Friday, March 29, 2013

မို နို ပို လီ က စား ကြမယ်



အိမ်ဝယ်မယ်။ ဟော်တယ်/မိုတယ် ဝယ်မယ်။ မြေဝယ်မယ်။
ပိုက်ဆံမရှိလည်း အံစာတုံးရှိ ဝယ်လို့ရနေတာပဲ။
ဒါပေမဲ့ မြို့ဝင်ကြေးပေးရမယ်ဆိုတော့ ကျွန်တော့်အလှည့်
တစ်လှည့်အောက်သွားတယ် ဂျူနို။
ကံဆိုတာ မြို့လည်ခေါင်က စက္ကူတွေပဲလား။
ဒီလိုလုပ် ပဟေဋ္ဌိတွေဖြေနေမယ့်အစား ကိုယ့်အကြောင်းကိုယ် အော်ဟစ်ကြရင်ပို
ကောင်းမယ်။ ထင်ရင်လုပ်သာလုပ်။
တစ်ခုပဲ။ ဒီဝိုင်းမှာ စင်ကာပူ ပိုလီမရှိဘူး။ (ဒါမြန်မာနိုင်ငံ)။
စစ်တုရင်ခုံပေါ်က လူဖြူလူမည်းတွေလား။ ဒီမှာ
စားချင်တိုင်းစားလို့မရဘူး။
အခွန်ဆောင်လိုက် မြို့ဝယ်လိုက်နဲ့ အံစာတုံးခေါက်ပြီး
လောကကို ဒီလိုပဲ ခဏခဏပတ်သွားကြမယ်။

ဖျားနာခြင်း




ကမ္ဘာကြီးက မျက်မှန်တပ်ပြီး (ကိုယ့်ကို) မျက်စောင်းထိုးလိုက်ပြီ။
စိုးရိမ်စိတ်က လည်ချောင်းထဲမှာမှ လာပြီး ကျို့ထိုးနေတယ်။
ကိုယ်ကလည်း ကိုယ်ပဲ။
လွမ်းတာကို လွမ်းတယ်လို့မပြောဘူး..
အိပ်ရေးပျက်ခံတယ်။

အရိပ်နဲ့မလွတ်တဲ့ ဦးထုပ်လေးလိုပဲ။
ကိုယ့်ကိုကိုယ်လည်း ဖမ်းမမိတော့ဘူး။
"ရှင်ကလေ.. သိပ်ကလေးဆန်တာပဲ" လို့
သစ်ကိုင်းခြောက်လေးက စိတ်ဆိုးတယ်။

"ပြောရင်လည်း ရှင်.. ရင်နာရဦးမှာပဲ
ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရဦးမယ်
ကျွန်မ ရှင့်ကို မယုံကြည်သေးဘူး"

ရေစင်အောင်ဆေးထားတဲ့စိတ်ဟာ မပြောင်သေးမှန်း ကိုယ်သိလိုက်ရတယ်။
ရှင့်ကို ကျွန်မ.. မချစ်ဘူးဆိုလည်း လူသတ်လို့ရနေတာပဲ။
ကိုယ်ကတော့ " မင်းကိုချစ်တယ်" လို့ ကိုယ့်ကိုကိုယ် ပြန်ဆဲထားတယ်။

ဟုတ်ပါတယ်။
ကိုယ်ဟာဒဏ်ရာရနေတဲ့
အေမိုင်နာ(Am)ကောဒ့်ကြီးပါ
အိပ်မက်ထဲက 'သွား' ရာလေးကို
လက်မောင်းပေါ်ပြန်ဝင်စားစေချင်တာတောင်
ကိုယ်က " ချစ်တယ်.. ချစ်တယ် " လို့ပဲ အမျှဝေတတ်တဲ့ကောင်။
မင်းက ကိုယ့်ကိုမယုံကြည်ဘူး။
အချစ်ကို ပြစ်မှားတယ်။

ကိုယ့်မှာ ရှေ့ဆက်တိုးစရာ ဖိနပ်မှမရှိဘဲ
မင်းမရှိတဲ့အခါကျရင် ညနေငါးနာရီခွဲလေးကို
ကျိုချက်ပြီးမှပဲ ကိုယ်လွမ်းပါတယ်
ပိုးမွှားသန့်စင်လို့လားမသိဘူး
အချစ်ဆိုတဲ့အသံကြားတာနဲ့ ကိုယ်ဖျားနာရတယ်။

-ကျွန်မ ပြန်တော့မယ်။
-ကိုယ်လွမ်းနေတာလေး မေ့ကျန်ခဲ့ဦးမယ်။
-လွမ်းနေရင်သိမ်းပေးထားပေါ့။

အချစ်ဟာ ကိုယ့်ကို
အကုသိုလ်အယောင်ဆောင်ပြီး
နဖူးတောက်သွားပြီ
တစ်ခုပဲရှိတော့တယ်
အနက်ရောင်မျက်မှန်လေးကို မီးလှုံမနေတော့ဘူး
ကိုယ်နားထင်ကိုပဲ ကိုယ်.. သေနတ်နဲ့ဆေးထိုးမယ်။




သူမ PlayStation ကျွန်တော်



လက်ချောင်းတွေအောက် ရုန်းရင်းဆန်ခတ်။ အပြေးအလွှား။
L1 + R1 ပုခုံးပေါ်ခေါင်းမှီထား။ လက်တစ်ဖက်ပေးထား။
အတူဆုံချိန် ညနေလေးနာရီ။ Start ။ (နာရီ.. ငါ့ခဏစောင့်)။
x x o ။ နှုတ်ခမ်းလေးဆူသွားရင် Game Over ။
မျက်စောင်းလှလှလေး။ Counter Attack ။ အောက်ဆီဂျင်ပုလင်း မတွေ့ရင် သေပြီ။
လက်မောင်းပေါ်က "သွား" ရာလေးနဲ့ သူမ၏နောက်ဆုံးပါဝါ။
ဆွဲဆိတ်တယ် (X) ။ ဗိုက်ခေါက်လိမ်တယ် (ဝ) ။ နဖူးချင်းတိုက်တယ် (x + ဝ)။
သူမက ကစားသမား။ ငါက ကိုယ့်ကိုကိုယ်ပြန်မိနေရတဲ့ ရုပ်မြင်သံကြား။
အိမ်အပြန်လမ်း။
Sign Out !
Game Over ။
မနက်ဖြန်ကို နှိပ် ။ အဲဒါ Restart ပဲ။

အောက်တိုဘာသို့ခမ်းနားခြင်း




ရေချင်းတူပေမဲ့
ငါတို့အလှည့်မှ
ဆားခတ်ခံထားရသလိုမျိုး
ပင်လယ်ဆန်ဆန်ဝေးတယ်
နွေနှောင်းသစ်ရွက်ဆွေးလေးတွေ
၃ခါကြွေပြီးရင်တော့
လေဆိပ်မှာလာကြိုပါ။




ကျနော်တို့ဆိုတာ...အသက်ကြီးနေတဲ့ကလေးတွေ



လက်ကောက်ဝတ်မှာ နာရီတစ်လုံးနဲ့လက်ထိပ်ခတ်ထားတယ်ဆိုတော့
နယ်ဝေး ဆိုတာ ကမ္ဘာကြီးလက်ခုပ်ထဲက ရေပဲ။

ကျနော်လမင်းငတ်တုန်းက ဘယ်သူမှမသိလိုက်ဘူး
ယုံ…
ပုခက်ထဲအိပ်နေကျသစ်ပင်က မြေကြီးပေါ်လမ်းဆင်းလျှောက်တယ်
မနေ့ကကျပျောက်သွားတဲ့သောကြာနေ့ကို
ဘယ်သူမှမတွေ့လိုက်ဘူးတဲ့။

ကျနော်လည်းမမှတ်မိဘူး
ဇူလိုင်က လူကြီးလူကောင်းဆန်တယ်
ကျနော်က လူဆန်ချင်တယ်။

နှာခေါင်းထဲဝင်သွားတာ အောက်ဆီဂျင်မှဟုတ်ရဲ့လားလို့ သံသယဖြစ်မနေနဲ့
ကလေးဆိုတာ လူတစ်ယောက်ရဲ့နောက်ကြည့်မှန်ပဲဖြစ်တယ်

ပြီးတော့ ကျနော်တို့ဆိုတာ အသက်ကြီးနေတဲ့ကလေးတွေလည်းဖြစ်တယ်။



ဆောင်းည အပိုဒ်ခွဲ (၇)



(၁)
မီးဟုန်းဟုန်းတောက်နေတဲ့
သင်္ကြန်ပျက်လေးဟာလည်း
ဧပရယ်မှာပဲ
သူလိုကိုယ်လို စဲသွားတယ်။

လက်ဖဝါးပေါ်က ထီးရိုးလေးဟာလည်း
မရဏဖွားလေးပဲမို့
နှုတ်ခမ်းကိုက်ပြီး
ထွက်ပြေးသွားတယ်။

ဒီလိုနဲ့...
ဧပရယ်သေဆုံးတာ
ကြာပြီ။

(၂)
လမင်းမရှိတဲ့ညဟာ
စာအုပ်ထဲကိုခဏခဏမှောက်ကျနေတဲ့
ပွဲချင်းပြီး ရင်ဘတ်လေးတစ်ခုပါပဲ။

လွမ်းတယ်..လမင်းရေ
(သက်တံ့လေးလို)ငါက
တစ်ခြမ်းထဲဖြစ်နေလည်း
လွမ်းရမယ့်ကောင်မို့
တစ်ခြမ်းစာလေးပဲ ပီပီသသလွမ်းတယ်။

နင်ကတော့သိမှာမဟုတ်ပါဘူး
ကိုယ့်အတ္တကိုယ် ဝါးမြိုရတဲ့ကိစ္စက
သိပ်ကြီးကျယ်လှတယ်တော့လည်း
ဘယ်ဟုတ်ပါ့မလဲ
ဒါပေမဲ့...
ဒါပေမဲ့ပေါ့လေ

ကြွေခါနီးနွေထဲမှာမှ
ရဲနေအောင်ပွင့်ချင်တဲ့သစ်ရွက်လေးက
ကိုယ့်ကိုကိုယ်နောင်တရလိုက်သလိုမျိုး
ငါကလည်း တစ်ခါသုံးအချစ်ကိုမှ ယုံစားခဲ့မိတာကိုး...တဲ့။

(၃)
လမင်းသာမငြူစူဘူးဆိုရင်
ကျွန်တော်လည်းဖြူချင်ပါတယ်လမင်းရယ်
ကောင်းကင်အောက်မှပဲ ရို့ရို့လေးဝပ်တွား
သေမိန့်ချသံတွေဟာ
ဓါးသွားအတွက်တော့...ခါးပါတယ်။



ဆည်းလည်းလေး ၄၅ ဒီဂရီတိမ်းစောင်းသွားသလို
ဆောင်းကလည်း နှင်းမကျဘဲ
ကောင်းကင်မှာ…
တွဲလောင်းလေးခိုထားတယ်
၂၀၁၀ပြက္ခဒိန်က
လူလိမ်မလေးတစ်ယောက်လိုပေါ့။

သူမမှာ ဆောင်းသားမစားတတ်တဲ့
အကျင့်ဆိုးလေးရှိတယ်
ကျွန်တော်က
သင်္ကြန်နဲ့ခဏခဏ ရန်ဖြစ်သလိုမျိုးပဲပေါ့
ခုတော့လည်း
စာရွက်ထဲမှာပဲ ကွင်းခတ်ပြီး
လွမ်းလွမ်းနေရတယ်... လမင်းရယ်။

(၄)
ကျွန်တော်ကျန်ရစ်ခဲ့တဲ့နေ့မှာ
လွယ်အိတ်လေးကတော့ ကျောင်းတက်တယ်
ကိုယ့်ကိုကိုယ်ပြန်ဆွဲထုတ်ကြည့်မိတော့
မှတ်စုစာအုပ်က ပါမလာဘူး
(အဲဒီ့နေ့က ဆရာမက သုံးချက်ရိုက်တယ်)။

တကယ်ဆို...
ငါဟာ ဆောင်းကြောက်တဲ့
မှော်ဆရာတစ်ယောက်ပေါ့ကွယ်
နေ့မှာလည်း ငါပဲပူခဲ့ရ
ညမှာလည်း ငါပဲမှောင်ခဲ့ရ
ဒီလိုနဲ့လကွယ်နေ့တိုင်း
ဘယ်ဘက်လက်ထဲက မီးအိမ်နဲ့
လမင်းကိုလည်း လင်းထိန်စေခဲ့ချင်သူပေါ့။



ငါ့ကို အတ္တလို့ခေါ်လည်းရပါတယ် လမင်းရယ်
ပဉ္စလက်ဆန်ဆန် အတ္ထုပ္ပတ္တိနဲ့
နွေရာသီမှာလည်း
ရင်ဖွင့်ပြီးလွမ်းရတာပေါ့။

ထူးထူးခြားခြားမဟုတ်ရင်တောင်
တိမ်လွှာမျဉ်းကွေးသဏ္ဍာန်တွေနဲ့
လိုက်လျောညီထွေဖြစ်တဲ့အထိ
နွေခေါင်ခေါင်မှာပဲ
ဘောင်ခတ်ပြီး ငါ..နေခဲ့လိုက်ပါ့မယ်။

(၅)
အနိုင်ပိုင်းသွားတဲ့သူဟာ
အနိုင်ရသူတဲ့လား လမင်းရေ...

