ ကာကွယ်ဆေးထိုးဖို့ ကုန်ကျစရိတ် ဒါတွေ ဒါတွေ… ဒါတွေဟာ ကျွန်မတို့ကျောင်းမှာ အားလုံးပြည့်စုံတယ် ရှင့်အနေနဲ့က..”
မာရီနာက စကားဖြတ်ပြော၏။
“ကျွန်မတစ်ပတ်အတွင်း အလုပ်ရှာမှာပါရှင် ကျွန်မ ကတိပေးပါတယ်”
ကျောင်းအုပ်ဆရာမကြီးခေါင်းညိတ်ပြလိုက်၏။
ထိုအခန်းတွင် ဇာတ်လမ်းတစ်ပိုင်းဖြတ်ကာ ကြော်ငြာဝင်၏။

(၆)
“ဟာ… ကြော်ငြာလာပြီ”
“ဟယ် အေး ဟုတ်တယ်”
“ဘာကြော်ငြာလည်းမသိဘူးနော် ပုလင်းလေးတွေက ချစ်စရာလေးတွေ”
တစ်ယောက်တစ်ပေါက် ဆူညံသံတွေကြောင့် လေးမေ တီဗွီပိတ်ပစ်လိုက်၏။
နိုင်ငံခြားဇာတ်လမ်းတွဲတွင် စာတမ်းထိုးပြခြင်းအား အိမ်ပေါက်ဝမှ ကလေးငယ်များ မဖတ်တတ်ခြင်းကိုပင် ကျေးဇူးတင်ရမည်။ ဖတ်တတ်ကြပါက နိုင်ငံခြားဆိုတာကို သူတို့မိဘထံ ပြန်မေးကြလိမ့်မည်။ ထိုအခါ သူတို့၏မိဘများအနေဖြင့် ဖြေရခက်မည်မဟုတ်ပါလား။ ယခုတော့ အရာအားလုံးဟာ နေသားတကျအတိုင်း။
လေးမေ တီဗွီပိတ်လိုက်ခြင်းကြောင့် ထိုကလေးငယ်များ ထပြန်သွားကြ၏။ သူတို့သည် ကျောင်းတက်ရန် ထသွားကြခြင်း မဟုတ်ပါ။ အိမ်ယာမရှိသောကြောင့် အိမ်ပြန်သွားကြခြင်းလည်း မဟုတ်ပါ။ အဝတ်အစားလဲကြရန် ရေပြန်ချိုးကြခြင်းလည်း မဟုတ်ပါ။ နိုင်ငံခြားဇာတ်လမ်းတွဲထဲမှ မိဘမဲ့ဂေဟာသို့ သွားကြခြင်းလည်းမဟုတ်ပါ။ တီဗွီရှိသော နောက်ထပ်တစ်အိမ်သို့ ကူးသွားကြခြင်းသာ ဖြစ်ပါလိမ့်မည်။

တရုတ် ဈေးသည်များ



(၁)
ဆီပူပြီမှန်းသိသာလွန်း၏။ ဒေါ်စိန်မေက မီးဖိုအောက်မှထိုးထားသော ထင်းချောင်းများအား လိုက်ညှိပေး၏။ သူမ၏ဘေးတွင် ချထားသောရေပုံးထဲသို့ ဆန်မှုန့် လေးထုပ်ခန့် ဖောက်ထည့်၏။ ထို့နောက် ရေထည့်၏။ သစ်သားယောက်မဖြင့် သမအောင် မွှေ၏။ ဆန်မှုန့်ခပ်ပျစ်ပျစ် အနှစ်ရလာ၏။ ထိုထဲသို့ ဗူးသီးချောင်းကလေး လေးခုအား ပူးကိုင်ကာ နှစ်လိုက်၏။ ထို့နောက်ဆီပူဒယ်အိုးထဲသို့ ထည့်လိုက်၏။
ဒေါ်စိန်မေ အသက်ခြောက်ဆယ်ကျော်ပြီ။ သားသမီးကျောထောက် နောက်ခံ မရှိသဖြင့် တတ်သာသော အလုပ်ဖြင့် အသက်မွေးနေရ၏။ အကြော်သည်ဘဝမှာ ပင်ပန်းလှ၏။ ထို့ထက် ပင်ပန်းရသည်မှာ သူမ၏ အသက်နှင့်အတူ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြောင့်ပင်။
“အမေကြီး ဘူးသီးကြော်ရပြီလား”
ဒေါ်စိန်မေ အကြော်ဗန်းထဲသို့လှမ်းကြည့်ကာ မေး၏။
“သမီးက ဘယ်နှခုယူမှာလဲ”
“သုံးရာဖိုး”
ဒေါ်စိန်မေ အကြော်ဗန်းထဲမှ ဘူးသီးကြော်များကို အလျင်အမြန် ရေတွက်၏။
“အော် အေး သမီး ခဏစောင့်ပါလား။ ဒီတစ်ဒယ်ချရင် ရပြီ”
“ဟုတ်ကဲ့အမေကြီး စောင့်လိုက်မယ်လေ”
“သမီးက ဒီနေ့အစောကြီးလာတာကိုး”
“ဟုတ်တယ်အမေကြီး ဒီနေ့ဈေးမှာလိုချင်တာလေးတွေရှိလို့ စောစောသွားတာ။ ဒါတောင် မျှစ်ပဲရတယ်။”
ဒေါ်စိန်မေက ခြင်းထဲမှ မျှစ်ချဉ်ထုပ်အား လှမ်းကြည့်၏။ အထုပ်အတွင်းမှာပင် မျှစ်စို့ကလေးများ ရဲဗလောင်းခတ်နေ၏။
“အမေကြီးကော ဈေးရောင်းကောင်းရဲ့လား”
ဒေါ်စိန်မေသက်ပြင်းအရင်ချ၏။
“ဒီလိုပါပဲသမီးရယ် ရရ စားစားပေါ့။ ဈေးတွေကတက်ပေမယ့် အမေကြီးအကြော်က တက်လို့မရဘူးလေ။ ဈေးအိုးကွဲကုန်မှာပေါ့”
“အော် အမေကြီးရယ် ဒါဆိုလည်း ဆီတို့ဘာတို့ပြောင်းသုံးကြည့်ပါလား။ တရုတ်ကလာတဲ့ ဆီမျိုးဆိုသိပ်ဈေးသက်သာတာ”
ကျက်သွားသောဗူးသီးကြော်အား ဆီပူထဲမှဆယ်ယူက ဗန်းထဲထည့်လိုက်၏။
“တရုတ်ကလာတဲ့ဆီ ဟုတ်လား”
“ဟုတ်တယ်အမေကြီး စားအုန်းဆီလိုလို ပဲဆီလိုလို သိပ်မသေချာဘူး။ အနံ့ကလည်း စားအုန်းဆီမဟုတ်ပဲဆီမဟုတ်အနံ့မျိုး၊ ဈေးကတော့ သိသိသာသာကို သက်သာတာ။”
ဗူးသီးကြော် သုံးရာဖိုးအား ကြွပ်ကြွပ်အိတ်နှင့်ထုတ်ကာပေးလိုက်၏။ လာဝယ်သူကောင်မလေးက ငွေသုံးရာကို အမေကြီးအား ရိုရိုသေသေပေးကာ ထွက်သွား၏။ ဒေါ်စိန်မေ ထိုငွေအား အောက်ခံအင်္ကျီထဲသို့ထည့်ကာ စိတ်ထဲတွေ တေးမှတ်ထားလိုက်၏။
“တရုတ်ကလာတဲ့ ဆီ”

(၂)
“နင့်ဆိုင် လူတွေများလှချည်လား”
တဖက်ဆိုင်မှ အမျိုးသမီးက ပြုံး၏။ ထို့နောက် လက်ကာပြ၏။ ခဏနေဦးဆိုသည့်သဘောပင်။ ဈေးဝယ်များအား အသေအချာရောင်းပေးပြီးနောက် ထိုအမျိုးသမီးစကားစ၏။
“မြေကြီးထဲကလာတဲ့မျှစ်က အဖြူလေ အစကငါလည်းမသိတော့ ရောင်းမကောင်းဘူးပေါ့ဟယ်။ ဒါပေမဲ့ ဟိုဘက်ဈေးထဲမှာ တစ်ယောက်က အရောင်ဆိုးပြီးရောင်းတာ သိပ်ရောင်းရတာနဲ့ ငါလည်း ဆိုးကြည့်တာ”
တဖက်အမျိုးသမီးက မျှစ်ချဉ်ပုံးများအား လှမ်းကြည့်၏။ ဟုတ်ပါသည်။ မျှစ်ချဉ်များမှာ သူမ ယခင်က ရောင်းနေသည်နှင့်မတူ။ ဖွံ့ဖွံ့ထွားထွားနီရဲရဲ မျှစ်ချဉ်များ ဖြစ်ကြ၏။
“နင့်ဆိုးဆေးက ဘယ်လိုဆိုးရတာလဲ”
မျှစ်ချဉ်ဆိုင် အမျိုးသမီးမှ ဗူးသေးလေးတစ်ဗူး ပြ၏။ ဗူးထဲတွင် နီရဲရဲအမှုန့်များ။
“ဒီအမှုန့်တွေကို မျှစ်ချဉ်လုပ်တဲ့အချိန်ထည့်လိုက်ရုံပဲ။ ညခတ်ထား မနက်ကျရဲနေရော”
“အော်..”
“သေချာစနစ်တကျလုပ်တဲ့အမှုန့်ကော ဟုတ်ရဲ့လား”
မျှစ်ချဉ်သည်က ဘေးဘယ်ညာကြည့်၏။ တိုးတိုးကပ်ပြော၏။
“အရောင်တင်မှုန့်အစစ်က စတီးဇွန်းသေးလေးတစ်ဇွန်းကို ငါးထောင်လောက်ရှိတယ်ဟ။ ကျုပ်ဘယ်တတ်နိုင်မှာလဲ။ ဒါလေးဆို တစ်ဗူးမှ ငါးရာပဲပေးရတာ။”
“အော်..”
မျှဉ်ချဉ်သည်က ထပ်ပြော၏။
“တရုတ်က လာတာလေ။ သက်သာတယ်”
တဖက်ဈေးသည်က ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။