ဒါဆိုရင်
ရင်ဘတ်တစ်ခုလုံးကြွေမွစုတ်ပြတ်နေသည်အထိ
(ငါ)
လက်ခုပ်တီးပြချင်မိပါသေးတယ်။

နီညိုရောင် စစ်တလင်းမှာ
ကိုယ့်ကိုကိုယ်ပြန်တိုက်ပြီးမှရတဲ့ အလွမ်းဆိုတာ
အရှုံးသမားအတွက်
နှစ်သိမ့်ဆုတဲ့။

အိပ်မက်တွေမကြွေခင်အထိတော့
ငါလည်း
အဝါရောင်သမ်းပြခဲ့ပါသေးတယ်။

အချစ်ဆိုတာ
အချိန်တန်ရင်ပါးသွားတဲ့ ရွှေရည်စိမ်လို့သာ
လက်ညှိုးငေါက်ငေါက်ထိုးချလိုက်ပါတော့...

ငါသေရင်သာ
လမင်းထဲမှာမြှုပ်ပေးပါ လမင်းရယ်။

(၆)
နင့်မျက်နှာလေးကို ငေးရင်း
ဂစ်တာအိုလေးလည်း
သီချင်းဆိုတတ်သွားတာ ကြာပေါ့...

မုတ်သုန်လေထဲမှာ
မုန်တိုင်းနဲ့မတိုးခင်ထိ
ငါပျော်နေမိတာဆန်းလား...

ရင်ဘတ်သမားမို့
ဝင်တာမီယာအကြောင်း
စာလုံးမပေါင်းတတ်တာ ဆန်းလား...

ပုဝါပါးလေးမို့
အစွန်းအထင်းမခံတာ ဆန်းလား...

မိုးရွာသလို
ဆောင်းရွာခွင့်မရှိတဲ့ခေတ်ကတော့
ဆန်းပါတယ်လမင်းရယ်။

မျှော်လင့်ချက်တွေကပဲ
ညွတ်ကိုင်းကွေးယှက်
အလွမ်းတောင်အသက်ကြီးလာတာ
ဘာလိုလိုနဲ့ပါပဲလေ
ဓားသွားတွေဖုံးအုပ်ထားတဲ့ ပျားရည်ထဲ
ပျော်ဝင်နေမိမှတော့
ကိုယ့်ကိုကိုယ်ချိုလှပါတယ်လို့
ဘယ်လိုပြောပြရမလဲ...
ဇန်နဝါရီလ ၅ ရက်
သိပ်ရယ်ရတာပဲလမင်းရယ်။

(၇)
နောက်ကျကျန်ရစ်ခဲ့တဲ့
ဖယောင်းတိုင်လေးက
နွေကိုကြိုနေသလိုပဲ
ငါလွမ်းရင်းဆွေးနေတဲ့ဘဝမှာ
နင်ပျော်ပါစေ...

ပြီးတော့
လေနုအေးလေးက ဆံစအဖျားကို
တစ်ပြနှစ်ပြတိုက်ခတ်ပြီး
ဆော့ကစားပါစေဦးတော့

မချိုလည်း ပြိုခွင့်ရရုံနဲ့
ကျေနပ်တတ်ခဲ့ပါပြီ။

နှစ်ချို့သစ်ပင်ကြီးက
လေးတိလေးကန်နွဲ့ယိမ်းပြတိုင်း
ခပ်မှိုင်းမှိုင်းလက်ပြနှုတ်ဆက်ကြဦးစို့

ကမ္ဘာဦးကကျမ်းမှာ
ငါဟာ
လောင်ကျွမ်းနေတဲ့ နှင်းစက်တွေအဖြစ်
ရောယှက် ပတ်သက်နေဦးမယ်
တကယ်ပါလမင်းရယ်
မလောင်တတ်တဲ့ ငွေ့ရည်ဟာ
မုတ်သုန်နဲ့ကြုံတိုင်း
ပြိုနေကျဆိုတာလေး...
(ကြုံရင်)
လမင်းကိုထပ်ပြောပြချင်ပါသေးတယ်။


ခေါင်းလောင်းငိုသံ




စာအုပ်လေးကြားက
အလွတ်ရနေတဲ့ နံပါတ်လှလှလေးတွေ
တစ်ယောက်တစ်မျိုး
တိုးတိုးလေး ခိုးလှောင်နေကြ
မရတော့ဘူးဆိုတဲ့အသိလေးနဲ့တင်
ဘယ်ဘက်ဒေါင့်ယွန်းယွန်းကတိုင်လေးတွေ
ညတိုင်းငိုတယ်။

Monday, March 25, 2013

ခြားနားခြင်းများ



(၁)
မီးဖိုချောင်ထဲတွင် လေးမေတစ်ယောက်တည်း ပုစွန်အခွံခွါနေ၏။ ပုစွန်၏ အပေါ်ယံ အခွံငယ်များကို ချွတ်ကာ ငရုပ်သီးအစိမ်းမှုန့်လေးနှင့် ခပ်ကျစ်ကျစ်၊ ခပ်ခြောက်ခြောက်ကလေး ကြော်လျှင် သားငယ်မှာ အလွန်ကြိုက်တတ်၏။
သူမ၏ ခင်ပွန်းဖြစ်သူ ကိုမျိုးကိုအတွက်ကား ထိုသို့မဖြစ်။ ကြက်သွန်ဖြူအပြားရိုက်ကာ ဆီသတ်ရမည်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ပါးပါးလှီးကာ ဆီသတ်ထားသည့်ထဲထည့်ရမည်။ ရေအနည်းငယ်ဖြင့် ခဏစောင့်လျှင် ခရမ်းချဉ်သီးအနှစ် ရမည်။ ထိုအချိန်မှသာ မန်ကျည်းရည်ထည့် ငရုပ်သီးစိမ်းကလေးထည့်ကာ ချဉ်စပ်ကလေးလုပ်မည်။ အပေါ့အငန် မြည်းကာ ပုစွန်ထည့်မည်။ ပုစွန်ကို အစတည်းက ထည့်ထားလို့မဖြစ်။ ပုစွန်ပျော့သွားပါက ခက်မည်။ အနှစ်ရမှ ပုစွန်ထည့်ကာ နံနံပင်ကလေးအုပ်လျှင် ကိုမျိုးကိုက ကြိုက်တတ်သည်။
ယခုလောလောဆယ် သားငယ်အတွက် ပုစွန်ခေါင်းချွေနေခြင်းဖြစ်သည်။ လက်ပေါက်ကပ်လှ၏။ လက်ဝင်၏။ အနုစိပ်ရလွန်း၏။ အချိန်ပေးရ၏။ ညထဲမှစ၍ ယခုလို ကြိုတင်ပြင်ဆင်ထားမထားပါက မနက်ရုံး၊ ကျောင်းအမီ ကျက်ရန် အတော်ပင် ကသီလင်တ ဖြစ်ရမည်။
ညခုနစ်နာရီထိုးတော့မည်။ လေးမေခပ်သွက်သွက်လုပ်နေရ၏။ (၇)နာရီတွင် လာလာနေသော နိုင်ငံခြားဇာတ်လမ်းတွဲက လေးမေအကြိုက်ဖြစ်သည်။ လေးမေတင်မက အိမ်ရှင်မတော်တော်များများ ကြိုက်နှစ်သက်ကြ၏။
“မေမေရေ.. ဇာတ်လမ်းလာနေပြီ”
“အော် အေးအေး.. လာပြီသားရေ”
သားငယ်၏ အော်သံကြောင့် လေးမေတစ်ယောက် ကမန်းကတန်း ထသည်။ လက်ဆေး၏။ ရေပိတ်၍ လှည့်အထွက် ကြောင်အိမ်အားတိုက်မိကာ ကြောင်အိမ်ပေါ်မှ စတီးပန်းကန်ပြား ပြုတ်ကျသွား၏။
“ဂလုံ…ဂွမ်…”
“ဟဲ့ကြောင်! ဒီမှာ ကျကုန်ပြီ”
လေးမေက သူမ၏အပြစ်ကို ဖုံးရန် အိမ်တွင်မွေးထားသည့်ကြောင်အား အပြစ်ပုံချလိုက်၏။
“ဘာဟဲ့ကြောင်လဲ မွေးထားတဲ့ကြောင်ကဖြင့် အိမ်ရှေ့မှာကို”
လေးမေတစ်ယောက် မျိုးကို၏ အသံကြောင့် ပြုံးစိစိဖြစ်သွား၏။ သူပြောလိုက်သည်ကိုလူမိသွားသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ထို့နောက် အိမ်ရှေ့ထွက်လာခဲ့လိုက်၏။

(၂)
“ဟိုဘက်တိုးဦးကွာ”
“ဟ.. တိုးလို့မရတော့ဘူး ငါလည်းကြပ်နေပြီ”
“ငါသေချာမမြင်ရတော့ဘူးကွ”
လေးမေ အိမ်ရှေ့တံခါးဆီသို့တစ်ချက် လှည့်ကြည့်လိုက်၏။ တံခါးပေါက်တွင် စုပြုံနေသော ကလေးထုကြီးထံမှ စကားသံတဖြည်းဖြည်းတိုးက ငြိမ်သက်သွားကြ၏။ လေးမေရုပ်ရှင်တော့ နားအေးပါးအေး ကြည့်ချင်သည်။ သူမစိတ်အပန်းဖြေစရာမှာလည်း ဒီတစ်ခုပင်ရှိသည်မဟုတ်ပါလား။ လေးမေကိုယ်တိုင်လည်း ရုံးဝန်ထမ်းမို့ ဟိုဟိုဒီဒီ မသွားနိုင်။ ညဘက်ရုပ်ရှင်ကြည့်ချိန်ကလေးသာ သူမ၏ စိတ်အပန်းဖြေစရာ။ အိမ်ပေါက်ဝမှ ကလေးငယ်များ ငြိမ်သွားသည်မို့ ရုပ်ရှင်ပြန်ကြည့်နေလိုက်၏။
“ဟေ့ကောင်.. မတိုးပါနဲ့ဆိုကွာ ဒီမှာ ပြုတ်ကျတော့မယ်”
“ငါလည်းသေချာမှမမြင်ရတာ”
“ဟေ့… အရှေ့က ထိုင်လေကွာ နောက်က ဘယ်မြင်ရမှာလဲ”
“အေးလေကွာ”
လေးမေအာရုံနောက်လာသဖြင့် လှည့်ငေါက်လိုက်၏။
“ကဲ ကောင်းကောင်းကြည့်ကြလေ။ မဟုတ်ရင် တီဗွီ ပိတ်လိုက်တော့မယ်။”
ကလေးများ ငြိမ်သွားကြ၏။
ရပ်ကွက်အတွင်းမှ အရွယ်စုံဆိုဒ်စုံ ဘုစုခရုကလေးများဖြစ်ကြသည်။ ချေးညှော်များ ပေကျံနေကြပြီး နွမ်းပါးသောအဝတ်အစားများနှင့် ကလေးငယ်များဖြစ်ကြသည်။ ရပ်ကွက်တွင်းတွေ့မြင်နေရဆဲ။ အမှန်ပင်ရှိနေကြသော လူတန်းစားတစ်မျိုးပင်မဟုတ်ပါလား။ ကျောင်းတက်ရမည်ကို မသိကြ။ သိကြသည့်တိုင် မိဘများမှာ ကျောင်းမထားနိုင်ကြ။ ၂၄နာရီလုံးတွင် ထမင်းတစ်နပ်စားနိုင်ဖို့ပင် ရုန်းကန်နေရသူများဖြစ်သည်။ ထို့ကြောင့်မိမိကလေးများအား မသွန်သင်အား မဆုံးမအား။ ဂရုမစိုက်အား။ ထိုကလေးတို့သည်လည်း ဖြစ်ချင်တိုင်းဖြစ်။ ညဘက်တွင် အိမ်တကာပေါက်ဝတွင် လိုက်ကာတီဗွီကြည့်ကြ။ မျက်စိသူငယ်နားသူငယ်ဖြင့် ရှင်သန်နေကြရ၏။

(၃)
ဇာတ်လမ်းထဲတွင် ဖြစ်သည်။ ထောင်မှထွက်လာသော အမျိုးသမီးတစ်ဦးက အခန်းတစ်ခန်းအား တံခါးခေါက်နေ၏။ ဇာတ်လမ်းအသွားအလာ သဘောအရပင် ထောင်မှထွက်လာသည်ဟု သိရသော်လည်း ထောင်ထွက်တစ်ယောက်နှင့် လားလားမှမတူ။ မြန်မာဇာတ်လမ်းတွင်မြင်ဖူးနေကျလို ဆံပင်မွဲခြောက်ခြောက် အသားအရေက မဲပြာမနေပေ။ သိပ်လှပလွန်းနေသည်မဟုတ်သည့်တိုင် ဝတ်မှုန်ရွှေရည် အလှပြင်မထားသည့် ရုပ်လောက်တော့ ကျန်သည်။
“အို.. မာရီနာ.. လာပါ ထိုင်ပါ”
အမျိုးသမီးမှာ ထိုင်ခုံတွင်ဝင်ထိုင်၏။ ထို့နောက်တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။ အမျိုးသားဖြစ်သူက စကားစပေး၏။
“အလုပ်ကြောင့် မင်းထောင်ကျသွားတယ်လို့ ကိုယ်ကြားပါတယ်။ အခုမင်းမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။ ကိုယ်တတ်နိုင်သလောက်ကူညီမှာပါ”
“ကျွန်မတို့နှစ်ယောက် နှစ်ဦးသဘောတူကွာရှင်းထားပြီးပေမယ့် ..”
အမျိုးသားက ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။ အမျိုးသမီးကစကားဆက်၏။
“ကျွန်မထောင်ထဲရောက်နေတုန်း မိဘမဲ့ဂေဟာမှာ အပ်ခဲ့တဲ့ သားနဲ့သမီးကို ပြန်သွားရွေးဖို့ ရှင်ပါလိုက်ခဲ့ပေးဖို့လိုအပ်နေလို့ပါ”
အမျိုးသားမှာ မေးစေ့ပွတ်ကာ စဉ်းစား၏။
“အခုလား”
“အခုဆိုရင်တော့ ကောင်းတာပေါ့ရှင်”
“ကောင်းပြီလေ ကျွန်တော်လိုက်ခဲ့ပါ့မယ်”
အမျိုးသမီးမှာ မတ်တပ်ထကာအခန်းအပြင်သို့ ထွက်လိုက်၏။ အမျိုးသားဖြစ်သူမှာလည်း အပေါ်ကုတ်အင်္ကျီဝတ်ကာ နောက်မှလိုက်လာ၏။