(၃)
မျှစ်ချဉ်သည်က ပုစွန်ခြောက်ထည့်ထားသော တောင်းများအားလှမ်းကြည့်၏။
“ညည်းကော ရောင်းရရဲ့လား”
ပုစွန်ခြောက်သည်က ပြုံး၏။
“ညည်းက အရောင်ဆိုးရတယ်ဆိုတာကို ခုမှသိတာပါအေ။ ကျုပ်က သိတာဖြင့်ကြာလှပြီ။”
“ဘယ်လိုသိတာတုန်း”
“ဟဲ့ ပုစွန်ဆိုတဲ့အမျိုးက ဖြူဖတ်ဖြူရော်မျိုး။ အဲ့ကောင်ကို အခြောက်ခံနေလှန်းကြည့် မွဲခြောက်ခြောက်နဲ့ ဘယ်သူက စားချင်မှာတုန်း။ ဒီတော့ ညည်းလိုပဲအရောင်ဆိုးရတာပေါ့”
မျှစ်ချဉ်သည်မှာ ခပ်ဖွဖွရေရွတ်၏။ သူမအသိ နောက်ကျခဲ့လေခြင်းဟု ထင်နေပုံရ၏။ မဟုတ်ပါက သူမအရင်ကတည်းက ဈေးရောင်းကောင်းခဲ့မည်မဟုတ်ပါလား။
“ငါဆိုးတာကျတော့ ပုစွန်ခြောက်အတွက်ပေါ့ဟယ်။ နေမလှန်းခင်ဆိုးရတာပဲ။ မျှစ်ချဉ်ဆိုးတာနဲ့တော့ တူချင်မှတူမှာပေါ့။ အဲ တူတာတစ်ခုကတော့ ငါ့ဆိုးဆေးလည်း တရုတ်ကလာတာပဲ”
“အော်”
“မြန်မာလူမျိုးဆိုတာလည်း သိတဲ့အတိုင်းပဲလေ။ အရောင်ကလေးရဲနေမှ စားချင်တာမဟုတ်လား။ ပုစွန်ဆို အကောင်ခပ်ကြီးကြီးကို စပယ်ရှယ်သာ အရောင်ဆိုးလိုက် ကြိုက်သလို ဈေးတင်လို့ ရတာပေါ့။ မျိုးမျိုးမြတ်မြတ်လေးစားရတယ်”
ပုစွန်ခြောက်များအား လက်ဖြင့်ကိုင်ကာ အောက်သို့ ဖွဲခနဲပြန်ပစ်ချ၏။
“လာနော်လာနော် ပုစွန်ခြောက်တွေ ရဲနေတာပဲ ကောင်းမှကောင်း။ အကောင်းမှကြိုက်တတ်တယ်ဆို လာနော်”
ဈေးလမ်းမကြီးဆီသို့လှမ်းအော်၏။ တချို့မှာလှမ်းကြည့်သွား၏။ ပုစွန်ခြောက်ဆိုသည်မှာလည်း လှောင်ကုန်ဖြစ်သည်မဟုတ်ပါလား။ ဟင်းချိုထဲတွင်ဖြစ်စေ၊ လက်ဖက်သုပ်တွင်ဖြစ်စေ၊ အသီးအရွက်နှပ်သည့်နေရာ (ခရမ်းသီးနှပ်၊ ဘူးသီးနှပ်၊ စသည်) တွင်မှဖြစ်စေ အသုံးပြုရသည့်အရာမျိုး။ ထို့ကြောင့် သိပ်မလိုအပ်။ အိမ်တွင်ဝယ်ထားပြီးလျှင်လည်း သေချာလေလုံအောင်ထားပါက တာရှည်ခံပစ္စည်းမျိုး။ ထို့ကြောင့် တစ်ခါရောင်းပြီး တစ်ခါမျိုးမျိုးမြတ်မြတ်စားရဖို့ အရောင်ဆိုးသည်မှာ မဆန်းဟု ယူဆကြ၏။ သို့တည်းမဟုတ်က မြန်မာလူမျိုးများတွင်ပင် အသိပညာနည်းကြသပါသလား။ တစ်ယောက်က ဆေးဆိုးသဖြင့် ရောင်းကောင်းသွားသောကြောင့် နောက်တစ်ယောက်ကလိုက်ဆိုးပါသလား။

မိုးခါးရည်ဆိုသည်မှာ အတူတူသောက်က ချိုတတ်ပါသည်။

(၄)
ထိုငှက်ပျောသီးသည်မှာ ထူးဆန်းလှ၏။ ဈေးသို့ဆိုင်လာဖွင့်သည့်အခါ ငှက်ပျောသီးများကို ရေပုံးများဖြင့် သယ်သယ်လာတတ်၏။ ရေစိမ်ထားသည့်ငှက်ပျောသီးသည် မည်ကဲ့သိုသော အာနိသင်များ ရှိနိုင်မည်နည်း။ ပုစွန်ခြောက်သည်က ငှက်ပျောသီးသည်အား လှမ်းမေး၏။
“အစ်မကြီး အစ်မကြီးဆိုင်ဖွင့်တာနောက်ကျတယ်နော်။”
“အင်းဟုတ်တယ်ညီမရေ ကလေးတွေ ကျောင်းပို့တာ နောက်ကျသွားလို့”
ငှက်ပျောသီးသည်က တပွေ့တပိုက်သယ်လာသော ရေပုံးများကို နေရာချနေသဖြင့် လှည့်မကြည့်အား။ သို့သော် ဈေးသည်အချင်းချင်း အသံတော့ ပြန်ပြု၏။
“ဒါနဲ့လေ အစ်မကြီး ငှက်ပျောသီးတွေကို ဘာလို့ရေစိမ်စိမ်ထားတာလဲ”
ပုံးတွေအားနေရာချကာ ငှက်ပျောသီးသည်က ပုစွန်ခြောက်သည်ဘက် လှည့်၏။
“ရေမဟုတ်ဘူးညီမရဲ့ ဆေးရည် စိမ်တာ”
“ဆေးရည်”
ပုစွန်ခြောက်သည်မှာ သံယောင်လိုက်၏။ တစ်သက်နှင့်တစ်ကိုယ် ဒါမျိုးမကြားခဲ့ဖူး။ သို့သော် သူမ မသိခဲ့သည်ကလည်း ဖြစ်ကောင်းဖြစ်မည်။
“ပုံမှန်ဆိုရင် ငှက်ပျောသီးတွေက ဆယ်ရက်လောက်ကြာမှ မှည့်တာလေ။ ဒီဆေးရည်စိမ်လိုက်။ ညစိမ်ထားတာနဲ့ မနက်ဆိုမှည့်နေရော”
“အော်… ဘယ်လိုစိမ်ရတာလဲ အစ်မ”
ငှက်ပျောသီးသည်က ဆိုင်အောက် သစ်သားတန်းတွင်တင်ထားသော ဆေးဗူးလေးအား ပြ၏။
“ဒီဆေးလေးကို ရေထဲထည့်။ နည်းနည်းပါပဲ။ ပြီးရင် အဲ့ဒီ့ရေထဲကို ငှက်ပျောခိုင်လိုက် ထည့်ထား။ ညစိမ်ရင်မနက်ဆို မှည့်နေရော၊ တရုတ်ကလာတာလေ ဒီဆေးက တစ်ဗူးခြောက်ရာဆိုတော့ မဆိုးပါဘူး။ သုံးပျော်တယ် ရောင်းကောင်းတယ်ပေါ့”
“အော် တရုတ်ကလာတာလား”
ငှက်ပျောသီးသည်က ခေါင်းညိတ်ပြ၏။ ထို့နောက် နေရာတွင် နေရာတကျဝင်ထိုင်၏။
“အစ်မ ယူသွားပါလား ငှက်ပျောသီးတွေ ဝင်းနေတာပဲ လတ်ဆတ်တယ်နော်”
အမှန်ပင်ငှက်ပျောသီးတွေဝင်းနေပါသည်။ လတ်ဆတ်တယ်ဆိုသည်မှာအဘယ်နည်း။
“အစ်မ ငှက်ပျောသီး ယူသွားပါဦးလား။ ကြည့်ပါဦး ဝင်းနေတာပဲ။ လတ်ဆတ်တယ်နော်”
အမှန်ပင် ငှက်ပျောသီးတွေ ဝင်းနေပါသည်။ လတ်ဆတ်တယ် ဆိုသည်မှာ အဘယ်နည်း။

လတ်ဆတ်တယ်ဆိုသည်မှာ တရုတ်ဆေးနာမည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