(၄)
မိဘမဲ့ဂေဟာတွင်ဖြစ်၏။
“မင်းမိဘတွေပြန်လာခေါ်မှာမဟုတ်ဘူးဆိုတာ မင်းမသိဘူးလား။ သွားစမ်း ဆော့စရာရှိတာ သွားဆော့ချေ”
“မဟုတ်ဘူး သားမေမေ သားကိုပြန်လာခေါ်မှာ”
ကလေးငယ်မှာ နေရာတွင်ပင် ငုပ်တုပ်ထိုင်လိုက်၏။
“ထစမ်း မင်းကိုငါထစမ်းလို့ပြောနေတယ်”
“ဆရာမ”
ကလေးငယ်၏ ကွာရှင်းထားသော မိဘနှစ်ဦးဖြစ်၏။ ဆရာမက သေချာမသိ။
“ဘာကိစ္စလဲမသိဘူး”
“ခင်ဗျားဘာလို့ ကလေးကို ဆူပူကြိမ်းမောင်းနေတာလဲ”
“ဒါက ရှင်နဲ့မဆိုင်ပါဘူး”
ဆရာမဖြစ်သူက လေသံခပ်မာမာနှင့်တုန့်ပြန်၏။ လာပြောသူအမျိုးသားအား ခြေဆုံးခေါင်းဆုံး ကြည့်၏။
“ဆိုင်တယ် ဒါကျွန်တော့်သားပဲ”
“အို…”
ဆရာမ၏ မျက်နှာ ချက်ချင်းမှောင်ကျသွား၏။
“မဟုတ်ပါဘူးရှင်..ကျွန်မက..”
“ဘာမဟုတ်တာလဲ ခင်ဗျားမှာ ကလေးကို ဒီလိုဆူပူကြိမ်းမောင်းခွင့်မရှိဘူးဆိုတာ ခင်ဗျားမသိဘူးလား”
အမျိုးသားဖြစ်သူမှာ အသာစီးရသွားပြီဖြစ်သည်။ နိုင်ငံခြားတွင် ကလေးကို ရိုက်ဖို့ပင်ဝေးရော ဆူပူကြိမ်းမောင်းသည်ကိုပင် မိဘများမကြိုက်တတ်ကြပေ။ အမျိုးသားမှာ ဒေါသသံများ ဖြာထွက်နေ၏။
“ဒီလိုပါရှင်..”
“အပိုတွေပြောမနေနဲ့ ကျောင်းအုပ်ရုးံခန်းလိုက်ပို့”
ဆရာမက ဦးဆောင်ကာ မာရီနာနှင့် သူ၏ ကွာရှင်းထားသူ အမျိုးသားတို့ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ရောက်သွားကြ၏။

(၅)
ကျောင်းအုပ်ဆရာမက စာရွက်များကို စစ်ဆေးပြီးနောက် မျက်မှန်ချွတ်ကြည့်၏။
“ကလေးကို ဘယ်သူပြန်ခေါ်သွားမှာလဲ”
“ကျွန်မပါ”
မာရီနာက ယဉ်ယဉ်ကျေးကျေးဖြေ၏။
“ရှင်အခုဘယ်မှာနေပါသလဲ”
“ဟို.. ဟိုလေ.. ကျွန်မလောလောဆယ်မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်အိမ်မှာနေပါတယ်။”
ကျောင်းအုပ်ဆရာမကြီးမှာ မျက်မှောင်ကျုံ့၏။
“ရှင်ဘာအလုပ်အကိုင်လုပ်သလဲ”
“ဟို.. အလုပ်ကလည်း ကျွန်မရှာထားဆဲပါ”
“ရှင်ထောင်က ထွက်လာတာ မကြာသေးဘူးမဟုတ်လား”
“ဟုတ်ပါတယ်”
ဆရာမကြီးက စာရွက်များကို ပြန်လှန်လှောကြည့်၏။
“ကျွန်မကလေးနှစ်ယောက်ကို ရှင်နဲ့ပြန်မထည့်ပေးနိုင်ဘူး”
“ဟို..”
မာရီနာ စကားမစမီ ဆရာမကြီးက လက်ကာပြ၏။ ထို့နောက်စကားဆက်ပြော၏။
“ကျွန်မအနေနဲ့ ကူညီနိုင်တာဆိုလို့ တစ်ခုပဲရှိတယ် ကလေးတွေကို သူ့အဖေဖြစ်သူနဲ့ ပြန်ထည့်ပေးလိုက်ဖို့ပါပဲ။ ကလေးအဖေဖြစ်သူက အလုပ်အကိုင် နေစရာအိမ် အတည်တကျရှိနေတယ်”
“ဟိုလေ မလုပ်ပါနဲ့ရှင်.. ကျွန်မအတွက် ကလေးတွေက မရှိမဖြစ်လိုအပ်နေလို့ပါ”
မာရီနာ၏အသံမှာ တုန်ရီနေ၏။ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများမှာလည်းအထင်အရှား ကလေးနှစ်ယောက်ကို သူမ ပြန်မရလျှင် သေမသွားနိုင်သည့်တိုင် သေလောက်အောင်တော့ ခံစားရနိုင်သည်။မာရီနာ ထပ်ကြိုးစားပြောကြည့်သည်။
“ကျွန်မ တစ်ပတ်အတွင်းအလုပ်ရှာမှာပါ ကျွန်မကို ဒီအခွင့်အရေးတော့ပေးပါ။”
ဆရာမကြီးက မျက်မှောင်ကျုံ့ကာမေး၏။
“ရှင်နဲ့ကလေးတွေထည့်ပေးလိုက်တာက လွယ်လွယ်လေးပါ။ ဒါပေမယ့် ကလေးတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ နေအိမ် ၊ စားသောက်ဖို့ အစားအစာ၊ ကျောင်းနေဖို့ကိစ္စအဝဝ၊ အဝတ်အစားလိုအပ်ချက်၊ အသုံးအဆောင်ပစ္စည်း ၊ ဖျားနာတဲ့အခါ ပြသဖို့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်၊ ကာကွယ်ဆေးထိုးဖို့ ကုန်ကျစရိတ် ဒါတွေ ဒါတွေ… ဒါတွေဟာ ကျွန်မတို့ကျောင်းမှာ အားလုံးပြည့်စုံတယ် ရှင့်အနေနဲ့က..”
မာရီနာက စကားဖြတ်ပြော၏။
“ကျွန်မတစ်ပတ်အတွင်း အလုပ်ရှာမှာပါရှင် ကျွန်မ ကတိပေးပါတယ်”
ကျောင်းအုပ်ဆရာမကြီးခေါင်းညိတ်ပြလိုက်၏။
ထိုအခန်းတွင် ဇာတ်လမ်းတစ်ပိုင်းဖြတ်ကာ ကြော်ငြာဝင်၏။

(၆)
“ဟာ… ကြော်ငြာလာပြီ”
“ဟယ် အေး ဟုတ်တယ်”
“ဘာကြော်ငြာလည်းမသိဘူးနော် ပုလင်းလေးတွေက ချစ်စရာလေးတွေ”
တစ်ယောက်တစ်ပေါက် ဆူညံသံတွေကြောင့် လေးမေ တီဗွီပိတ်ပစ်လိုက်၏။
နိုင်ငံခြားဇာတ်လမ်းတွဲတွင် စာတမ်းထိုးပြခြင်းအား အိမ်ပေါက်ဝမှ ကလေးငယ်များ မဖတ်တတ်ခြင်းကိုပင် ကျေးဇူးတင်ရမည်။ ဖတ်တတ်ကြပါက နိုင်ငံခြားဆိုတာကို သူတို့မိဘထံ ပြန်မေးကြလိမ့်မည်။ ထိုအခါ သူတို့၏မိဘများအနေဖြင့် ဖြေရခက်မည်မဟုတ်ပါလား။ ယခုတော့ အရာအားလုံးဟာ နေသားတကျအတိုင်း။
လေးမေ တီဗွီပိတ်လိုက်ခြင်းကြောင့် ထိုကလေးငယ်များ ထပြန်သွားကြ၏။ သူတို့သည် ကျောင်းတက်ရန် ထသွားကြခြင်း မဟုတ်ပါ။ အိမ်ယာမရှိသောကြောင့် အိမ်ပြန်သွားကြခြင်းလည်း မဟုတ်ပါ။ အဝတ်အစားလဲကြရန် ရေပြန်ချိုးကြခြင်းလည်း မဟုတ်ပါ။ နိုင်ငံခြားဇာတ်လမ်းတွဲထဲမှ မိဘမဲ့ဂေဟာသို့ သွားကြခြင်းလည်းမဟုတ်ပါ။ တီဗွီရှိသော နောက်ထပ်တစ်အိမ်သို့ ကူးသွားကြခြင်းသာ ဖြစ်ပါလိမ့်မည်။

တရုတ် ဈေးသည်များ



(၁)
ဆီပူပြီမှန်းသိသာလွန်း၏။ ဒေါ်စိန်မေက မီးဖိုအောက်မှထိုးထားသော ထင်းချောင်းများအား လိုက်ညှိပေး၏။ သူမ၏ဘေးတွင် ချထားသောရေပုံးထဲသို့ ဆန်မှုန့် လေးထုပ်ခန့် ဖောက်ထည့်၏။ ထို့နောက် ရေထည့်၏။ သစ်သားယောက်မဖြင့် သမအောင် မွှေ၏။ ဆန်မှုန့်ခပ်ပျစ်ပျစ် အနှစ်ရလာ၏။ ထိုထဲသို့ ဗူးသီးချောင်းကလေး လေးခုအား ပူးကိုင်ကာ နှစ်လိုက်၏။ ထို့နောက်ဆီပူဒယ်အိုးထဲသို့ ထည့်လိုက်၏။
ဒေါ်စိန်မေ အသက်ခြောက်ဆယ်ကျော်ပြီ။ သားသမီးကျောထောက် နောက်ခံ မရှိသဖြင့် တတ်သာသော အလုပ်ဖြင့် အသက်မွေးနေရ၏။ အကြော်သည်ဘဝမှာ ပင်ပန်းလှ၏။ ထို့ထက် ပင်ပန်းရသည်မှာ သူမ၏ အသက်နှင့်အတူ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြောင့်ပင်။
“အမေကြီး ဘူးသီးကြော်ရပြီလား”
ဒေါ်စိန်မေ အကြော်ဗန်းထဲသို့လှမ်းကြည့်ကာ မေး၏။
“သမီးက ဘယ်နှခုယူမှာလဲ”
“သုံးရာဖိုး”
ဒေါ်စိန်မေ အကြော်ဗန်းထဲမှ ဘူးသီးကြော်များကို အလျင်အမြန် ရေတွက်၏။
“အော် အေး သမီး ခဏစောင့်ပါလား။ ဒီတစ်ဒယ်ချရင် ရပြီ”
“ဟုတ်ကဲ့အမေကြီး စောင့်လိုက်မယ်လေ”
“သမီးက ဒီနေ့အစောကြီးလာတာကိုး”
“ဟုတ်တယ်အမေကြီး ဒီနေ့ဈေးမှာလိုချင်တာလေးတွေရှိလို့ စောစောသွားတာ။ ဒါတောင် မျှစ်ပဲရတယ်။”
ဒေါ်စိန်မေက ခြင်းထဲမှ မျှစ်ချဉ်ထုပ်အား လှမ်းကြည့်၏။ အထုပ်အတွင်းမှာပင် မျှစ်စို့ကလေးများ ရဲဗလောင်းခတ်နေ၏။
“အမေကြီးကော ဈေးရောင်းကောင်းရဲ့လား”
ဒေါ်စိန်မေသက်ပြင်းအရင်ချ၏။
“ဒီလိုပါပဲသမီးရယ် ရရ စားစားပေါ့။ ဈေးတွေကတက်ပေမယ့် အမေကြီးအကြော်က တက်လို့မရဘူးလေ။ ဈေးအိုးကွဲကုန်မှာပေါ့”
“အော် အမေကြီးရယ် ဒါဆိုလည်း ဆီတို့ဘာတို့ပြောင်းသုံးကြည့်ပါလား။ တရုတ်ကလာတဲ့ ဆီမျိုးဆိုသိပ်ဈေးသက်သာတာ”
ကျက်သွားသောဗူးသီးကြော်အား ဆီပူထဲမှဆယ်ယူက ဗန်းထဲထည့်လိုက်၏။
“တရုတ်ကလာတဲ့ဆီ ဟုတ်လား”
“ဟုတ်တယ်အမေကြီး စားအုန်းဆီလိုလို ပဲဆီလိုလို သိပ်မသေချာဘူး။ အနံ့ကလည်း စားအုန်းဆီမဟုတ်ပဲဆီမဟုတ်အနံ့မျိုး၊ ဈေးကတော့ သိသိသာသာကို သက်သာတာ။”
ဗူးသီးကြော် သုံးရာဖိုးအား ကြွပ်ကြွပ်အိတ်နှင့်ထုတ်ကာပေးလိုက်၏။ လာဝယ်သူကောင်မလေးက ငွေသုံးရာကို အမေကြီးအား ရိုရိုသေသေပေးကာ ထွက်သွား၏။ ဒေါ်စိန်မေ ထိုငွေအား အောက်ခံအင်္ကျီထဲသို့ထည့်ကာ စိတ်ထဲတွေ တေးမှတ်ထားလိုက်၏။
“တရုတ်ကလာတဲ့ ဆီ”