(၅)
တယ်လီဖုန်းတွေ အမျိုးပေါင်းများစွာ စုံလင်လှ၏။ နိုကီယာ၊ အဲပဲလ်၊ ဆမ်ဆောင်း၊ အိတ်ရှ်တီစီ၊ စိုနီ စသည်ဖြင့် စုံလင်လှသော ဖုန်းပေါင်းများစွာကို ပြသထား၏။ ဇင်ကိုမင်း အားတော့ငယ်မိ၏။ သူလိုချင်သည်က အိုင်ဖုန်းဖြစ်၏။ ငါးသိန်းဝန်းကျင်ရှိသည်ဟု သူအကြမ်းဖျင်းသိထား၏။ အဆင်မပြေ။ သူ့ထံတွင် ဖုန်းဝယ်ရန် ပိုက်ဆံနှစ်သိန်း ပျော့ပျော့ပင်ရှိ၏။
“မောင်လေး ဘယ်ဖုန်း ပြပေးရမလဲ”
“ဒီဖုန်းလေး ခဏလောက်ပြပါအစ်မ”
ဇင်ကိုမင်းပြလိုက်သည်က အိုင်ဖုန်းဖြစ်၏။ မဝယ်ဖြစ်သည့်တိုင် ခဏတော့ ကိုင်တွယ်ကြည့်ချင်သည့် စိတ်နှင့် ပြခိုင်းလိုက်ခြင်းဖြစ်သည်။
“ဒါလေးက အိုင်ဖုန်း။ တရုတ်ကလာတာ တစ်သိန်းနဲ့လေးသောင်း။”
ဇင်ကိုမင်း မျက်လုံးကျယ်သွား၏။ သူလိုချင်သည့်အိုင်ဖုန်းကို တစ်သိန်းလေးသောင်းနဲ့ ရသည်ဆိုပါလား။ တရုတ်ဖြစ်ဘာဖြစ်ညာဖြစ် ခဏထား။ သူဒီဈေးနဲ့ဒီဖုန်းကို ဝယ်လို့ရမည်ဟု လုံးဝမထင်ခဲ့။
“ဒီဖုန်းက တရုတ်ကလာတာ…။ သူက…”
အရောင်းဝန်ထမ်းမလေးက ဖုန်းအကြောင်း၊ ဖုန်းထဲတွင်သုံးထားသော စစ်စတမ်များအကြောင်း ၊ ဂရမ်တီဘယ်လောက်ပေးကြောင်း ၊ အစစ်နှင့်ချွတ်စွပ်တူသောကြောင့် အမှတ်တမဲ့ကြည့်လျှင်အစစ်ဟု ထင်ရကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းပြနေ၏။
“တရုတ်က မြန်မာဈေးကွက်ကိုသိတယ်လေ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့ဈေးနဲ့ရစေရမယ်လို့ အာမခံထားတာ”
ဇင်ကိုမင်းစိတ်ထဲတွင် တခြားမရှိ။ ဖုန်းစစ်စတမ်ဘာညာလည်း သူစိတ်မဝင်စား။ သူလူကြားထဲ ရှိုးထုတ်ချင်၏။ အိုင်ဖုန်းကိုင်ကာ သူလူကြားထဲတွင် ပေါ်ပေါ်တင်တင်နေမည်။ အိုင်ဖုန်းအစစ်အား သူသေချာမထိတွေ့ဖူး မကိုင်တွယ်ဖူးသဖြင့် ဘာတွေများကွာခြားချက်ရှိသလဲ သူမသိ။ သိလည်းသိချင်ပုံမပေါ်။ ခုနေများ သူတွေဝေနေတုန်း တစ်ယောက်ယောက်ကြားဖြတ်ဝယ်သွားပါက သူရင်ကွဲနာကျကာ သေရတော့မည့်ပုံ ရှိ၏။ ပိုက်ဆံထုတ်ကာ သူငွေချေလိုက်၏။
“တရုတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်။ အိုင်ဖုန်းဖြစ်ရင်ပြီးတာပဲ”
အရောင်းစာရေးမလေးက ပြုံးပြ၏။ နောက်လှည့်ကာလှမ်းအော်၏။
“ကေသီရေ တရုတ်အိုင်ဖုန်း အရောင်းစာရင်းထဲထည့်လိုက်ပါဟေ့”
လူတစ်ယောက်ဖုန်းဆိုင်တွင်းမှ မြူးတူးပျော်ပါးစွာထွက်ခွါသွား၏။

(၆)
“အဟင်း..အဟင်း…”
ဦးမြင့်လွင် လည်ချောင်းတွင်တပ်ထားသော ပိုက်မှ ချွဲသလိပ်များအား သုတ်ပစ်၏။ ကင်ဆာဟူသည်မှာလည်း ကြောက်စရာရောဂါတစ်ခုပင်မဟုတ်ပါလား။ လည်ချောင်းကင်ဆာဖြစ်ကာ အသက်ရှူမရတော့။ လည်ချောင်းတွင်အပေါက်ဖောက်ကာ ပိုက်တပ်၍ အသက်ရှူရ၏။ စကားပြောလျှင် အသံမထွက်တော့။ စာရေးပြောရ၏။ တခါတရံ လက်ဟန်ခြေဟန်ဖြင့်ပြော၏။
“ဖေဖေ အိပ်ဦးမယ် သမီး”
တုန်တုန်ရီရီဖြင့်ရေးသားထားသော လက်ရေးတစ်ခု။ သမီးဖြစ်သူက ဖခင်အား စောင်သေချာခြုံပေး၏။ သူမ၏ သားဖြစ်သူ ဦးမြင့်လွင်၏ မြေးဖြစ်သူလေးအား ခေါ်ကာ ဧည့်ခန်းထဲသို့ထွက်လာခဲ့၏။
“မေမေ မေမေ ဖိုးဖိုးက ဘာလို့ လည်ပင်းမှာ အပေါက်ဖောက်ရတာလဲ”
လည်ချောင်းကင်ဆာဟု ရှင်းပြပါက ကလေးနားလည်မည်မဟုတ်။ ထပ်မေးနေပါက ထပ်ရှင်းပြနေရဦးမည်။
“မတည့်တာတွေ စားလို့ပေါ့သားရယ်”
“အဲ့ဒါဆို သားမတည့်တာတွေစားရင်လည်း ဖောက်ရမှာလား”
“အင်းပေါ့”
ကလေးမှာ အနည်းငယ်တွေဝေသွား၏။
“တရုတ်သကြားလုံးကကော သားနဲ့တည့်လားမေမေ”
မိခင်က ခေါင်းခါပြ၏။
“မတည့်ဘူး သားအများကြီးစားရင် ဖိုးဖိုးလိုဖြစ်မှာ”
ကလေးငယ်မှာ မိခင်အား ပြုံးပြကာ မတ်တပ်ထ၏။
“သား ဘယ်သွားမလို့လဲ”
“လမ်းထိပ် မုန့်ဆိုင်”
“မတည့်တာတွေမစားနဲ့နော်”
“ဟုတ်ကဲ့မေမေ”

(၇)
လမ်းထိပ်မုန့်ဆိုင်တွင်ဖြစ်သည်။
“ရော့သားလေး အကြွေမရှိလို့ ဒါလေးပဲ ယူသွားနော်”
“ဟင် တရုတ်သကြားလုံးကြီး”
“အင်းလေ ကောင်းပါတယ်သားရဲ့”
ကလေးမှာ သကြားလုံးအား မယူရဲသေးဘဲ အင်တင်တင်ဖြစ်နေ၏။
“တရုတ်သကြားလုံး စားရင် လည်ပင်းမှာ အပေါက်ကြီးဖောက်ရမှာပေါ့”
“သားကိုဘယ်သူကပြောတာလဲ”
“သားမေမေပြောတာ”
ကုန်စုံဆိုင်ရောင်းသူမိန်းမကြီး ရယ်မော၏။
“ဒါဆိုတရုတ်သကြားလုံးစားတဲ့ သားသူငယ်ချင်းတွေကော လည်ပင်းမှာ အပေါက်ဖောက်ရလို့လား”
ကလေးက ခေါင်းခါပြ၏။ ထို့နောက် ဆိုင်ရှင်လှမ်းပေးနေသော တရုတ်သကြားလုံးအား ယူကာ ဘောင်းဘီကြားထဲ ညှပ်လိုက်၏။
ညကျအိပ်ယာထဲရောက်မှ ထိုတရုတ်သကြားလုံးအား မေမေမသိအောင် သူ.. ခိုးစားတော့မည်။

Friday, March 22, 2013

ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်




ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်။
ကျွန်မငိုနေမိတာများလား။ ဒါမှမဟုတ် မျက်စိပဲနာချင်တော့တာများလား။
မျက်ရည်ဆိုတာ အလေးချိန်ရှိတယ်။ ဒီတော့ ကျမှာပေါ့။
ဘာမှမထူးဆန်းတဲ့ကိစ္စကို ကျွန်မက အထူးအဆန်းလုပ်နေမိတာ။
ပြောရင်းဆိုရင်း ကျွန်မ မျက်လုံးက မျက်ရည်တွေကျနေတယ်။
မဖုံးအုပ်ထားမိတဲ့ မျက်ခွံတွေကြောင့်လား။ တကယ်တော့
ပင့်သက်တွေနဲ့ စကားလက်စုံကျရာက စတာပဲ။
မှတ်မှတ်ရရ နောက်ဆုံးမျက်ရည်ကျတဲ့နောက်ပိုင်း မျက်ရည်မကျဖြစ်တော့တာပဲ။
လူတွေကတော့ ငိုတယ်လို့ ပြောကြတာ။ ဒါလည်းဟုတ်ချင်မှဟုတ်မှာ။
ခုထိတော့ မျက်ရည်တွေ ကျနေတုန်းပဲ။ (ဒါလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။)
တစ်ချို့က မျက်ဝန်းကတိမ်တိုက်တွေ ပြိုသလေးဘာလေးနဲ့ ဖွဲ့နွဲ့နေကြ။ စောက်ရူးတွေ။
ငို...ငိုတယ်ပေါ့။ ငိုတာရှက်စရာလား။ မှတ်ထား ငိုလို့ထောင်မကျဘူး။
အမေ့ဗိုက်ကထွက်တုန်းက မငိုလို့(ငိုအောင်) တင်ပါးရိုက်ခံရတာ ရှင်တို့မှတ်မိလို့လား။
ကျွန်မက မှတ်မိတယ်။ နောက်ပြီး ငိုတာ ရာသီဥတုနဲ့မဆိုင်ဘူး။
ပ၊ ဖ၊ ဗ၊ ဘ၊ မ.. ဆိုတာနဲ့ မျက်ရည်က ကြာသပတေးသမီးမဟုတ်ဘူး။(ဟုတ်ရင်တော့စနေသားရှောင်)။
သူ့မှာရက်ရာဇာမရှိဘူး။ ပြဿဒါးမရှိဘူး။
ရုံးပိတ်ရက်မရှိဘူး။ သင်္ကြန်မရှိဘူး။
တစ်မိနစ် အစိတ် မရှိဘူး။ ၅ဝဝဝ တန် ဆင်မ်ကဒ်မရှိဘူး။
စတိတ်ခ်ျရှိုးမရှိဘူး။ ရုပ်ရှင်လက်မှတ်မရှိဘူး။
ရည်းစားမရှိဘူး။ ကိုယ်ဝန်မရှိဘူး။
မိဘနှစ်ပါးမရှိဘူး။ ဒါပေမဲ့ ဂျစ်ပဆီလည်းမဟုတ်ဘူး။
www.gmail.com မရှိဘူး။ Facebook လည်းမရှိဘူး။
အင်္ဂါဂြိုဟ်မရှိဘူး။ နိုက်ကလပ် မရှိဘူး။
သူကရှင်တို့လိုလည်း မာနမကြီးဘူး။ မျက်လုံးထဲကထွက်လာရင် အောက်ပဲဆင်း/ကျို့ တယ်။
မယုံရင် ရှင်တို့ငိုကြည့်ကြပါလား။


ရယ်စရာမဂ္ဂဇင်း
၂ဝ၁၂ ဇူလိုင်

တနင်္လာနေ့ဟာ စိုးရိမ်စိတ်အမည်ခံ




မနက်တုန်းက ကိုယ့်အကြောင်းဖတ်လိုက်ရလား ပိုင်ဥာဏ်။
ရောင်းကုန်ထဲမှာ ကိုယ်လွမ်းနာကျနေတယ်။
ကိုယ့်နှုတ်ခမ်းမှာတပ်ဖို့ကြယ်သီးကို စိုးရိမ်စိတ်လို့မေးဝယ်ပါ။

အမှတ်မရှိတဲ့ ရုပ်ရှင်ကားဟာလည်း.. ကိုယ်ပဲ။
သူမ ပစ်လွှတ်လိုက်တဲ့အရိပ်တွေ ကိုယ်ဆီမှာပြန်ပြီး လူဝင်စားနေတယ်။
အကွာအဝေးနဲ့ကော မင်းတွေ့လိုက်သေးလား။
နောက်တစ်ခါမလွမ်းဖို့ဆုတောင်း မပြည့်မှန်း
ကိုယ်သူ့ကိုပြန်ထည့်မပေးလိုက်မိဘူး။

ကိုယ်ပစ်လိုက်တဲ့ Heart King လေး သူမ.. စားသွားတယ်။
မျှော်နေတဲ့ Heart Queen လေး ပွဲပြီးလို့မှ တက်လာပါ့မလား။
ကိုယ့်ကံကြမ္မာကို သူမ လက်ချောင်းလေးတွေနဲ့ ဖိပွတ်နေတယ်။
ကိုယ်ထိတ်လန့်နေရပြီ ပိုင်ဥာဏ်။
နောက်တစ်လှည့် သူမ.. ကံ့ကော်ပွင့်လေးကို ပစ်မှပစ်ပါ့မလားလို့။


နေပိုင်
ဝ၂.ဝ၄.၂ဝ၁၂
၂၃း၃၅

ဘာများလဲမှတ်တယ် တတိယကဗျာစစ်




ခေတ်ထဲမှာ လူငယ်စရိုက်တွေ နာမည်ကြီးနေတယ်။
ဒီစစ်ကအရေပြားဆိုင်ရာ နယ်နိမိတ်လုရာက စတာ။
ပြောမယ်ဆို အချိုးမပြေတာတွေ အများကြီးပဲ။
ဒီနေ့ခေတ်ကဗျာမှာ ထင်သလောက်ငြိမ်းချမ်းရေးမရကြသေးဘူး။
စစ်ပွဲတွေက ဟိုဘက်တိုးလိုက်။ ဒီဘက်တိုးလိုက်။
ငါတို့လည်း စစ်ပွဲကိုမုန်းတာပဲ။
ဒီတော့ ကဗျာထဲမှာတိုက်ခိုက်နေကြမယ့်အစား
စစ်ပွဲတွေကို သတ်ပစ်ကြရအောင်။
ကဗျာပေါ်မှာ စစ်ပွဲကို ငါတို့မလိုလားဘူးလို့ ဆန္ဒပြကြရအောင်။

မှတ်သားကြ။
အကြည့်ချင်းကျူးကျော်မှုက လူငယ်စရိုက်နဲ့
တတိယကဗျာစစ်ဖြစ်နိုင်တယ်။
မျက်ရည်တွင်းတူးဖော်မှုကလည်း
တတိယကဗျာစစ် ဖြစ်နိုင်တယ်။
ခုတ်ချင်တဲ့သစ်ပင်ကိုခုတ်။ သူများဂုဏ်သိက္ခာကိုခုတ်မိရင်လည်း
တတိယကဗျာစစ်ဖြစ်နိုင်တယ်။

ငါတို့ဟာဘယ်ပုဂ္ဂိုလ်ရေးကိုမှ ကျူးကျော်ကဗျာမရေးဘူးဆိုရင်
ငါတို့ဟာ လက်နက်နဲ့ကဗျာ လဲလှယ်ကြမယ်ဆိုရင်
ငါတို့ဟာ ကဗျာအချင်းချင်း စိတ်ဝမ်းမကွဲဘူးဆိုရင်
တတိယကဗျာစစ်ကို သတ်နိုင်ပါတယ်။

ကဗျာမှာ စစ်ပွဲတွေမရှိလည်း
ပန်းတွေ၊ ရာသီဥတုတွေ၊ ဆက်သွယ်မှုဧရိယာပြင်ပတွေ၊ လိင်ဆက်ဆံမှုတွေ
ရှိမယ်။
ကဗျာဆရာစွမ်းအား အရင်းအမြစ်၊ ကဗျာဆရာမျိုးနွယ်တွေ
တစ်ခါသုံးဆေးထိုးအပ်တွေ၊ ရောဂါပိုးတွေ၊ သင်္ချိုင်းတွေ
ရှိမယ်။
အထက်တန်းကျောင်းတွေ၊ အောက်တန်းကျောင်းတွေ
ဟိုမရောက်ဒီမရောက် လတ်ယားလတ်ယားတွေ
ရှိမယ်။
စစ်ပွဲတွေမရှိလည်း ကျွန်တော်တို့ ကဗျာရေးလို့ရနေတာပဲ။

တတိယကဗျာစစ်ဖြစ်ရင် အတွေးအခေါ်တွေ အသေအပြောက်များမယ်။
ကလောင်အကျိုးအပျက်တွေ များမယ်။
ခင်ဗျားတို့သိထားဖို့က
ကဗျာဆိုတာ စစ်မြေပြင်မဟုတ်ဘူး။ ကဗျာဆိုတာ စစ်လျော်ကြေးမဟုတ်ဘူး။
တစ်ယောက်တစ်ဝက်ပိုင်နေပြီးသား ကဗျာကို ကျူးကျော်စစ်ခင်းရင်
ကဗျာပျက်မယ်။ ပြီးတော့ (တတိယကဗျာစစ်ဖြစ်ရင်) ကဗျာဆရာတွေ
သေမယ်။


နေပိုင်
၁၇.၀၃.၂၀၁၂

ကဗျာဆရာ




ကဗျာဆရာ ဟုတ်လား။ သူကော အရှေ့အရပ်ကထွက်ပြီး အနောက်အရပ်ကဝင်တာပဲလား။
ဘယ်သိမှာလဲ။သူ့ဟာသူညောင်ကိုင်းမှာနေနေ ထောင်ထဲမှာနေနေ ပင်လယ်နက်ထဲမှာနေ
နေ ကျုပ်အိမ်မှာလာမနေရင်တော့တင်ကျွေးထားစရာမလိုတော့ဘူးပေါ့။ ဟုတ်လား။ သူ့မှာလည်းလက်နှစ်ဖက်ခြေနှစ်ဖက်နဲ့
ပဲလား မိုးလင်းကမိုးချုပ် ဆေးလိပ်နဲ့ လွယ်အိတ်နဲ့ ပြည်သူပိုင်လေနဲ့ ဂိတ်ဝင်ကြေးမပေးရတဲ့ဘောပင်နဲ့
နေဝင်တာကပဲရောမအင်ပါယာကြီးပျက်သွားသလိုလို ဖိုးလမင်းကပဲသူ့ငယ်ရည်းစားလိုလို
ပင်လယ်ဆိုတာပဲသူခြေဆေးနေကျလိုလို (မ)သိသလိုလို (မ)တတ်သလိုလို
လိုလို လိုလို
ဘတ်စ်ကားတွယ်စီးရင်း
လူကပြုတ်မကျဘဲ အတွေးအခေါ်ပြုတ်ကျသွားရင် နှမျောစရာ။ ပွဲချင်းပြီးပြီးမပြီးပြီး အုတ်ဂူထဲရောက်ရင်ပြီး
သွားတာပဲ။ သူကဆောရီးပြောတတ်တယ်။ ဖဲရိုက်တတ်တယ်။ ထီးဆောင်းတတ်တယ်။ ရည်းစားစကား
ပြောတတ်တယ်။ ခွေးမောင်းတတ်တယ်။ ဒါနဲ့မေးဦးမယ်။သူက အသက်ပြည့်ပြီးပြီလား။ကဗျာနဲ့သူနဲ့
ဘယ်သူကအသက်ပိုကြီးလဲ။မနေ့ကမှအဲလူ ကဗျာထဲ
ဝင်သွားတာတွေ့လိုက်ပါသေးတယ်။ဘာလဲလူတကာရဲ့လက်ညှိုးကိုကြောက်လို့
လား။ဟာဒါတော့မဖြစ်နိုင်ပါဘူး။ကဗျာဆရာကသူ့ကိုစောက်ရူးလို့လက်ညှိုး
ထိုးရင်လေချွန်ပြီးပြန်ပြုံးပြတတ်တယ်။ဒါတင်ပဲလားဆိုတော့လည်းမဟုတ်ဘူး။ခင်ဗျားကောဘာထူး
လဲလို့ပြောလိုက်တာနဲ့တူတူပဲ။ဟုတ်ပါ့ကဗျာဆရာရေ...
ကဗျာ  ဆရာ
က  ဗျာ  ဆရာ။ က
ဗျာ  ဆရာ
ဆိုတာလူတိုင်းမှာပါတဲ့ဦးနှောက်နဲ့စကားလုံးတွေနဲ့စောက်ရူးထနေတဲ့ကောင်။ခေါ်ခေါ်စောက်ရူး
လို့ခေါ်။ဒါလည်းသူက ပြုံးပြနေဦးမှာပဲ။