(၂)
“နင့်ဆိုင် လူတွေများလှချည်လား”
တဖက်ဆိုင်မှ အမျိုးသမီးက ပြုံး၏။ ထို့နောက် လက်ကာပြ၏။ ခဏနေဦးဆိုသည့်သဘောပင်။ ဈေးဝယ်များအား အသေအချာရောင်းပေးပြီးနောက် ထိုအမျိုးသမီးစကားစ၏။
“မြေကြီးထဲကလာတဲ့မျှစ်က အဖြူလေ အစကငါလည်းမသိတော့ ရောင်းမကောင်းဘူးပေါ့ဟယ်။ ဒါပေမဲ့ ဟိုဘက်ဈေးထဲမှာ တစ်ယောက်က အရောင်ဆိုးပြီးရောင်းတာ သိပ်ရောင်းရတာနဲ့ ငါလည်း ဆိုးကြည့်တာ”
တဖက်အမျိုးသမီးက မျှစ်ချဉ်ပုံးများအား လှမ်းကြည့်၏။ ဟုတ်ပါသည်။ မျှစ်ချဉ်များမှာ သူမ ယခင်က ရောင်းနေသည်နှင့်မတူ။ ဖွံ့ဖွံ့ထွားထွားနီရဲရဲ မျှစ်ချဉ်များ ဖြစ်ကြ၏။
“နင့်ဆိုးဆေးက ဘယ်လိုဆိုးရတာလဲ”
မျှစ်ချဉ်ဆိုင် အမျိုးသမီးမှ ဗူးသေးလေးတစ်ဗူး ပြ၏။ ဗူးထဲတွင် နီရဲရဲအမှုန့်များ။
“ဒီအမှုန့်တွေကို မျှစ်ချဉ်လုပ်တဲ့အချိန်ထည့်လိုက်ရုံပဲ။ ညခတ်ထား မနက်ကျရဲနေရော”
“အော်..”
“သေချာစနစ်တကျလုပ်တဲ့အမှုန့်ကော ဟုတ်ရဲ့လား”
မျှစ်ချဉ်သည်က ဘေးဘယ်ညာကြည့်၏။ တိုးတိုးကပ်ပြော၏။
“အရောင်တင်မှုန့်အစစ်က စတီးဇွန်းသေးလေးတစ်ဇွန်းကို ငါးထောင်လောက်ရှိတယ်ဟ။ ကျုပ်ဘယ်တတ်နိုင်မှာလဲ။ ဒါလေးဆို တစ်ဗူးမှ ငါးရာပဲပေးရတာ။”
“အော်..”
မျှဉ်ချဉ်သည်က ထပ်ပြော၏။
“တရုတ်က လာတာလေ။ သက်သာတယ်”
တဖက်ဈေးသည်က ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။

(၃)
မျှစ်ချဉ်သည်က ပုစွန်ခြောက်ထည့်ထားသော တောင်းများအားလှမ်းကြည့်၏။
“ညည်းကော ရောင်းရရဲ့လား”
ပုစွန်ခြောက်သည်က ပြုံး၏။
“ညည်းက အရောင်ဆိုးရတယ်ဆိုတာကို ခုမှသိတာပါအေ။ ကျုပ်က သိတာဖြင့်ကြာလှပြီ။”
“ဘယ်လိုသိတာတုန်း”
“ဟဲ့ ပုစွန်ဆိုတဲ့အမျိုးက ဖြူဖတ်ဖြူရော်မျိုး။ အဲ့ကောင်ကို အခြောက်ခံနေလှန်းကြည့် မွဲခြောက်ခြောက်နဲ့ ဘယ်သူက စားချင်မှာတုန်း။ ဒီတော့ ညည်းလိုပဲအရောင်ဆိုးရတာပေါ့”
မျှစ်ချဉ်သည်မှာ ခပ်ဖွဖွရေရွတ်၏။ သူမအသိ နောက်ကျခဲ့လေခြင်းဟု ထင်နေပုံရ၏။ မဟုတ်ပါက သူမအရင်ကတည်းက ဈေးရောင်းကောင်းခဲ့မည်မဟုတ်ပါလား။
“ငါဆိုးတာကျတော့ ပုစွန်ခြောက်အတွက်ပေါ့ဟယ်။ နေမလှန်းခင်ဆိုးရတာပဲ။ မျှစ်ချဉ်ဆိုးတာနဲ့တော့ တူချင်မှတူမှာပေါ့။ အဲ တူတာတစ်ခုကတော့ ငါ့ဆိုးဆေးလည်း တရုတ်ကလာတာပဲ”
“အော်”
“မြန်မာလူမျိုးဆိုတာလည်း သိတဲ့အတိုင်းပဲလေ။ အရောင်ကလေးရဲနေမှ စားချင်တာမဟုတ်လား။ ပုစွန်ဆို အကောင်ခပ်ကြီးကြီးကို စပယ်ရှယ်သာ အရောင်ဆိုးလိုက် ကြိုက်သလို ဈေးတင်လို့ ရတာပေါ့။ မျိုးမျိုးမြတ်မြတ်လေးစားရတယ်”
ပုစွန်ခြောက်များအား လက်ဖြင့်ကိုင်ကာ အောက်သို့ ဖွဲခနဲပြန်ပစ်ချ၏။
“လာနော်လာနော် ပုစွန်ခြောက်တွေ ရဲနေတာပဲ ကောင်းမှကောင်း။ အကောင်းမှကြိုက်တတ်တယ်ဆို လာနော်”
ဈေးလမ်းမကြီးဆီသို့လှမ်းအော်၏။ တချို့မှာလှမ်းကြည့်သွား၏။ ပုစွန်ခြောက်ဆိုသည်မှာလည်း လှောင်ကုန်ဖြစ်သည်မဟုတ်ပါလား။ ဟင်းချိုထဲတွင်ဖြစ်စေ၊ လက်ဖက်သုပ်တွင်ဖြစ်စေ၊ အသီးအရွက်နှပ်သည့်နေရာ (ခရမ်းသီးနှပ်၊ ဘူးသီးနှပ်၊ စသည်) တွင်မှဖြစ်စေ အသုံးပြုရသည့်အရာမျိုး။ ထို့ကြောင့် သိပ်မလိုအပ်။ အိမ်တွင်ဝယ်ထားပြီးလျှင်လည်း သေချာလေလုံအောင်ထားပါက တာရှည်ခံပစ္စည်းမျိုး။ ထို့ကြောင့် တစ်ခါရောင်းပြီး တစ်ခါမျိုးမျိုးမြတ်မြတ်စားရဖို့ အရောင်ဆိုးသည်မှာ မဆန်းဟု ယူဆကြ၏။ သို့တည်းမဟုတ်က မြန်မာလူမျိုးများတွင်ပင် အသိပညာနည်းကြသပါသလား။ တစ်ယောက်က ဆေးဆိုးသဖြင့် ရောင်းကောင်းသွားသောကြောင့် နောက်တစ်ယောက်ကလိုက်ဆိုးပါသလား။

မိုးခါးရည်ဆိုသည်မှာ အတူတူသောက်က ချိုတတ်ပါသည်။

(၄)
ထိုငှက်ပျောသီးသည်မှာ ထူးဆန်းလှ၏။ ဈေးသို့ဆိုင်လာဖွင့်သည့်အခါ ငှက်ပျောသီးများကို ရေပုံးများဖြင့် သယ်သယ်လာတတ်၏။ ရေစိမ်ထားသည့်ငှက်ပျောသီးသည် မည်ကဲ့သိုသော အာနိသင်များ ရှိနိုင်မည်နည်း။ ပုစွန်ခြောက်သည်က ငှက်ပျောသီးသည်အား လှမ်းမေး၏။
“အစ်မကြီး အစ်မကြီးဆိုင်ဖွင့်တာနောက်ကျတယ်နော်။”
“အင်းဟုတ်တယ်ညီမရေ ကလေးတွေ ကျောင်းပို့တာ နောက်ကျသွားလို့”
ငှက်ပျောသီးသည်က တပွေ့တပိုက်သယ်လာသော ရေပုံးများကို နေရာချနေသဖြင့် လှည့်မကြည့်အား။ သို့သော် ဈေးသည်အချင်းချင်း အသံတော့ ပြန်ပြု၏။
“ဒါနဲ့လေ အစ်မကြီး ငှက်ပျောသီးတွေကို ဘာလို့ရေစိမ်စိမ်ထားတာလဲ”
ပုံးတွေအားနေရာချကာ ငှက်ပျောသီးသည်က ပုစွန်ခြောက်သည်ဘက် လှည့်၏။
“ရေမဟုတ်ဘူးညီမရဲ့ ဆေးရည် စိမ်တာ”
“ဆေးရည်”
ပုစွန်ခြောက်သည်မှာ သံယောင်လိုက်၏။ တစ်သက်နှင့်တစ်ကိုယ် ဒါမျိုးမကြားခဲ့ဖူး။ သို့သော် သူမ မသိခဲ့သည်ကလည်း ဖြစ်ကောင်းဖြစ်မည်။
“ပုံမှန်ဆိုရင် ငှက်ပျောသီးတွေက ဆယ်ရက်လောက်ကြာမှ မှည့်တာလေ။ ဒီဆေးရည်စိမ်လိုက်။ ညစိမ်ထားတာနဲ့ မနက်ဆိုမှည့်နေရော”
“အော်… ဘယ်လိုစိမ်ရတာလဲ အစ်မ”
ငှက်ပျောသီးသည်က ဆိုင်အောက် သစ်သားတန်းတွင်တင်ထားသော ဆေးဗူးလေးအား ပြ၏။
“ဒီဆေးလေးကို ရေထဲထည့်။ နည်းနည်းပါပဲ။ ပြီးရင် အဲ့ဒီ့ရေထဲကို ငှက်ပျောခိုင်လိုက် ထည့်ထား။ ညစိမ်ရင်မနက်ဆို မှည့်နေရော၊ တရုတ်ကလာတာလေ ဒီဆေးက တစ်ဗူးခြောက်ရာဆိုတော့ မဆိုးပါဘူး။ သုံးပျော်တယ် ရောင်းကောင်းတယ်ပေါ့”
“အော် တရုတ်ကလာတာလား”
ငှက်ပျောသီးသည်က ခေါင်းညိတ်ပြ၏။ ထို့နောက် နေရာတွင် နေရာတကျဝင်ထိုင်၏။
“အစ်မ ယူသွားပါလား ငှက်ပျောသီးတွေ ဝင်းနေတာပဲ လတ်ဆတ်တယ်နော်”
အမှန်ပင်ငှက်ပျောသီးတွေဝင်းနေပါသည်။ လတ်ဆတ်တယ်ဆိုသည်မှာအဘယ်နည်း။
“အစ်မ ငှက်ပျောသီး ယူသွားပါဦးလား။ ကြည့်ပါဦး ဝင်းနေတာပဲ။ လတ်ဆတ်တယ်နော်”
အမှန်ပင် ငှက်ပျောသီးတွေ ဝင်းနေပါသည်။ လတ်ဆတ်တယ် ဆိုသည်မှာ အဘယ်နည်း။

လတ်ဆတ်တယ်ဆိုသည်မှာ တရုတ်ဆေးနာမည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

(၅)
တယ်လီဖုန်းတွေ အမျိုးပေါင်းများစွာ စုံလင်လှ၏။ နိုကီယာ၊ အဲပဲလ်၊ ဆမ်ဆောင်း၊ အိတ်ရှ်တီစီ၊ စိုနီ စသည်ဖြင့် စုံလင်လှသော ဖုန်းပေါင်းများစွာကို ပြသထား၏။ ဇင်ကိုမင်း အားတော့ငယ်မိ၏။ သူလိုချင်သည်က အိုင်ဖုန်းဖြစ်၏။ ငါးသိန်းဝန်းကျင်ရှိသည်ဟု သူအကြမ်းဖျင်းသိထား၏။ အဆင်မပြေ။ သူ့ထံတွင် ဖုန်းဝယ်ရန် ပိုက်ဆံနှစ်သိန်း ပျော့ပျော့ပင်ရှိ၏။
“မောင်လေး ဘယ်ဖုန်း ပြပေးရမလဲ”
“ဒီဖုန်းလေး ခဏလောက်ပြပါအစ်မ”
ဇင်ကိုမင်းပြလိုက်သည်က အိုင်ဖုန်းဖြစ်၏။ မဝယ်ဖြစ်သည့်တိုင် ခဏတော့ ကိုင်တွယ်ကြည့်ချင်သည့် စိတ်နှင့် ပြခိုင်းလိုက်ခြင်းဖြစ်သည်။
“ဒါလေးက အိုင်ဖုန်း။ တရုတ်ကလာတာ တစ်သိန်းနဲ့လေးသောင်း။”
ဇင်ကိုမင်း မျက်လုံးကျယ်သွား၏။ သူလိုချင်သည့်အိုင်ဖုန်းကို တစ်သိန်းလေးသောင်းနဲ့ ရသည်ဆိုပါလား။ တရုတ်ဖြစ်ဘာဖြစ်ညာဖြစ် ခဏထား။ သူဒီဈေးနဲ့ဒီဖုန်းကို ဝယ်လို့ရမည်ဟု လုံးဝမထင်ခဲ့။
“ဒီဖုန်းက တရုတ်ကလာတာ…။ သူက…”
အရောင်းဝန်ထမ်းမလေးက ဖုန်းအကြောင်း၊ ဖုန်းထဲတွင်သုံးထားသော စစ်စတမ်များအကြောင်း ၊ ဂရမ်တီဘယ်လောက်ပေးကြောင်း ၊ အစစ်နှင့်ချွတ်စွပ်တူသောကြောင့် အမှတ်တမဲ့ကြည့်လျှင်အစစ်ဟု ထင်ရကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းပြနေ၏။
“တရုတ်က မြန်မာဈေးကွက်ကိုသိတယ်လေ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့ဈေးနဲ့ရစေရမယ်လို့ အာမခံထားတာ”
ဇင်ကိုမင်းစိတ်ထဲတွင် တခြားမရှိ။ ဖုန်းစစ်စတမ်ဘာညာလည်း သူစိတ်မဝင်စား။ သူလူကြားထဲ ရှိုးထုတ်ချင်၏။ အိုင်ဖုန်းကိုင်ကာ သူလူကြားထဲတွင် ပေါ်ပေါ်တင်တင်နေမည်။ အိုင်ဖုန်းအစစ်အား သူသေချာမထိတွေ့ဖူး မကိုင်တွယ်ဖူးသဖြင့် ဘာတွေများကွာခြားချက်ရှိသလဲ သူမသိ။ သိလည်းသိချင်ပုံမပေါ်။ ခုနေများ သူတွေဝေနေတုန်း တစ်ယောက်ယောက်ကြားဖြတ်ဝယ်သွားပါက သူရင်ကွဲနာကျကာ သေရတော့မည့်ပုံ ရှိ၏။ ပိုက်ဆံထုတ်ကာ သူငွေချေလိုက်၏။
“တရုတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်။ အိုင်ဖုန်းဖြစ်ရင်ပြီးတာပဲ”
အရောင်းစာရေးမလေးက ပြုံးပြ၏။ နောက်လှည့်ကာလှမ်းအော်၏။
“ကေသီရေ တရုတ်အိုင်ဖုန်း အရောင်းစာရင်းထဲထည့်လိုက်ပါဟေ့”
လူတစ်ယောက်ဖုန်းဆိုင်တွင်းမှ မြူးတူးပျော်ပါးစွာထွက်ခွါသွား၏။

(၆)
“အဟင်း..အဟင်း…”
ဦးမြင့်လွင် လည်ချောင်းတွင်တပ်ထားသော ပိုက်မှ ချွဲသလိပ်များအား သုတ်ပစ်၏။ ကင်ဆာဟူသည်မှာလည်း ကြောက်စရာရောဂါတစ်ခုပင်မဟုတ်ပါလား။ လည်ချောင်းကင်ဆာဖြစ်ကာ အသက်ရှူမရတော့။ လည်ချောင်းတွင်အပေါက်ဖောက်ကာ ပိုက်တပ်၍ အသက်ရှူရ၏။ စကားပြောလျှင် အသံမထွက်တော့။ စာရေးပြောရ၏။ တခါတရံ လက်ဟန်ခြေဟန်ဖြင့်ပြော၏။
“ဖေဖေ အိပ်ဦးမယ် သမီး”
တုန်တုန်ရီရီဖြင့်ရေးသားထားသော လက်ရေးတစ်ခု။ သမီးဖြစ်သူက ဖခင်အား စောင်သေချာခြုံပေး၏။ သူမ၏ သားဖြစ်သူ ဦးမြင့်လွင်၏ မြေးဖြစ်သူလေးအား ခေါ်ကာ ဧည့်ခန်းထဲသို့ထွက်လာခဲ့၏။
“မေမေ မေမေ ဖိုးဖိုးက ဘာလို့ လည်ပင်းမှာ အပေါက်ဖောက်ရတာလဲ”
လည်ချောင်းကင်ဆာဟု ရှင်းပြပါက ကလေးနားလည်မည်မဟုတ်။ ထပ်မေးနေပါက ထပ်ရှင်းပြနေရဦးမည်။
“မတည့်တာတွေ စားလို့ပေါ့သားရယ်”
“အဲ့ဒါဆို သားမတည့်တာတွေစားရင်လည်း ဖောက်ရမှာလား”
“အင်းပေါ့”
ကလေးမှာ အနည်းငယ်တွေဝေသွား၏။
“တရုတ်သကြားလုံးကကော သားနဲ့တည့်လားမေမေ”
မိခင်က ခေါင်းခါပြ၏။
“မတည့်ဘူး သားအများကြီးစားရင် ဖိုးဖိုးလိုဖြစ်မှာ”
ကလေးငယ်မှာ မိခင်အား ပြုံးပြကာ မတ်တပ်ထ၏။
“သား ဘယ်သွားမလို့လဲ”
“လမ်းထိပ် မုန့်ဆိုင်”
“မတည့်တာတွေမစားနဲ့နော်”
“ဟုတ်ကဲ့မေမေ”

(၇)
လမ်းထိပ်မုန့်ဆိုင်တွင်ဖြစ်သည်။
“ရော့သားလေး အကြွေမရှိလို့ ဒါလေးပဲ ယူသွားနော်”
“ဟင် တရုတ်သကြားလုံးကြီး”
“အင်းလေ ကောင်းပါတယ်သားရဲ့”
ကလေးမှာ သကြားလုံးအား မယူရဲသေးဘဲ အင်တင်တင်ဖြစ်နေ၏။
“တရုတ်သကြားလုံး စားရင် လည်ပင်းမှာ အပေါက်ကြီးဖောက်ရမှာပေါ့”
“သားကိုဘယ်သူကပြောတာလဲ”
“သားမေမေပြောတာ”
ကုန်စုံဆိုင်ရောင်းသူမိန်းမကြီး ရယ်မော၏။
“ဒါဆိုတရုတ်သကြားလုံးစားတဲ့ သားသူငယ်ချင်းတွေကော လည်ပင်းမှာ အပေါက်ဖောက်ရလို့လား”
ကလေးက ခေါင်းခါပြ၏။ ထို့နောက် ဆိုင်ရှင်လှမ်းပေးနေသော တရုတ်သကြားလုံးအား ယူကာ ဘောင်းဘီကြားထဲ ညှပ်လိုက်၏။
ညကျအိပ်ယာထဲရောက်မှ ထိုတရုတ်သကြားလုံးအား မေမေမသိအောင် သူ.. ခိုးစားတော့မည်။

Friday, March 22, 2013

ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်




ကျွန်မမျက်လုံးက မျက်ရည်တွေကျနေတယ်။
ကျွန်မငိုနေမိတာများလား။ ဒါမှမဟုတ် မျက်စိပဲနာချင်တော့တာများလား။
မျက်ရည်ဆိုတာ အလေးချိန်ရှိတယ်။ ဒီတော့ ကျမှာပေါ့။
ဘာမှမထူးဆန်းတဲ့ကိစ္စကို ကျွန်မက အထူးအဆန်းလုပ်နေမိတာ။
ပြောရင်းဆိုရင်း ကျွန်မ မျက်လုံးက မျက်ရည်တွေကျနေတယ်။
မဖုံးအုပ်ထားမိတဲ့ မျက်ခွံတွေကြောင့်လား။ တကယ်တော့
ပင့်သက်တွေနဲ့ စကားလက်စုံကျရာက စတာပဲ။
မှတ်မှတ်ရရ နောက်ဆုံးမျက်ရည်ကျတဲ့နောက်ပိုင်း မျက်ရည်မကျဖြစ်တော့တာပဲ။
လူတွေကတော့ ငိုတယ်လို့ ပြောကြတာ။ ဒါလည်းဟုတ်ချင်မှဟုတ်မှာ။
ခုထိတော့ မျက်ရည်တွေ ကျနေတုန်းပဲ။ (ဒါလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။)
တစ်ချို့က မျက်ဝန်းကတိမ်တိုက်တွေ ပြိုသလေးဘာလေးနဲ့ ဖွဲ့နွဲ့နေကြ။ စောက်ရူးတွေ။
ငို...ငိုတယ်ပေါ့။ ငိုတာရှက်စရာလား။ မှတ်ထား ငိုလို့ထောင်မကျဘူး။
အမေ့ဗိုက်ကထွက်တုန်းက မငိုလို့(ငိုအောင်) တင်ပါးရိုက်ခံရတာ ရှင်တို့မှတ်မိလို့လား။
ကျွန်မက မှတ်မိတယ်။ နောက်ပြီး ငိုတာ ရာသီဥတုနဲ့မဆိုင်ဘူး။
ပ၊ ဖ၊ ဗ၊ ဘ၊ မ.. ဆိုတာနဲ့ မျက်ရည်က ကြာသပတေးသမီးမဟုတ်ဘူး။(ဟုတ်ရင်တော့စနေသားရှောင်)။
သူ့မှာရက်ရာဇာမရှိဘူး။ ပြဿဒါးမရှိဘူး။
ရုံးပိတ်ရက်မရှိဘူး။ သင်္ကြန်မရှိဘူး။
တစ်မိနစ် အစိတ် မရှိဘူး။ ၅ဝဝဝ တန် ဆင်မ်ကဒ်မရှိဘူး။
စတိတ်ခ်ျရှိုးမရှိဘူး။ ရုပ်ရှင်လက်မှတ်မရှိဘူး။
ရည်းစားမရှိဘူး။ ကိုယ်ဝန်မရှိဘူး။
မိဘနှစ်ပါးမရှိဘူး။ ဒါပေမဲ့ ဂျစ်ပဆီလည်းမဟုတ်ဘူး။
www.gmail.com မရှိဘူး။ Facebook လည်းမရှိဘူး။
အင်္ဂါဂြိုဟ်မရှိဘူး။ နိုက်ကလပ် မရှိဘူး။
သူကရှင်တို့လိုလည်း မာနမကြီးဘူး။ မျက်လုံးထဲကထွက်လာရင် အောက်ပဲဆင်း/ကျို့ တယ်။
မယုံရင် ရှင်တို့ငိုကြည့်ကြပါလား။


ရယ်စရာမဂ္ဂဇင်း
၂ဝ၁၂ ဇူလိုင်

တနင်္လာနေ့ဟာ စိုးရိမ်စိတ်အမည်ခံ




မနက်တုန်းက ကိုယ့်အကြောင်းဖတ်လိုက်ရလား ပိုင်ဥာဏ်။
ရောင်းကုန်ထဲမှာ ကိုယ်လွမ်းနာကျနေတယ်။
ကိုယ့်နှုတ်ခမ်းမှာတပ်ဖို့ကြယ်သီးကို စိုးရိမ်စိတ်လို့မေးဝယ်ပါ။

အမှတ်မရှိတဲ့ ရုပ်ရှင်ကားဟာလည်း.. ကိုယ်ပဲ။
သူမ ပစ်လွှတ်လိုက်တဲ့အရိပ်တွေ ကိုယ်ဆီမှာပြန်ပြီး လူဝင်စားနေတယ်။
အကွာအဝေးနဲ့ကော မင်းတွေ့လိုက်သေးလား။
နောက်တစ်ခါမလွမ်းဖို့ဆုတောင်း မပြည့်မှန်း
ကိုယ်သူ့ကိုပြန်ထည့်မပေးလိုက်မိဘူး။

ကိုယ်ပစ်လိုက်တဲ့ Heart King လေး သူမ.. စားသွားတယ်။
မျှော်နေတဲ့ Heart Queen လေး ပွဲပြီးလို့မှ တက်လာပါ့မလား။
ကိုယ့်ကံကြမ္မာကို သူမ လက်ချောင်းလေးတွေနဲ့ ဖိပွတ်နေတယ်။
ကိုယ်ထိတ်လန့်နေရပြီ ပိုင်ဥာဏ်။
နောက်တစ်လှည့် သူမ.. ကံ့ကော်ပွင့်လေးကို ပစ်မှပစ်ပါ့မလားလို့။


နေပိုင်
ဝ၂.ဝ၄.၂ဝ၁၂
၂၃း၃၅

ဘာများလဲမှတ်တယ် တတိယကဗျာစစ်




ခေတ်ထဲမှာ လူငယ်စရိုက်တွေ နာမည်ကြီးနေတယ်။
ဒီစစ်ကအရေပြားဆိုင်ရာ နယ်နိမိတ်လုရာက စတာ။
ပြောမယ်ဆို အချိုးမပြေတာတွေ အများကြီးပဲ။
ဒီနေ့ခေတ်ကဗျာမှာ ထင်သလောက်ငြိမ်းချမ်းရေးမရကြသေးဘူး။
စစ်ပွဲတွေက ဟိုဘက်တိုးလိုက်။ ဒီဘက်တိုးလိုက်။
ငါတို့လည်း စစ်ပွဲကိုမုန်းတာပဲ။
ဒီတော့ ကဗျာထဲမှာတိုက်ခိုက်နေကြမယ့်အစား
စစ်ပွဲတွေကို သတ်ပစ်ကြရအောင်။
ကဗျာပေါ်မှာ စစ်ပွဲကို ငါတို့မလိုလားဘူးလို့ ဆန္ဒပြကြရအောင်။