နေပိုင်

အသက် ဓာတ် အချင်းချင်း ဓာတ်ပြုမှုမှာ သံသယတွေရှိနေမယ်/တယ် မောင်





လက်သည်းတစ်ခုထဲက အညစ်အကြေးတွေကို လက်သည်းနောက်တစ်ခုနဲ့ ခြစ်ထုတ်လိုက်သလိုပါပဲ။
ခုချိန်ထိမောင့်ကိုချစ်နေတယ်လို့ထင်နေတုန်းပဲ။ မောင်ပျော်ပါ။ ထင်မြင်မှုတိုင်းဟာအမှန်တရားမဟုတ်ဘူးလို့ ဆက်တွေးပါမောင်။
ကျွန်မဆံစတွေ လွင့်စင်ပြေးထွက်မသွားခင်အထိ ဘုရားသခင်အတိုင်းပဲ ၊ ဘုရားသခင်ဖန်းဆင်းထားတဲ့မောင့်ကိုပဲ မက်မောနေတာ
သိပ်အံ့သြစရာမကောင်းဘူး(မဟုတ်)လားမောင်။ မောင့်အရပ်၌ရှိသော ကျွန်မကို တစ်ချက်ချင်းစီ လွင့်ဝဲသွားစေတော့တယ်။ မလွယ်ဘူးမောင်။
နီယွန်မီးရောင်တွေဟာ မောင့်လို့ချစ်တတ်လာရင် ကျွန်မလည်း အခုလိုမှောင်မယ်မထင်ပါဘူးမောင်။
မောင်မရှိရင် မှောင်တယ်။ ကျွန်မနဲ့မောင့်ကြားမှာ ဟတ်ထိုး ကလေးပဲခြားတယ်ထင်ပါရဲ့မောင်။
ဘယ်လိုအသက်ဓာတ်ဖြစ်တည်မှုမျိုး(နဲ့မဆို) တောင့်တနေရသလဲ။ မောင့်အတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ အင်္ကျီ... မောင်နဲ့တော်ပါ့မလား။
တစ်လမ်းတည်းရပ်နေပြီး တခြမ်းချင်းစီခြားနေတယ်မောင်။ မောင်ပြောတဲ့ဘုရားသခင်နဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုပတ်သက်မှုရှိပါသလဲ။
ကျွန်မဟာ အတိတ်မေ့နေတဲ့ နာရီတစ်လုံးလည်း ဖြစ်နိုင်တာပဲ။ ရေမစင်သေးတဲ့အိပ်မက်တချို့လည်း ဖြစ်နိုင်တာပဲ။
ရေစက်တွေဖြာ ကျ လာ သ လို.. ကိုယ့်ကိုကိုယ် မယုံသင်္ကာသလို လက်ကောက်ဝတ်ထဲ ကျိတ်ငိုမိတာလည်း ကြာပြီ။
မောင့်လက်ကောက်ဝတ်ထဲ ကျွန်မရှိသလား ရှိသင့်တယ်လို့ကော မထင်မိဘူးလား။ ခံနိုင်ရည်မဲ့..
ပြဿဒါးအချင်းချင်းဓာတ်ပြုဖို့ဘယ်သူ့ဆန္ဒဖြစ်ခဲ့ပါသလဲ။
အနှုတ်ချင်းမြှောက်ရင်တောင် အပေါင်းရခဲ့သေးတဲ့ဥစ္စာ ကျွန်မိတို့ပြဿဒါးအချင်းချင်းကျမှ ဘာလို့ ရက်ရာဇာမဖြစ်ခဲ့ပါသလဲမောင်။
ကျွန်မတို့ချစ်ခြင်းမေတ္တာပွတ်တိုက်မှုဟာ နွေရာသီလည်းဖြစ်နိုင်မယ်။ မိုးရာသီလည်းဖြစ်နိုင်မယ်။ ဆောင်းရာသီလည်းဖြစ်နိုင်မယ်။
မျက်ရည်ဆိုတာ ဘယ်လိုရာသီမျိုးရဲ့ရောဂါလက္ခဏာဖြစ်နိုင်လဲမောင် .. ပုခုံးထဲ ဘယ်ဘက်ရင်အုံထဲ နားထင်ထဲ SIM ကဒ်တွေထည့်
ကမ္ဘာကြီးမှ မောင် မရှိရင် မှောင်နေမှာ။
နှင်းဆီပန်းတွေလိုအပ်သလို ဟိုင်းဝေးထဲ ရန်လိုမှုဟာ ဘယ်စည်းမျဉ်းမျိုးနဲ့ အသက်ဓာတ်ဆုတ်ယုတ်စေပါသလဲ
တကယ်အသက်ဓာတ်ဆုတ်ယုတ်စေပါတယ်မောင်။ မျက်တွင်းတွေကျလာတဲ့အခါ မည်းလာသလို သံယောဇဉ်ဓာတ်မတည့်မှုဟာလည်း မည်းလာ
ကျွန်မ မလိုအပ်ဘူးထင်လို့ စွန့်ထုတ်လိုက်တဲ့ လက်သည်းကြားကအညစ်အကြေးဟာ မြေသြဇာဖြစ်သွားပါစေသား။
မနက်မိုးလင်းတာတောင် မှောင်နေတုန်းပဲမောင်။


နေပိုင်
၁ဝ ဖေဖော်ဝါရီ ၂ဝ၁၃
ဝဝး၄၆

ဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေကြားနေရတယ်



ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုဟာ လူ့အသိုင်းအဝိုင်းမှာတော့ သိပ်ကိုလူသိနည်းလွန်းလှတယ်။
ဒါပေမဲ့ဒီဆိတ်ငြိမ်ရပ်ကွက်ဟာ လူတိုင်းနဲ့ပတ်သက်ဆက်နွယ်နေတယ်။
ထူးခြားတာက အဲဒီ့ဆိတ်ငြိမ်ရပ်ကွက်လေးမှာ ငိုသံတွေကြားနေရတယ်။
ငိုသံတွေတင်မကဘဲ တစ်ခါတစ်ခါ ခွေးတွေအူတတ်ကြတယ်။
ခြေသံတွေမကြားရဘူး။ လေတိုးသံကလွဲရင် တစ်နေကုန်တိတ်ဆိတ် ငြိမ်သက်လျှက်။
အဲလိုရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။

ရောင်စုံအိမ်လေးတွေ တစ်ယောက်တစ်အိမ်နဲ့ အခင်းအကျင်း ကျနစွာ စီရီထားသလို။
တချို့က ခြံခတ်ကြတယ်။တချို့ကလည်း ခြံမခတ်ကြဘူး။
အိမ်ဆိုလို့ ကြီးကြီးမားမားလည်း မဟုတ်ကြ။
အဲဒါကြောင့် သူခိုး သူဝှက်ရန်တွေလည်း မကြောက်ရ။
ဒါပေမဲ့ထူးဆန်းတာက အဲဒီ့ရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။

တစ်နေ့တစ်နေ့ တစ်ယောက်ပြီးတစ်ယောက် အဲဒီ့ရပ်ကွက်လေးမှာ အိမ်ဝယ်ကြတယ်။
အလှပဆုံးဝတ်ဆင်ပြီး အိမ်တက်ပွဲတွေလုပ်ကြတယ်။
အိမ်တက်ပွဲဆိုလို့လည်း အိမ်ထဲမှာ လူများများစားစားမရှိလှဘူး။ အိမ်ပိုင်ရှင်တစ်ယောက်ထဲရယ်။
ကျွန်တော်လည်းကြုံဖူးတယ်။ အဲဒီ့အိမ်ပိုင်ရှင်တွေက စကားပြန်ပြောလေ့မရှိကြဘူး။
ဒါပေမဲ့ ငိုသံတွေတော့ အဲဒီ့အိမ်အနီးတစ်ဝိုက်မှာ ကြားရတတ်တယ်။

အဲဒီ့အိမ်ထဲကသူတွေ နိုင်ငံရေးမလုပ်ကြ။ ဘောလုံးပွဲမလောင်းကြ။
အိမ်ထဲကသူတွေ တစ်အိမ်နဲ့တစ်အိမ် အိမ်လည်မသွားကြ။ လိင်မဆက်ဆံကြ။
အိမ်ထဲကသူတွေ အပန်းဖြေခရီးမထွက်ကြ။ ရည်းစားမထားကြ။
အိမ်ထဲကသူတွေ အိမ်ပြင်မထွက်ကြ။ ကဗျာမရေးကြ။
ဒါပေမဲ့ အဲဒီ့အိမ်ပတ်ဝန်းကျင်မှာ ငိုသံတွေကြားရတယ်။


အဲဒီ့ရပ်ကွက်လေးမှာ အခွန်ဆောင်စရာမလို။ ဧည့်စာရင်းတိုင်စရာမလို။
အမှိုက်စနစ်တကျပစ်ဖို့မလို။ ရွေးကောက်ပွဲ မဲပေးဖို့မလို။
မီတာဆောင်စရာမလို။ ဈေးဝယ်စရာမလို။
အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်စရာမလို။ လမ်းပြင်စရာမလို။
ဒါပေမဲ့ အဲဒီ့ရပ်ကွက်မှာ ငိုသံတွေကြားရတယ်။

အဲဒီ့ရပ်ကွက်လေးက လူသွားလူလာ နည်းပါးပါတယ်။
ရပ်ကွက်လူကြီးကအစ စကားနည်းတဲ့သူ။ ကိုယ့်အလုပ်ပဲကိုယ်လုပ်တဲ့သူ။
Facebook ။ Internet ။ မိုးဟေကို။ ဒေးဗစ်ဘက်ခမ်း.. သူမသိ။
သူသိတာ တစ်နေ့သူတို့လည်း အိမ်တစ်လုံးတော့ ဝယ်ကြဦးမယ်။ ဝယ်ရဦးမယ်။
အဲဒီ့အခါကျရင်လည်း ငိုသံတွေကြားရလိမ့်မယ်။