မှတ်သားကြ။
အကြည့်ချင်းကျူးကျော်မှုက လူငယ်စရိုက်နဲ့
တတိယကဗျာစစ်ဖြစ်နိုင်တယ်။
မျက်ရည်တွင်းတူးဖော်မှုကလည်း
တတိယကဗျာစစ် ဖြစ်နိုင်တယ်။
ခုတ်ချင်တဲ့သစ်ပင်ကိုခုတ်။ သူများဂုဏ်သိက္ခာကိုခုတ်မိရင်လည်း
တတိယကဗျာစစ်ဖြစ်နိုင်တယ်။

ငါတို့ဟာဘယ်ပုဂ္ဂိုလ်ရေးကိုမှ ကျူးကျော်ကဗျာမရေးဘူးဆိုရင်
ငါတို့ဟာ လက်နက်နဲ့ကဗျာ လဲလှယ်ကြမယ်ဆိုရင်
ငါတို့ဟာ ကဗျာအချင်းချင်း စိတ်ဝမ်းမကွဲဘူးဆိုရင်
တတိယကဗျာစစ်ကို သတ်နိုင်ပါတယ်။

ကဗျာမှာ စစ်ပွဲတွေမရှိလည်း
ပန်းတွေ၊ ရာသီဥတုတွေ၊ ဆက်သွယ်မှုဧရိယာပြင်ပတွေ၊ လိင်ဆက်ဆံမှုတွေ
ရှိမယ်။
ကဗျာဆရာစွမ်းအား အရင်းအမြစ်၊ ကဗျာဆရာမျိုးနွယ်တွေ
တစ်ခါသုံးဆေးထိုးအပ်တွေ၊ ရောဂါပိုးတွေ၊ သင်္ချိုင်းတွေ
ရှိမယ်။
အထက်တန်းကျောင်းတွေ၊ အောက်တန်းကျောင်းတွေ
ဟိုမရောက်ဒီမရောက် လတ်ယားလတ်ယားတွေ
ရှိမယ်။
စစ်ပွဲတွေမရှိလည်း ကျွန်တော်တို့ ကဗျာရေးလို့ရနေတာပဲ။

တတိယကဗျာစစ်ဖြစ်ရင် အတွေးအခေါ်တွေ အသေအပြောက်များမယ်။
ကလောင်အကျိုးအပျက်တွေ များမယ်။
ခင်ဗျားတို့သိထားဖို့က
ကဗျာဆိုတာ စစ်မြေပြင်မဟုတ်ဘူး။ ကဗျာဆိုတာ စစ်လျော်ကြေးမဟုတ်ဘူး။
တစ်ယောက်တစ်ဝက်ပိုင်နေပြီးသား ကဗျာကို ကျူးကျော်စစ်ခင်းရင်
ကဗျာပျက်မယ်။ ပြီးတော့ (တတိယကဗျာစစ်ဖြစ်ရင်) ကဗျာဆရာတွေ
သေမယ်။


နေပိုင်
၁၇.၀၃.၂၀၁၂

ကဗျာဆရာ




ကဗျာဆရာ ဟုတ်လား။ သူကော အရှေ့အရပ်ကထွက်ပြီး အနောက်အရပ်ကဝင်တာပဲလား။
ဘယ်သိမှာလဲ။သူ့ဟာသူညောင်ကိုင်းမှာနေနေ ထောင်ထဲမှာနေနေ ပင်လယ်နက်ထဲမှာနေ
နေ ကျုပ်အိမ်မှာလာမနေရင်တော့တင်ကျွေးထားစရာမလိုတော့ဘူးပေါ့။ ဟုတ်လား။ သူ့မှာလည်းလက်နှစ်ဖက်ခြေနှစ်ဖက်နဲ့
ပဲလား မိုးလင်းကမိုးချုပ် ဆေးလိပ်နဲ့ လွယ်အိတ်နဲ့ ပြည်သူပိုင်လေနဲ့ ဂိတ်ဝင်ကြေးမပေးရတဲ့ဘောပင်နဲ့
နေဝင်တာကပဲရောမအင်ပါယာကြီးပျက်သွားသလိုလို ဖိုးလမင်းကပဲသူ့ငယ်ရည်းစားလိုလို
ပင်လယ်ဆိုတာပဲသူခြေဆေးနေကျလိုလို (မ)သိသလိုလို (မ)တတ်သလိုလို
လိုလို လိုလို
ဘတ်စ်ကားတွယ်စီးရင်း
လူကပြုတ်မကျဘဲ အတွေးအခေါ်ပြုတ်ကျသွားရင် နှမျောစရာ။ ပွဲချင်းပြီးပြီးမပြီးပြီး အုတ်ဂူထဲရောက်ရင်ပြီး
သွားတာပဲ။ သူကဆောရီးပြောတတ်တယ်။ ဖဲရိုက်တတ်တယ်။ ထီးဆောင်းတတ်တယ်။ ရည်းစားစကား
ပြောတတ်တယ်။ ခွေးမောင်းတတ်တယ်။ ဒါနဲ့မေးဦးမယ်။သူက အသက်ပြည့်ပြီးပြီလား။ကဗျာနဲ့သူနဲ့
ဘယ်သူကအသက်ပိုကြီးလဲ။မနေ့ကမှအဲလူ ကဗျာထဲ
ဝင်သွားတာတွေ့လိုက်ပါသေးတယ်။ဘာလဲလူတကာရဲ့လက်ညှိုးကိုကြောက်လို့
လား။ဟာဒါတော့မဖြစ်နိုင်ပါဘူး။ကဗျာဆရာကသူ့ကိုစောက်ရူးလို့လက်ညှိုး
ထိုးရင်လေချွန်ပြီးပြန်ပြုံးပြတတ်တယ်။ဒါတင်ပဲလားဆိုတော့လည်းမဟုတ်ဘူး။ခင်ဗျားကောဘာထူး
လဲလို့ပြောလိုက်တာနဲ့တူတူပဲ။ဟုတ်ပါ့ကဗျာဆရာရေ...
ကဗျာ  ဆရာ
က  ဗျာ  ဆရာ။ က
ဗျာ  ဆရာ
ဆိုတာလူတိုင်းမှာပါတဲ့ဦးနှောက်နဲ့စကားလုံးတွေနဲ့စောက်ရူးထနေတဲ့ကောင်။ခေါ်ခေါ်စောက်ရူး
လို့ခေါ်။ဒါလည်းသူက ပြုံးပြနေဦးမှာပဲ။

နေပိုင်

အသက် ဓာတ် အချင်းချင်း ဓာတ်ပြုမှုမှာ သံသယတွေရှိနေမယ်/တယ် မောင်





လက်သည်းတစ်ခုထဲက အညစ်အကြေးတွေကို လက်သည်းနောက်တစ်ခုနဲ့ ခြစ်ထုတ်လိုက်သလိုပါပဲ။
ခုချိန်ထိမောင့်ကိုချစ်နေတယ်လို့ထင်နေတုန်းပဲ။ မောင်ပျော်ပါ။ ထင်မြင်မှုတိုင်းဟာအမှန်တရားမဟုတ်ဘူးလို့ ဆက်တွေးပါမောင်။
ကျွန်မဆံစတွေ လွင့်စင်ပြေးထွက်မသွားခင်အထိ ဘုရားသခင်အတိုင်းပဲ ၊ ဘုရားသခင်ဖန်းဆင်းထားတဲ့မောင့်ကိုပဲ မက်မောနေတာ
သိပ်အံ့သြစရာမကောင်းဘူး(မဟုတ်)လားမောင်။ မောင့်အရပ်၌ရှိသော ကျွန်မကို တစ်ချက်ချင်းစီ လွင့်ဝဲသွားစေတော့တယ်။ မလွယ်ဘူးမောင်။
နီယွန်မီးရောင်တွေဟာ မောင့်လို့ချစ်တတ်လာရင် ကျွန်မလည်း အခုလိုမှောင်မယ်မထင်ပါဘူးမောင်။
မောင်မရှိရင် မှောင်တယ်။ ကျွန်မနဲ့မောင့်ကြားမှာ ဟတ်ထိုး ကလေးပဲခြားတယ်ထင်ပါရဲ့မောင်။
ဘယ်လိုအသက်ဓာတ်ဖြစ်တည်မှုမျိုး(နဲ့မဆို) တောင့်တနေရသလဲ။ မောင့်အတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ အင်္ကျီ... မောင်နဲ့တော်ပါ့မလား။
တစ်လမ်းတည်းရပ်နေပြီး တခြမ်းချင်းစီခြားနေတယ်မောင်။ မောင်ပြောတဲ့ဘုရားသခင်နဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုပတ်သက်မှုရှိပါသလဲ။
ကျွန်မဟာ အတိတ်မေ့နေတဲ့ နာရီတစ်လုံးလည်း ဖြစ်နိုင်တာပဲ။ ရေမစင်သေးတဲ့အိပ်မက်တချို့လည်း ဖြစ်နိုင်တာပဲ။
ရေစက်တွေဖြာ ကျ လာ သ လို.. ကိုယ့်ကိုကိုယ် မယုံသင်္ကာသလို လက်ကောက်ဝတ်ထဲ ကျိတ်ငိုမိတာလည်း ကြာပြီ။
မောင့်လက်ကောက်ဝတ်ထဲ ကျွန်မရှိသလား ရှိသင့်တယ်လို့ကော မထင်မိဘူးလား။ ခံနိုင်ရည်မဲ့..
ပြဿဒါးအချင်းချင်းဓာတ်ပြုဖို့ဘယ်သူ့ဆန္ဒဖြစ်ခဲ့ပါသလဲ။
အနှုတ်ချင်းမြှောက်ရင်တောင် အပေါင်းရခဲ့သေးတဲ့ဥစ္စာ ကျွန်မိတို့ပြဿဒါးအချင်းချင်းကျမှ ဘာလို့ ရက်ရာဇာမဖြစ်ခဲ့ပါသလဲမောင်။
ကျွန်မတို့ချစ်ခြင်းမေတ္တာပွတ်တိုက်မှုဟာ နွေရာသီလည်းဖြစ်နိုင်မယ်။ မိုးရာသီလည်းဖြစ်နိုင်မယ်။ ဆောင်းရာသီလည်းဖြစ်နိုင်မယ်။
မျက်ရည်ဆိုတာ ဘယ်လိုရာသီမျိုးရဲ့ရောဂါလက္ခဏာဖြစ်နိုင်လဲမောင် .. ပုခုံးထဲ ဘယ်ဘက်ရင်အုံထဲ နားထင်ထဲ SIM ကဒ်တွေထည့်
ကမ္ဘာကြီးမှ မောင် မရှိရင် မှောင်နေမှာ။
နှင်းဆီပန်းတွေလိုအပ်သလို ဟိုင်းဝေးထဲ ရန်လိုမှုဟာ ဘယ်စည်းမျဉ်းမျိုးနဲ့ အသက်ဓာတ်ဆုတ်ယုတ်စေပါသလဲ
တကယ်အသက်ဓာတ်ဆုတ်ယုတ်စေပါတယ်မောင်။ မျက်တွင်းတွေကျလာတဲ့အခါ မည်းလာသလို သံယောဇဉ်ဓာတ်မတည့်မှုဟာလည်း မည်းလာ
ကျွန်မ မလိုအပ်ဘူးထင်လို့ စွန့်ထုတ်လိုက်တဲ့ လက်သည်းကြားကအညစ်အကြေးဟာ မြေသြဇာဖြစ်သွားပါစေသား။
မနက်မိုးလင်းတာတောင် မှောင်နေတုန်းပဲမောင်။


နေပိုင်
၁ဝ ဖေဖော်ဝါရီ ၂ဝ၁၃
ဝဝး၄၆

ဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေကြားနေရတယ်



ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုဟာ လူ့အသိုင်းအဝိုင်းမှာတော့ သိပ်ကိုလူသိနည်းလွန်းလှတယ်။
ဒါပေမဲ့ဒီဆိတ်ငြိမ်ရပ်ကွက်ဟာ လူတိုင်းနဲ့ပတ်သက်ဆက်နွယ်နေတယ်။
ထူးခြားတာက အဲဒီ့ဆိတ်ငြိမ်ရပ်ကွက်လေးမှာ ငိုသံတွေကြားနေရတယ်။
ငိုသံတွေတင်မကဘဲ တစ်ခါတစ်ခါ ခွေးတွေအူတတ်ကြတယ်။
ခြေသံတွေမကြားရဘူး။ လေတိုးသံကလွဲရင် တစ်နေကုန်တိတ်ဆိတ် ငြိမ်သက်လျှက်။
အဲလိုရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။

ရောင်စုံအိမ်လေးတွေ တစ်ယောက်တစ်အိမ်နဲ့ အခင်းအကျင်း ကျနစွာ စီရီထားသလို။
တချို့က ခြံခတ်ကြတယ်။တချို့ကလည်း ခြံမခတ်ကြဘူး။
အိမ်ဆိုလို့ ကြီးကြီးမားမားလည်း မဟုတ်ကြ။
အဲဒါကြောင့် သူခိုး သူဝှက်ရန်တွေလည်း မကြောက်ရ။
ဒါပေမဲ့ထူးဆန်းတာက အဲဒီ့ရပ်ကွက်လေးမှာ ငိုသံတွေကြားရတတ်တယ်။

တစ်နေ့တစ်နေ့ တစ်ယောက်ပြီးတစ်ယောက် အဲဒီ့ရပ်ကွက်လေးမှာ အိမ်ဝယ်ကြတယ်။
အလှပဆုံးဝတ်ဆင်ပြီး အိမ်တက်ပွဲတွေလုပ်ကြတယ်။
အိမ်တက်ပွဲဆိုလို့လည်း အိမ်ထဲမှာ လူများများစားစားမရှိလှဘူး။ အိမ်ပိုင်ရှင်တစ်ယောက်ထဲရယ်။
ကျွန်တော်လည်းကြုံဖူးတယ်။ အဲဒီ့အိမ်ပိုင်ရှင်တွေက စကားပြန်ပြောလေ့မရှိကြဘူး။
ဒါပေမဲ့ ငိုသံတွေတော့ အဲဒီ့အိမ်အနီးတစ်ဝိုက်မှာ ကြားရတတ်တယ်။

အဲဒီ့အိမ်ထဲကသူတွေ နိုင်ငံရေးမလုပ်ကြ။ ဘောလုံးပွဲမလောင်းကြ။
အိမ်ထဲကသူတွေ တစ်အိမ်နဲ့တစ်အိမ် အိမ်လည်မသွားကြ။ လိင်မဆက်ဆံကြ။
အိမ်ထဲကသူတွေ အပန်းဖြေခရီးမထွက်ကြ။ ရည်းစားမထားကြ။
အိမ်ထဲကသူတွေ အိမ်ပြင်မထွက်ကြ။ ကဗျာမရေးကြ။
ဒါပေမဲ့ အဲဒီ့အိမ်ပတ်ဝန်းကျင်မှာ ငိုသံတွေကြားရတယ်။


အဲဒီ့ရပ်ကွက်လေးမှာ အခွန်ဆောင်စရာမလို။ ဧည့်စာရင်းတိုင်စရာမလို။
အမှိုက်စနစ်တကျပစ်ဖို့မလို။ ရွေးကောက်ပွဲ မဲပေးဖို့မလို။
မီတာဆောင်စရာမလို။ ဈေးဝယ်စရာမလို။
အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်စရာမလို။ လမ်းပြင်စရာမလို။
ဒါပေမဲ့ အဲဒီ့ရပ်ကွက်မှာ ငိုသံတွေကြားရတယ်။

အဲဒီ့ရပ်ကွက်လေးက လူသွားလူလာ နည်းပါးပါတယ်။
ရပ်ကွက်လူကြီးကအစ စကားနည်းတဲ့သူ။ ကိုယ့်အလုပ်ပဲကိုယ်လုပ်တဲ့သူ။
Facebook ။ Internet ။ မိုးဟေကို။ ဒေးဗစ်ဘက်ခမ်း.. သူမသိ။
သူသိတာ တစ်နေ့သူတို့လည်း အိမ်တစ်လုံးတော့ ဝယ်ကြဦးမယ်။ ဝယ်ရဦးမယ်။
အဲဒီ့အခါကျရင်လည်း ငိုသံတွေကြားရလိမ့်မယ်။

အိမ်ထဲက ရက်ဗလွန်ရေမွှေးနံ့တွေပျောက်သွားတဲ့အခါ
အိမ်ရှေ့က ပန်းခြင်းတွေ ခြောက်သွေ့သွားတဲ့အခါ
၆ပေ ၂ပေ စာ အိမ်လေးမို့ ညအိပ်ဧည့်သည် လက်မခံတဲ့အခါ
အိမ်အသစ်ပေါင်းများစွာနဲ့ အိမ်ပိုင်ရှင်နာမည်များစွာ ကျောက်ပြားတစ်ချပ်စီနှင့် အထင်အရှား မြင်တွေ့ရသောအခါ… ငိုသံတွေကြားရတဲ့အခါ…
သူများသေတုန်းကတောင်ခင်ဗျားငိုခဲ့သေးတာပဲ.. လို့သတိရပါ။

အိမ်ပိုင်ရှင်တွေမှာ မီးသတ်ရဲဘော်တွေလည်းပါမယ်။
မယဉ်ငြိမ်းပွင့်လည်းပါမယ်။(သို့သော် သူမဟာ အချစ်သူရဲကောင်းမဟုတ်ဟုသတ်မှတ်ပါ)
ဆယ်ကျော်သက်လေးတွေလည်းပါမယ်။
သွေးကင်ဆာတွေလည်းပါမယ်။ HIV လည်းပါမယ်။
ညဥ့်ငှက်တွေလည်းပါမယ်။ အရက်သမားတွေလည်းပါမယ်။
ဟစ်တလာလည်းပါမယ်။ ကဗျာဆရာလည်းပါမယ်။
နောက်ဆုံးတော့ ဆက်သွယ်မှုဧရိယာပြင်ပမှာ အိမ်တစ်လုံးစီပိုင်ဆိုင်သွားရမှာပဲ မဟုတ်ဘူးလား။
ဒါပေမဲ့ အဲဒီ့ဆက်သွယ်မှုဧရိယာပြင်ပမှာ ငိုသံတွေကြားနေရလိမ့်မယ်။
အဲဒီ့ငိုသံတွေဟာလည်း သေပြီးမှငိုနေကြတဲ့ငိုသံတွေဖြစ်ကောင်းဖြစ်မယ်။
ဒါပေမဲ့ ငိုသံတွေကြားနေရတယ်။


ခရမ်းရိပ် မတ် ၂၀၁၁

ကျွန်တော်မြင်ဖူးသော စက်ဝိုင်းများ



နေရောင်က နေကာမျက်မှန် ကာထားသည့်ကြားက စူးစူးဝါးဝါးဖြစ်နေ၏။ ကန်ရေပြင်မှ တဆင့် ရောင်ပြန်ဟပ်ခြင်းကလည်း ပို၍ ဆိုးဆိုးရွားရွားဖြစ်စေ၏။ လူသူကျဲပါးသော်လည်း ကိုယ့်လိုပင် ရေကန်ဘေး၌ တွေးနေငေးနေသူများလည်း မြင်ရ၏။
ကန်ရေပြင်ကို မည်သူမှ မတို့မထိသော်လည်း ပိုးကောင်လေးများလား ဖုန်မှုန့်များကြောင့်လား မသိ။ တစ်ချက်တစ်ချက် စက်ဝိုင်းပုံလှိုင်းတွန့်လေးများကို မြင်ရ၏။ စက်ဝိုင်းကလေးတစ်ချက်ပေါ်လာတိုင်း တစ်ဝိုင်းတည်းမဟုတ်ဘဲ နှစ်ဝိုင်းသုံးဝိုင်း တစ်ပြိုင်နက် ပေါ်လာသည်ကိုလည်း သတိထားမိ၏။ သို့သော် ထိုစက်ဝိုင်းလေးများ ကိုယ့်လမ်းကိုယ်သွားကြ၏။ စက်ဝိုင်းတစ်ခုကြောင့် တခြားစက်ဝိုင်းတစ်ခု ပျက်စီးသွားခြင်းမျိုး မရှိ။ ထိခိုက်နစ်နာသွားခြင်းမျိုးမရှိ။ ကိုယ့်လမ်းကိုယ်သွားကြရင်းသာ အရှိန်ဆုံးမှ ပျောက်ကွယ်သွားကြ၏။ သက်မဲ့ဖြစ်သော စက်ဝိုင်းပုံလှိုင်းလေးများအား ကြည့်ရင်း သက်ရှိဖြစ်သည့် ကိုယ်က ပြန်လည်အားကျနေရသည်မှာ ရှက်မိ၏။ ထို့ကြောင့် ကန်ဘေးမှ ထထွက်လာခဲ့သည်။
မြို့ပြမို့ ညနေပိုင်း လမ်းမပေါ်တွင် ကားများရှုတ်ထွေးနေသည်မှာ မထူးဆန်း။ လူချမ်းသာတွေလို လီဗာ မနင်းနိုင်၍ ပလက်ဖောင်းကိုသာ အခမဲ့ ဖိဖိနင်းနေရသည်။ တအောင့်လောက်နေတော့ လမ်းလည်ခေါင်မှ ရုပ်ထုကြီးတစ်ခုအားတွေ့သည်။ စစ်သူကြီး လီနင်ရုပ်ထု။ တဆက်တည်း တွေးမိသည်က လီနင်တို့လို ကျော်ကြားသူများကဲ့သို့ နာမည်ကျော်ကြားပြီးမှ ကျွန်တော်မသေချင်။ မဟုတ်လျှင်သေပြီးတာတောင် ယခုလီနင်ရုပ်ထုကြီးလို လမ်းလည်ခေါင်မှာ ဆန့်ဆန့်ကြီးရပ်နေရဦးမည်။ အခန့်မသင့်လို့ ငှက်တွေ မဆင်မခြင် မစင်စွန့်လျှင်လည်း ခံရဦးမည်။ မိုးရွာလို့ ထီးလာဆောင်းပေးမည့်သူမရှိ။ ကိုယ့်မှာဆန့်ဆန့်ကြီးဖြစ်နေရဦးမည်။
လီနင်ရုပ်ထုကြီးအောက်တွင်တော့ ခြံတွေဘာတွေ ခတ်ထားသည်။ လမ်းငါးလမ်းဆုံရာမို့ အဝိုင်းပတ်လမ်းပုံဖော်ကာ(မြန်မာနိုင်ငံရှိ ဦးဝိစာရ အဝိုင်းလိုပင်) လမ်းဖောက်ထား၏။ ဟော .. ကျွန်တော် တွေးမိပြန်ပြီ။ ဒါလည်းစက်ဝိုင်းတစ်ခုပင်ဖြစ်သည်။ သက်မဲ့ဖြစ်သော စက်ဝိုင်းက သက်ရှိဖြစ်သောလူတွေ ဘေးကင်စွာ မောင်းနှင်နိုင်ဖို့ ယာဉ်ကြောကို ထိန်းပေးနေသည်။ တဖြည်းဖြည်းနှင့် ရှက်သလို ခံစားမိလာသည်။ ထို့ပြင် ထိုစက်ဝိုင်းအား မျက်စိထဲတွင် မှုတ်ဝဲ တစ်ခုနှင့် တူသည်ကို သတိထားမိပြန်၏။
ပင်လယ်၊ မြစ် ခရီးလမ်းသွားဖူးသူများသိကြပါလိမ့်မည်။ ဝဲ တို့၏သဘောတွင် စုပ်ဝဲနှင့်မှုတ်ဝဲ ဟူ၍ ရှိသည်။ ဝဲအတွင်းသို့ ဝင်က နစ်မြုပ်သွားပါက စုပ်ဝဲဟုခေါ်ကာ ဝဲအတွင်းသို့ဝင်ပြီး တစ်ပတ်လည်ကာ အပြင်သို့ ပြန်လည်ကန်ထုတ်သောဝဲကို မှုတ်ဝဲဟုခေါ်သည်။ (စုပ်ဝဲအား အတ္တဆန်သည်ဟု တစ်ဆက်တည်း သွားတွေးမိပြန်၏)
ယခုလမ်းမပေါ်တွင် ကားတစ်စီး စက်ဝိုင်းပတ်လမ်းထဲသို့ဝင်ကာ အပြင်သို့ ပြန်လည်ထွက်သွား၏။ ဒါလည်း မှုတ်ဝဲတစ်မျိုးပင်။ လူ့လောကကြီးအား ယခုကဲ့သို့ စက်ဝိုင်းပုံစံ မြင်ကြည့်ကြပါကလည်း ထိုသို့ပင်။ အထဲသို့ ဝင်ရောက်ကာ လည်နေရဦးမည်။ ထို့နောက်ပြန်လည် ထွက်သွားကြရဦးမည်။ လူအများကြီးနှင့် ပတ်သက်ဆက်နွယ်ရင်းနှီးနေလို့လည်း ဘဝတွေ အများကြီး ထပ်ရလာမည်မဟုတ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကျွန်တော်အားကျမိသော စက်ဝိုင်းများလိုဖြစ်အောင် ကြိုးစားရဦးမည်။


ဘဲကလေးတွေ အကောင်ပေါက်လာတယ် .. မေမေ



လက်ထဲက ပိုက်ဆံအကြွေလေးကို ဆုပ်ကိုင်ရင်း ကောင်လေးတစ်ယောက် ကောင်းကင်ကိုမော့ကြည့်နေ၏။ အိမ်နှင့်အဝေးတွေလုပ်ကိုင်ရသည့် ဘဝအား သူတစ်ခါတစ်ရံတွင် စိတ်ပျက်အားလျှော့ချင်စိတ် ဖြစ်မိသည်။ ပိုက်ဆံကိုခြစ်ကုပ် စုရသည်။ အချိန်အဆလွဲချော်သွားသည့် အခါမျိုးတွေ ယခုလို အကြွေလေးသာကျန်သည်။ အထူးအဆန်းမဟုတ်တော့သော်လည်း သူ ယခုလို ခေါက်ဆွဲပြုတ်နှင့် ဖြတ်ကျော်နေရသည့် ညမျိုးကို မလိုချင်တော့။ ယခုညလည်း သူခေါက်ဆွဲပြုတ်ပင် သောက်ရဦးမည်။ ကံကောင်း၍ အောက်ထပ်ဆိုင်တွင် အကြွေးယူလို့ရခဲ့ပါက သူခေါက်ဆွဲပြုတ် နှစ်ထုပ် သောက်ခွင့်ရမည်။

“မင်းအဖိုး သူ့အလုပ်မှာ အဆင်မပြေတုန်းက အဖွားတို့ တော်တော်လေး ဒုက္ခရောက်ခဲ့တာ။”

အဖွားပြောပြဖူးသည့် အကြောင်းအရာများအား ဇွဲဆက် ပြန်သတိရနေမိ၏။ တစ်နည်းအားဖြင့် သူ၏ မေမေ။ အကြီးဆုံးသမီး။ တက္ကသိုလ်ကျောင်းသူဘဝ။

“ဖေဖေ့ကိုတော့ အလုပ်မထွက်ခိုင်းပါနဲ့ မေမေရယ်”

ဖွားဖွား၏ မျက်နှာ အနည်းငယ်ပျက်သွား၏။

“သမီးတို့ မိသားစု (၇) ယောက်လုံးက ဖေဖေ့လစာကလေးနဲ့ အဓိကအားပြု ရပ်တည်နေရတာ။ ဖေဖေအလုပ်ထွက်လိုက်ရင် အားလုံးဒုက္ခ ရောက်ကုန်မှာ”

“ညည်းက .. မိဘ..”