အိမ်ထဲက ရက်ဗလွန်ရေမွှေးနံ့တွေပျောက်သွားတဲ့အခါ
အိမ်ရှေ့က ပန်းခြင်းတွေ ခြောက်သွေ့သွားတဲ့အခါ
၆ပေ ၂ပေ စာ အိမ်လေးမို့ ညအိပ်ဧည့်သည် လက်မခံတဲ့အခါ
အိမ်အသစ်ပေါင်းများစွာနဲ့ အိမ်ပိုင်ရှင်နာမည်များစွာ ကျောက်ပြားတစ်ချပ်စီနှင့် အထင်အရှား မြင်တွေ့ရသောအခါ… ငိုသံတွေကြားရတဲ့အခါ…
သူများသေတုန်းကတောင်ခင်ဗျားငိုခဲ့သေးတာပဲ.. လို့သတိရပါ။

အိမ်ပိုင်ရှင်တွေမှာ မီးသတ်ရဲဘော်တွေလည်းပါမယ်။
မယဉ်ငြိမ်းပွင့်လည်းပါမယ်။(သို့သော် သူမဟာ အချစ်သူရဲကောင်းမဟုတ်ဟုသတ်မှတ်ပါ)
ဆယ်ကျော်သက်လေးတွေလည်းပါမယ်။
သွေးကင်ဆာတွေလည်းပါမယ်။ HIV လည်းပါမယ်။
ညဥ့်ငှက်တွေလည်းပါမယ်။ အရက်သမားတွေလည်းပါမယ်။
ဟစ်တလာလည်းပါမယ်။ ကဗျာဆရာလည်းပါမယ်။
နောက်ဆုံးတော့ ဆက်သွယ်မှုဧရိယာပြင်ပမှာ အိမ်တစ်လုံးစီပိုင်ဆိုင်သွားရမှာပဲ မဟုတ်ဘူးလား။
ဒါပေမဲ့ အဲဒီ့ဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေကြားနေရလိမ့်မယ်။
အဲဒီ့ငိုသံတွေဟာလည်း သေပြီးမှငိုနေကြတဲ့ငိုသံတွေဖြစ်ကောင်းဖြစ်မယ်။
ဒါပေမဲ့ ငိုသံတွေကြားနေရတယ်။


ခရမ်းရိပ် မတ် ၂၀၁၁

ကျွန်တော်မြင်ဖူးသော စက်ဝိုင်းများ



နေရောင်က နေကာမျက်မှန် ကာထားသည့်ကြားက စူးစူးဝါးဝါးဖြစ်နေ၏။ ကန်ရေပြင်မှ တဆင့် ရောင်ပြန်ဟပ်ခြင်းကလည်း ပို၍ ဆိုးဆိုးရွားရွားဖြစ်စေ၏။ လူသူကျဲပါးသော်လည်း ကိုယ့်လိုပင် ရေကန်ဘေး၌ တွေးနေငေးနေသူများလည်း မြင်ရ၏။
ကန်ရေပြင်ကို မည်သူမှ မတို့မထိသော်လည်း ပိုးကောင်လေးများလား ဖုန်မှုန့်များကြောင့်လား မသိ။ တစ်ချက်တစ်ချက် စက်ဝိုင်းပုံလှိုင်းတွန့်လေးများကို မြင်ရ၏။ စက်ဝိုင်းကလေးတစ်ချက်ပေါ်လာတိုင်း တစ်ဝိုင်းတည်းမဟုတ်ဘဲ နှစ်ဝိုင်းသုံးဝိုင်း တစ်ပြိုင်နက် ပေါ်လာသည်ကိုလည်း သတိထားမိ၏။ သို့သော် ထိုစက်ဝိုင်းလေးများ ကိုယ့်လမ်းကိုယ်သွားကြ၏။ စက်ဝိုင်းတစ်ခုကြောင့် တခြားစက်ဝိုင်းတစ်ခု ပျက်စီးသွားခြင်းမျိုး မရှိ။ ထိခိုက်နစ်နာသွားခြင်းမျိုးမရှိ။ ကိုယ့်လမ်းကိုယ်သွားကြရင်းသာ အရှိန်ဆုံးမှ ပျောက်ကွယ်သွားကြ၏။ သက်မဲ့ဖြစ်သော စက်ဝိုင်းပုံလှိုင်းလေးများအား ကြည့်ရင်း သက်ရှိဖြစ်သည့် ကိုယ်က ပြန်လည်အားကျနေရသည်မှာ ရှက်မိ၏။ ထို့ကြောင့် ကန်ဘေးမှ ထထွက်လာခဲ့သည်။
မြို့ပြမို့ ညနေပိုင်း လမ်းမပေါ်တွင် ကားများရှုတ်ထွေးနေသည်မှာ မထူးဆန်း။ လူချမ်းသာတွေလို လီဗာ မနင်းနိုင်၍ ပလက်ဖောင်းကိုသာ အခမဲ့ ဖိဖိနင်းနေရသည်။ တအောင့်လောက်နေတော့ လမ်းလည်ခေါင်မှ ရုပ်ထုကြီးတစ်ခုအားတွေ့သည်။ စစ်သူကြီး လီနင်ရုပ်ထု။ တဆက်တည်း တွေးမိသည်က လီနင်တို့လို ကျော်ကြားသူများကဲ့သို့ နာမည်ကျော်ကြားပြီးမှ ကျွန်တော်မသေချင်။ မဟုတ်လျှင်သေပြီးတာတောင် ယခုလီနင်ရုပ်ထုကြီးလို လမ်းလည်ခေါင်မှာ ဆန့်ဆန့်ကြီးရပ်နေရဦးမည်။ အခန့်မသင့်လို့ ငှက်တွေ မဆင်မခြင် မစင်စွန့်လျှင်လည်း ခံရဦးမည်။ မိုးရွာလို့ ထီးလာဆောင်းပေးမည့်သူမရှိ။ ကိုယ့်မှာဆန့်ဆန့်ကြီးဖြစ်နေရဦးမည်။
လီနင်ရုပ်ထုကြီးအောက်တွင်တော့ ခြံတွေဘာတွေ ခတ်ထားသည်။ လမ်းငါးလမ်းဆုံရာမို့ အဝိုင်းပတ်လမ်းပုံဖော်ကာ(မြန်မာနိုင်ငံရှိ ဦးဝိစာရ အဝိုင်းလိုပင်) လမ်းဖောက်ထား၏။ ဟော .. ကျွန်တော် တွေးမိပြန်ပြီ။ ဒါလည်းစက်ဝိုင်းတစ်ခုပင်ဖြစ်သည်။ သက်မဲ့ဖြစ်သော စက်ဝိုင်းက သက်ရှိဖြစ်သောလူတွေ ဘေးကင်စွာ မောင်းနှင်နိုင်ဖို့ ယာဉ်ကြောကို ထိန်းပေးနေသည်။ တဖြည်းဖြည်းနှင့် ရှက်သလို ခံစားမိလာသည်။ ထို့ပြင် ထိုစက်ဝိုင်းအား မျက်စိထဲတွင် မှုတ်ဝဲ တစ်ခုနှင့် တူသည်ကို သတိထားမိပြန်၏။
ပင်လယ်၊ မြစ် ခရီးလမ်းသွားဖူးသူများသိကြပါလိမ့်မည်။ ဝဲ တို့၏သဘောတွင် စုပ်ဝဲနှင့်မှုတ်ဝဲ ဟူ၍ ရှိသည်။ ဝဲအတွင်းသို့ ဝင်က နစ်မြုပ်သွားပါက စုပ်ဝဲဟုခေါ်ကာ ဝဲအတွင်းသို့ဝင်ပြီး တစ်ပတ်လည်ကာ အပြင်သို့ ပြန်လည်ကန်ထုတ်သောဝဲကို မှုတ်ဝဲဟုခေါ်သည်။ (စုပ်ဝဲအား အတ္တဆန်သည်ဟု တစ်ဆက်တည်း သွားတွေးမိပြန်၏)
ယခုလမ်းမပေါ်တွင် ကားတစ်စီး စက်ဝိုင်းပတ်လမ်းထဲသို့ဝင်ကာ အပြင်သို့ ပြန်လည်ထွက်သွား၏။ ဒါလည်း မှုတ်ဝဲတစ်မျိုးပင်။ လူ့လောကကြီးအား ယခုကဲ့သို့ စက်ဝိုင်းပုံစံ မြင်ကြည့်ကြပါကလည်း ထိုသို့ပင်။ အထဲသို့ ဝင်ရောက်ကာ လည်နေရဦးမည်။ ထို့နောက်ပြန်လည် ထွက်သွားကြရဦးမည်။ လူအများကြီးနှင့် ပတ်သက်ဆက်နွယ်ရင်းနှီးနေလို့လည်း ဘဝတွေ အများကြီး ထပ်ရလာမည်မဟုတ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကျွန်တော်အားကျမိသော စက်ဝိုင်းများလိုဖြစ်အောင် ကြိုးစားရဦးမည်။


ဘဲကလေးတွေ အကောင်ပေါက်လာတယ် .. မေမေ



လက်ထဲက ပိုက်ဆံအကြွေလေးကို ဆုပ်ကိုင်ရင်း ကောင်လေးတစ်ယောက် ကောင်းကင်ကိုမော့ကြည့်နေ၏။ အိမ်နှင့်အဝေးတွေလုပ်ကိုင်ရသည့် ဘဝအား သူတစ်ခါတစ်ရံတွင် စိတ်ပျက်အားလျှော့ချင်စိတ် ဖြစ်မိသည်။ ပိုက်ဆံကိုခြစ်ကုပ် စုရသည်။ အချိန်အဆလွဲချော်သွားသည့် အခါမျိုးတွေ ယခုလို အကြွေလေးသာကျန်သည်။ အထူးအဆန်းမဟုတ်တော့သော်လည်း သူ ယခုလို ခေါက်ဆွဲပြုတ်နှင့် ဖြတ်ကျော်နေရသည့် ညမျိုးကို မလိုချင်တော့။ ယခုညလည်း သူခေါက်ဆွဲပြုတ်ပင် သောက်ရဦးမည်။ ကံကောင်း၍ အောက်ထပ်ဆိုင်တွင် အကြွေးယူလို့ရခဲ့ပါက သူခေါက်ဆွဲပြုတ် နှစ်ထုပ် သောက်ခွင့်ရမည်။

“မင်းအဖိုး သူ့အလုပ်မှာ အဆင်မပြေတုန်းက အဖွားတို့ တော်တော်လေး ဒုက္ခရောက်ခဲ့တာ။”

အဖွားပြောပြဖူးသည့် အကြောင်းအရာများအား ဇွဲဆက် ပြန်သတိရနေမိ၏။ တစ်နည်းအားဖြင့် သူ၏ မေမေ။ အကြီးဆုံးသမီး။ တက္ကသိုလ်ကျောင်းသူဘဝ။

“ဖေဖေ့ကိုတော့ အလုပ်မထွက်ခိုင်းပါနဲ့ မေမေရယ်”

ဖွားဖွား၏ မျက်နှာ အနည်းငယ်ပျက်သွား၏။

“သမီးတို့ မိသားစု (၇) ယောက်လုံးက ဖေဖေ့လစာကလေးနဲ့ အဓိကအားပြု ရပ်တည်နေရတာ။ ဖေဖေအလုပ်ထွက်လိုက်ရင် အားလုံးဒုက္ခ ရောက်ကုန်မှာ”

“ညည်းက .. မိဘ..”

ဖွားဖွား၏ စကားသံ မဆုံးခင် မေမေ ဖြတ်ပြောလိုက်၏။

“သမီးကျောင်းထွက်ပြီး ကန်စွန်းရွက်ရောင်းဆိုလည်း ရောင်းမှာပါ မေမေရယ်။ ဖေဖေကိုတော့ အလုပ်မထွက်ခိုင်းပါနဲ့နော်”

မေမေ့၏ မျက်တောင်တို့ တဖြတ်ဖြတ်ခတ်သံတွေ ကြားကောင်းကြားနေရလိမ့်မည်။ မျက်တောင်ခတ်ခြင်းသည် မျက်ရည်မကျစေရန်အတွက် အတော်ပင် အထောက်အကူဖြစ်သည်။ မေမေ့၏ အသံများလည်း တုန်ရီနေလိမ့်မည်။ မောင်ငယ်လေး နှစ်ယောက်၏ ကျောင်းစရိတ်။ အိမ်စရိတ်။ သမီးကြီးဖြစ်ရသည့် မေမေ၏ဘဝသည်လည်း ခပ်ပြင်းပြင်း။

“သမီးရယ်…”

ဖွားဖွား၏ အသံတို့ နွေရာသီတစ်ခုကဲ့သို့ ပက်ကြားအက်နေမည်ထင်သည်။ ထိုအချိန်က ဖွားဖွား၏ မျက်နှာသည်လည်း ယခုလို တွန့်တွဲလျော့ကျနေမည်မဟုတ်။ ထို့ကြောင့် မေမေပြောလိုက်သော စကားတွင် ဖွားဖွားမျက်နှာပေါ်မှ တင်းမာမှုများ ပြေလျော့သွားပုံမှာ သိပ်သိသာလွန်းနေလိမ့်မည်။

မိသားစု တစ်ခု ရပ်တည်ဖို့ လူတွေအများကြီး လိုအပ်ခဲ့ပါသလား

“မမကြီး.. သားအတွက် ဟင်းကော”

“အင်း.. မောင်လေး ခဏစောင့်နော်”

မေမေ အိမ်နောက်ဖေးသို့ ဝင်သွားကာ ကြောင်အိမ်ထောင့်ထဲတွင် ချန်ထားသော ဘဲဥတစ်ခြမ်းကို ထုတ်ယူလာခဲ့လိုက်၏။

မိသားစုအတွက် ညမနက်ဟင်းမှာ ဘဲဥပြုတ် (၄) လုံး နှင့် ကန်စွန်းရွက် ရေလုံပြုတ် ဖြစ်၏။ မိသားစု စုစုပေါင်း (၇)ယောက်။ ဖိုးဖိုးသည် အိမ်ထောင်ဦးစီးမို့ ဘဲဥ မနက်တစ်ခြမ်း ညတစ်ခြမ်း။ ကျန်မိသားစုဝင်(၆)ယောက်က မနက်စာနှင့်ညစာပေါင်းမှ ဘဲဥတစ်ခြမ်း။ ယခု ဘဲဥတစ်ခြမ်းသည်လည်း မေမေ ညနေမှစားမည်ဟု မနက်ကချန်ထားခဲ့သော ညစာဖြစ်သည်။ ထိုဘဲဥလေးတစ်ခြမ်းက မောင်ငယ်လေး၏ ပန်းကန်ထဲတွင် အခန့်သား။

“မမကြီး သားအတွက်ကော…”

မောင်အငယ်ဆုံးက သူ့အားလည်း ဟင်းထည့်ပေးရန်တောင်းနေ၏။ ဖြစ်နိုင်လျှင် မနက်ဖြန်အတွက် သူမ၏ဝေစု ဖြစ်လာမည့် ဘဲဥတစ်ခြမ်းအား မေမေ ပေးလိုက်ချင်နေသည်။ သို့သော် လောလောဆယ်တွင် မရှိသေး။ မေမေ တစ်ခုခုပြောရန် အားယူနေစဉ် မေမေ့အောက်မှ ညီမငယ်က သူစားလက်စ ဘဲဥတစ်စိပ်အား မောင်အငယ်ဆုံးထံ ထည့်ပေးလိုက်၏။

“မမ ဘဲဥ စားလိုက်မောင်လေး ။ မမ ဝပြီ”

ဘဲဥတစ်စိပ်ကြောင့် မောင်အငယ်ဆုံး၏မျက်နှာ လန်းသွား၏။ မေမေနှင့် ညီမဖြစ်သူတို့ မျက်လုံးချင်း ဆုံမိကြ၏။ လူတစ်ယောက်မျက်နှာလန်းသွားဖို့ လူနှစ်ယောက်မျက်နှာ ညှိုးပေးလိုက်ရသည်မှာ များလွန်းမနေဘူးလား…။

ထိုအကြောင်းအရာများအား ပြောပြရင်း ဖွားဖွားမျက်ရည်လည်ခဲ့ဖူး၏။ လောလောဆယ် လက်ထဲရှိ အကြွေကလေးနှင့် ဇွဲဆက်ဖြတ်ခဲ့ရသည့်ညမျိုးတွေအကြောင်း မေမေ့အား ပြောပြမိလျှင် မေမေရယ်ကောင်း ရယ်နေလိမ့်မည်။ သို့မဟုတ် သူမ၏သားအတွက် ဂရုဏာသက်ချင်လည်း သက်နိုင်၏။

“မေမေ သို့မဟုတ် တစ်ချိန်က သမီးကြီး”

ထိုအကြောင်းအရာများ ပြန်တွေးမိတိုင်း ဇွဲဆက် မျက်နှာလန်းလာစမြဲ။ အခက်အခဲကို ဖြတ်ကျော်ရန်အတွက် သူ၏မျက်နှာတွင် အားအင်များပြည့်ဝလာပုံက ထင်ရှားနေ၏။ မေမေသည် သူ့အတွက် စံနမူနာဖြစ်နေခဲ့ ဖြစ်နေဆဲ ဖြစ်သည်။ တွေးနေရင်း ဇွဲဆက် မေမေ့ကို လွမ်းလာ၏။

“မေမေ့ဘဝရဲ့ ညစာတွေဟာ သိပ်ကားကြပ်လွန်းပါတယ်.. မေမေရယ်”

ကားမီးရောင်များက အစီအရီလင်းလက်နေဆဲ။ မြို့ပြမို့ တိုက်တာ အဆောက်အဦးတွေမှ မီးရောင်များစွာ တဖြတ်ဖြတ်လင်းလက်နေကြ၏။

“လူတွေဟာ သိပ်ကို အရောင်စုံလွန်းတယ် မေမေ”

ဇွဲဆက်နင်းမိသမျှ ပလက်ဖောင်းတို့ လေးကန်လွန်းလှ၏။



“သား သူငယ်ချင်းတွေနဲ့ ဘောလုံးသွားကန်ချင်တယ်မေမေ”

“အိမ်စာစာအုပ်ထုတ် မေမေ့ကိုပြ”

ဇွဲဆက် အိမ်စာစာအုပ်အား လွယ်အိတ်ထဲမှ ထုတ်ပြလိုက်၏။

“မြန်မာစာ ခက်ဆစ် ကျက်ရမယ်။ အင်္ဂလိပ်စာက grammar အိမ်စာလုပ်ရမယ်။ အဲဒါနှစ်ခု လုပ်ပြီးမှ သွားရမယ်”

အပေးအယူဆန်ဆန်တွေ တွေ့ကြုံလာတိုင်း သူမေမေ့အား စိတ်ကောက်ချင်သည်။ ငယ်စဉ်က နားမလည်ခဲ့သော်လည်း အရာတိုင်းတွင် အပေးအယူသဘောကို မေမေသင်ကြားပေးခဲ့မှန်း ယခု ဇွဲဆက်နားလည်နေခဲ့ပြီ။ တစ်ခုလိုချင်လျှင် တစ်ခုပေးဆပ်ရမည်ဟူသော နိယာမသဘောအား ဇွဲဆက် ကောင်းကောင်း သဘောပေါက်နေခဲ့ပါပြီ။ ထိုစဉ်ကတည်းက သူနှင့်မေမေ့ကြားရှိ နားလည်မှုများ။ ဇွဲဆက်၏ လိုအပ်ချက်များကို မေမေတစ်ယောက်သာနားလည်တတ်၏။ မေမေ၏ တစ်စုံတစ်ရာထူးခြားမှုများကိုလည်း ဇွဲဆက်တစ်ယောက်သာ နားလည်၏။

“မေမေ နေမှကောင်းရဲ့လား…”

သူကောင်းကင်မည်းကြီးအား မော့ကြည့်မိ၏။

“မေမေ နေမှကောင်းရဲ့လား”

ဘဝအာမခံချက်အတွက် အိမ်နှင့် သို့မဟုတ် မေမေနှင့် ဇွဲဆက်ဝေးနေရသည်ကလည်း မျှတသော အပေးအယူတစ်ခုဖြစ်နေသည်လားဟု ဇွဲဆက်တွေးမိ၏။

“မေမေ နေကောင်းရဲ့လား”

“ချောင်းနည်းနည်းဆိုးတာပါသားရယ် ။ ရာသီဥတုအပြောင်းအလဲမှာ ဖြစ်နေကျပါ။ မေမေ နေကောင်းပါတယ်သားရယ်”

မေမေက ဖျားနာတိုင်း ကြိတ်ကုတတ်မှန်း ဇွဲဆက်သိနေ၏။ ပျောက်သွားပြီးမှ ဘယ်တုန်းက ဖျားသည်ဆိုတာမျိုးကို သူပြန်သိ ပြန်ကြားရ၏။ မေမေက စိတ်ပူမှာစိုး၍ ဖုံးကွယ်ထားကာ နောက်မှ ပြန်ပြောပြတတ်၏။

အသက်အရွယ်ကလည်း ရလာသည်မို့ နားလည်ရမည့်အရာများစွာ၊ မဖြစ်မနေလုပ်ရမည့် အလုပ်များ၊ တာဝန်တွေ ဝတ္တရားတွေနှင့်သာ ဘဝတွင် နေရာကြပ်လာ၏။ ငယ်ငယ်ကလို အိမ်စာလုပ်၍သာ မေမေနေကောင်းနေမည်ဆိုလျှင် ဇွဲဆက် အမြဲပင် လောက၏အိမ်စာများကို ပုံမှန်လုပ်နေမိလိ့မ်မည်။

“ဝအောင်လည်းစား၊ စားချင်တာလည်းစား၊ မစုနဲ့၊ မဖြုန်းနဲ့ပေါ့.. သားရယ်”

ဖုန်းဆက်တိုင်းမေမေ မှာနေကျမို့ သူအလွတ်ပင်ရနေပြီ။ စကားလုံးတိုင်း၏ အနက်အဓိပ္ပါယ် သက်ရောက်မှုများကိုလည်း သူကောင်းကောင်း သဘောပေါက်၏။

“ဘဝအတွက်ကြိုးစားနေတဲ့အချိန်မှာ လွမ်းတဲ့အကြောင်းမပြောကြေးပေါ့ သားရယ်”

သက်ပြင်းတွေသာ ဇွဲဆက် အကြိမ်ကြိမ် ချမိ၏။ ဖုန်းထဲမှ စကားလုံးပေါင်းများစွာ သူ့နားထဲတွင် ပြန်ကြားယောင်နေမိ၏။

“မေမေက မော်လေးစိတ်မကောင်းမှာစိုးလို့ မပြောတာ။ ဟိုတလောက ရေနွေးပူလောင်တာများ လက်တစ်ခုလုံး ရစရာမရှိဘူး”

“ဘယ်တုန်းကလဲ”

“လွန်ခဲ့တဲ့ (၁)လ လောက်တုန်းက”

“လွန်ခဲ့တဲ့ (၃) ပတ်လောက်ကပဲ ကျွန်တော် ဖုန်းဆက်သေးတယ်လေ။ ဘာလို့မပြောတာလဲ”

“မေမေက မောင်လေး ရိပ်မိသွားမှာစိုးလို့ အသံကို တမင်ရွှင်အောင် လုပ်ပြောနေရတာ။ အဲဒီတုန်းက မေမေ ထိုင်တောင်ထိုင်နိုင်တာမဟုတ်ဘူး ။ ဖုန်းခွက်တောင် မမ ကိုင်ပေးထားရတာ။ မောင်လေးစိတ်ပူမှာ စိုးလို့တဲ့လေ။ မေမေ့အကြောင်းလည်း မောင်လေးသိတယ် မလား”

ဇွဲဆက်၏ ရင်တွင်း၌ ချွေးများရွှဲနစ်နေ၏။ ဘယ်လိုအကြောင်းအရာမျိုးက မေမေ့ထက်ကျော်လွန်ကာ အရေးကြီးနေလိမ့်မည်လဲ။

မျက်စိရှေ့တွင် တွေ့ရသော အမှိုက်ပုံးနှုတ်ခမ်းသားတွင် ဆေးလိပ်မီးအား ထိုးချေလိုက်၏။ သူစုမိ ဆောင်းမိခဲ့ပြီ။ ဘယ်လိုနည်းမျိုးနှင့်ဖြစ်စေ ဇွဲဆက်အိမ်ပြန်တော့မည်။ ငယ်ငယ်က မေမေဖြတ်သန်းခဲ့ရသည့် ဘဝအခြေအနေများကြောင့် သူချမ်းသာချင်နေခဲ့သည်။ ပိုက်ဆံသာ ရှာချင်နေခဲ့မိသည်။ ယခု ဇွဲဆက်သဘောပေါက်သွားခဲ့ပြီ။

မေမေ့၏ ကြွယ်ဝချမ်းသာမှုသည် သူမ၏ သားသမီးပင်။

ဈေးကြီးပေးရသော စက္ကူဖြတ်ပိုင်း အပိုင်းအစလေးစုတ်ပြဲသွား၏။ ထို့နောက် ဇွဲဆက် လေယာဉ်မယ်လေးအား ပြုံးပြလိုက်၏။ လေယာဉ်ပျံကြီးက မြန်မာနိုင်ငံဆီသို့။


လူသားကမိခင်ကို ချစ်သကဲ့သို့ အမိမြေကိုလည်း ချစ်ကြသည်။ ပြန်လည်ဆုံတွေရသည့်နှင့် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့်ဆုံဆည်းကာ ကျွေးမွေးရင်း စကားစမြည်ပြောဖြစ်ကြ၏။ နိုင်ငံခြားတွင်ဖြစ်ပါက သူ အရက်သောက်မိမည်။ ယခုတော သူ နာရီကိုသာ တွင်တွင်ကြည့်နေမိ၏။ မေမေ သူအိမ်အပြန်ကို မျှော်နေလိမ့်မည်။ သည့်ထက် တိတိ ကျကျပြောရလျှင် မေမေသူ့အား ထမင်းစား စောင့်နေလိမ့်မည်။

“သားပြန်လာတာ စောသားပဲ”

ဇွဲဆက်ပြုံးမိ၏။ ကျေနပ်မိသည့်အပြုံးမျိုးဖြစ်၏။

“မေမေ ထမင်းမစားရသေးဘူးမလား”

“ဟုတ်တယ်သား မေမေ မဆာသေးလို့”

ဇွဲဆက်မျက်လွှာချလိုက်၏။ မေမေသူ့အား ထမင်းစားစောင့်နေမှန်း သူ့အလိုလို နားလည်လိုက်၏။
သူရေချိုးပြီးသောအခါတွင် ထမင်းဝိုင်း၌ မေမေနှင့် သူ၏အစ်မတို့က အသင့်ပြင်ဆင်ကာ စောင့်နေပြီဖြစ်၏။ မိသားစုထမင်းလက်ဆုံတွင် ကျွန်တော်ကြိုက်တတ်သည့် ဟင်းများကိုသာ တွေ့ရသည်။ မေမေချက်ထားမည်မှန်း အရသာမမြည်းဘဲ သူသိလိုက်၏။ မိခင်၏သားအပေါ်ထားရှိသော စေတနာများ…။ ဟင်းခွက်တွေအများကြီးနှင့် သူတစ်ယောက်တည်း ထမင်းဝိုင်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးပြီ။ ထိုဘဝကို သူပြန်မလိုချင်တော့။ အိမ်ဝေးညဆိုသည်မှာ မိဘပင်ဖြစ်စေ သားသမီးပင်ဖြစ်စေ မှောင်လွန်း၏။

“သားဝယ်လာတဲ့ဘဲကင်က တော်တော်ကောင်းတာပဲ”

မေမေ အားရပါးရ စားနေသည်ကိုကြည့်ရင်းပြုံးမိ၏။ အစ်မဖြစ်သူကလည်းပြုံးနေ၏။။ လူတစ်ယောက်ကြောင့် လူနှစ်ယောက်ပြုံးသွားသည်မှာ ဝမ်းသာဖို့ကောင်း၏။

“ဘဲကင်က တော်တော်ကောင်းတယ်သား ..။ သားဘယ်ဆိုင်က ဝယ်လာတာလဲ”

မိခင်က ဇွဲဆက်၏ အဖြေအတွက် မျက်လုံးကို ထောင့်ခဏကပ်ထား၏။ နူးညံ့မြဲဖြစ်သော သူမ၏ လက်အစုံသည်လည်း ရပ်တန့်နေကြ၏။

“သားဝယ်လာတာ မဟုတ်ဘူးမေမေ။ ဒါ မေမေ ငယ်ငယ်က ညစာချန်ထားခဲ့တဲ့ ဘဲဥကလေးတွေ အကောင်ပေါက်လာကြတာ”

မေမေမျက်ရည်ဝဲသည်ကို ကျွန်တော်တွေ့လိုက်ရ၏။ ကြည်နူး၍ ဝေ့ဝဲတက်လည်သည့် မျက်ရည်မို့ ပီတိပေါင်းများစွာ ပါဝင်နေ၏။ ထို့ပြင် မိဘနှင့်သားသမီးကြားရှိ အပြန်အလှန်နားလည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ပါ ပါဝင်နေကြလေသည်။ ။