ဖွားဖွား၏ စကားသံ မဆုံးခင် မေမေ ဖြတ်ပြောလိုက်၏။

“သမီးကျောင်းထွက်ပြီး ကန်စွန်းရွက်ရောင်းဆိုလည်း ရောင်းမှာပါ မေမေရယ်။ ဖေဖေကိုတော့ အလုပ်မထွက်ခိုင်းပါနဲ့နော်”

မေမေ့၏ မျက်တောင်တို့ တဖြတ်ဖြတ်ခတ်သံတွေ ကြားကောင်းကြားနေရလိမ့်မည်။ မျက်တောင်ခတ်ခြင်းသည် မျက်ရည်မကျစေရန်အတွက် အတော်ပင် အထောက်အကူဖြစ်သည်။ မေမေ့၏ အသံများလည်း တုန်ရီနေလိမ့်မည်။ မောင်ငယ်လေး နှစ်ယောက်၏ ကျောင်းစရိတ်။ အိမ်စရိတ်။ သမီးကြီးဖြစ်ရသည့် မေမေ၏ဘဝသည်လည်း ခပ်ပြင်းပြင်း။

“သမီးရယ်…”

ဖွားဖွား၏ အသံတို့ နွေရာသီတစ်ခုကဲ့သို့ ပက်ကြားအက်နေမည်ထင်သည်။ ထိုအချိန်က ဖွားဖွား၏ မျက်နှာသည်လည်း ယခုလို တွန့်တွဲလျော့ကျနေမည်မဟုတ်။ ထို့ကြောင့် မေမေပြောလိုက်သော စကားတွင် ဖွားဖွားမျက်နှာပေါ်မှ တင်းမာမှုများ ပြေလျော့သွားပုံမှာ သိပ်သိသာလွန်းနေလိမ့်မည်။

မိသားစု တစ်ခု ရပ်တည်ဖို့ လူတွေအများကြီး လိုအပ်ခဲ့ပါသလား

“မမကြီး.. သားအတွက် ဟင်းကော”

“အင်း.. မောင်လေး ခဏစောင့်နော်”

မေမေ အိမ်နောက်ဖေးသို့ ဝင်သွားကာ ကြောင်အိမ်ထောင့်ထဲတွင် ချန်ထားသော ဘဲဥတစ်ခြမ်းကို ထုတ်ယူလာခဲ့လိုက်၏။

မိသားစုအတွက် ညမနက်ဟင်းမှာ ဘဲဥပြုတ် (၄) လုံး နှင့် ကန်စွန်းရွက် ရေလုံပြုတ် ဖြစ်၏။ မိသားစု စုစုပေါင်း (၇)ယောက်။ ဖိုးဖိုးသည် အိမ်ထောင်ဦးစီးမို့ ဘဲဥ မနက်တစ်ခြမ်း ညတစ်ခြမ်း။ ကျန်မိသားစုဝင်(၆)ယောက်က မနက်စာနှင့်ညစာပေါင်းမှ ဘဲဥတစ်ခြမ်း။ ယခု ဘဲဥတစ်ခြမ်းသည်လည်း မေမေ ညနေမှစားမည်ဟု မနက်ကချန်ထားခဲ့သော ညစာဖြစ်သည်။ ထိုဘဲဥလေးတစ်ခြမ်းက မောင်ငယ်လေး၏ ပန်းကန်ထဲတွင် အခန့်သား။

“မမကြီး သားအတွက်ကော…”

မောင်အငယ်ဆုံးက သူ့အားလည်း ဟင်းထည့်ပေးရန်တောင်းနေ၏။ ဖြစ်နိုင်လျှင် မနက်ဖြန်အတွက် သူမ၏ဝေစု ဖြစ်လာမည့် ဘဲဥတစ်ခြမ်းအား မေမေ ပေးလိုက်ချင်နေသည်။ သို့သော် လောလောဆယ်တွင် မရှိသေး။ မေမေ တစ်ခုခုပြောရန် အားယူနေစဉ် မေမေ့အောက်မှ ညီမငယ်က သူစားလက်စ ဘဲဥတစ်စိပ်အား မောင်အငယ်ဆုံးထံ ထည့်ပေးလိုက်၏။

“မမ ဘဲဥ စားလိုက်မောင်လေး ။ မမ ဝပြီ”

ဘဲဥတစ်စိပ်ကြောင့် မောင်အငယ်ဆုံး၏မျက်နှာ လန်းသွား၏။ မေမေနှင့် ညီမဖြစ်သူတို့ မျက်လုံးချင်း ဆုံမိကြ၏။ လူတစ်ယောက်မျက်နှာလန်းသွားဖို့ လူနှစ်ယောက်မျက်နှာ ညှိုးပေးလိုက်ရသည်မှာ များလွန်းမနေဘူးလား…။

ထိုအကြောင်းအရာများအား ပြောပြရင်း ဖွားဖွားမျက်ရည်လည်ခဲ့ဖူး၏။ လောလောဆယ် လက်ထဲရှိ အကြွေကလေးနှင့် ဇွဲဆက်ဖြတ်ခဲ့ရသည့်ညမျိုးတွေအကြောင်း မေမေ့အား ပြောပြမိလျှင် မေမေရယ်ကောင်း ရယ်နေလိမ့်မည်။ သို့မဟုတ် သူမ၏သားအတွက် ဂရုဏာသက်ချင်လည်း သက်နိုင်၏။

“မေမေ သို့မဟုတ် တစ်ချိန်က သမီးကြီး”

ထိုအကြောင်းအရာများ ပြန်တွေးမိတိုင်း ဇွဲဆက် မျက်နှာလန်းလာစမြဲ။ အခက်အခဲကို ဖြတ်ကျော်ရန်အတွက် သူ၏မျက်နှာတွင် အားအင်များပြည့်ဝလာပုံက ထင်ရှားနေ၏။ မေမေသည် သူ့အတွက် စံနမူနာဖြစ်နေခဲ့ ဖြစ်နေဆဲ ဖြစ်သည်။ တွေးနေရင်း ဇွဲဆက် မေမေ့ကို လွမ်းလာ၏။

“မေမေ့ဘဝရဲ့ ညစာတွေဟာ သိပ်ကားကြပ်လွန်းပါတယ်.. မေမေရယ်”

ကားမီးရောင်များက အစီအရီလင်းလက်နေဆဲ။ မြို့ပြမို့ တိုက်တာ အဆောက်အဦးတွေမှ မီးရောင်များစွာ တဖြတ်ဖြတ်လင်းလက်နေကြ၏။

“လူတွေဟာ သိပ်ကို အရောင်စုံလွန်းတယ် မေမေ”

ဇွဲဆက်နင်းမိသမျှ ပလက်ဖောင်းတို့ လေးကန်လွန်းလှ၏။



“သား သူငယ်ချင်းတွေနဲ့ ဘောလုံးသွားကန်ချင်တယ်မေမေ”

“အိမ်စာစာအုပ်ထုတ် မေမေ့ကိုပြ”

ဇွဲဆက် အိမ်စာစာအုပ်အား လွယ်အိတ်ထဲမှ ထုတ်ပြလိုက်၏။

“မြန်မာစာ ခက်ဆစ် ကျက်ရမယ်။ အင်္ဂလိပ်စာက grammar အိမ်စာလုပ်ရမယ်။ အဲဒါနှစ်ခု လုပ်ပြီးမှ သွားရမယ်”

အပေးအယူဆန်ဆန်တွေ တွေ့ကြုံလာတိုင်း သူမေမေ့အား စိတ်ကောက်ချင်သည်။ ငယ်စဉ်က နားမလည်ခဲ့သော်လည်း အရာတိုင်းတွင် အပေးအယူသဘောကို မေမေသင်ကြားပေးခဲ့မှန်း ယခု ဇွဲဆက်နားလည်နေခဲ့ပြီ။ တစ်ခုလိုချင်လျှင် တစ်ခုပေးဆပ်ရမည်ဟူသော နိယာမသဘောအား ဇွဲဆက် ကောင်းကောင်း သဘောပေါက်နေခဲ့ပါပြီ။ ထိုစဉ်ကတည်းက သူနှင့်မေမေ့ကြားရှိ နားလည်မှုများ။ ဇွဲဆက်၏ လိုအပ်ချက်များကို မေမေတစ်ယောက်သာနားလည်တတ်၏။ မေမေ၏ တစ်စုံတစ်ရာထူးခြားမှုများကိုလည်း ဇွဲဆက်တစ်ယောက်သာ နားလည်၏။

“မေမေ နေမှကောင်းရဲ့လား…”

သူကောင်းကင်မည်းကြီးအား မော့ကြည့်မိ၏။

“မေမေ နေမှကောင်းရဲ့လား”

ဘဝအာမခံချက်အတွက် အိမ်နှင့် သို့မဟုတ် မေမေနှင့် ဇွဲဆက်ဝေးနေရသည်ကလည်း မျှတသော အပေးအယူတစ်ခုဖြစ်နေသည်လားဟု ဇွဲဆက်တွေးမိ၏။

“မေမေ နေကောင်းရဲ့လား”

“ချောင်းနည်းနည်းဆိုးတာပါသားရယ် ။ ရာသီဥတုအပြောင်းအလဲမှာ ဖြစ်နေကျပါ။ မေမေ နေကောင်းပါတယ်သားရယ်”

မေမေက ဖျားနာတိုင်း ကြိတ်ကုတတ်မှန်း ဇွဲဆက်သိနေ၏။ ပျောက်သွားပြီးမှ ဘယ်တုန်းက ဖျားသည်ဆိုတာမျိုးကို သူပြန်သိ ပြန်ကြားရ၏။ မေမေက စိတ်ပူမှာစိုး၍ ဖုံးကွယ်ထားကာ နောက်မှ ပြန်ပြောပြတတ်၏။

အသက်အရွယ်ကလည်း ရလာသည်မို့ နားလည်ရမည့်အရာများစွာ၊ မဖြစ်မနေလုပ်ရမည့် အလုပ်များ၊ တာဝန်တွေ ဝတ္တရားတွေနှင့်သာ ဘဝတွင် နေရာကြပ်လာ၏။ ငယ်ငယ်ကလို အိမ်စာလုပ်၍သာ မေမေနေကောင်းနေမည်ဆိုလျှင် ဇွဲဆက် အမြဲပင် လောက၏အိမ်စာများကို ပုံမှန်လုပ်နေမိလိ့မ်မည်။

“ဝအောင်လည်းစား၊ စားချင်တာလည်းစား၊ မစုနဲ့၊ မဖြုန်းနဲ့ပေါ့.. သားရယ်”

ဖုန်းဆက်တိုင်းမေမေ မှာနေကျမို့ သူအလွတ်ပင်ရနေပြီ။ စကားလုံးတိုင်း၏ အနက်အဓိပ္ပါယ် သက်ရောက်မှုများကိုလည်း သူကောင်းကောင်း သဘောပေါက်၏။

“ဘဝအတွက်ကြိုးစားနေတဲ့အချိန်မှာ လွမ်းတဲ့အကြောင်းမပြောကြေးပေါ့ သားရယ်”

သက်ပြင်းတွေသာ ဇွဲဆက် အကြိမ်ကြိမ် ချမိ၏။ ဖုန်းထဲမှ စကားလုံးပေါင်းများစွာ သူ့နားထဲတွင် ပြန်ကြားယောင်နေမိ၏။

“မေမေက မော်လေးစိတ်မကောင်းမှာစိုးလို့ မပြောတာ။ ဟိုတလောက ရေနွေးပူလောင်တာများ လက်တစ်ခုလုံး ရစရာမရှိဘူး”

“ဘယ်တုန်းကလဲ”

“လွန်ခဲ့တဲ့ (၁)လ လောက်တုန်းက”

“လွန်ခဲ့တဲ့ (၃) ပတ်လောက်ကပဲ ကျွန်တော် ဖုန်းဆက်သေးတယ်လေ။ ဘာလို့မပြောတာလဲ”

“မေမေက မောင်လေး ရိပ်မိသွားမှာစိုးလို့ အသံကို တမင်ရွှင်အောင် လုပ်ပြောနေရတာ။ အဲဒီတုန်းက မေမေ ထိုင်တောင်ထိုင်နိုင်တာမဟုတ်ဘူး ။ ဖုန်းခွက်တောင် မမ ကိုင်ပေးထားရတာ။ မောင်လေးစိတ်ပူမှာ စိုးလို့တဲ့လေ။ မေမေ့အကြောင်းလည်း မောင်လေးသိတယ် မလား”

ဇွဲဆက်၏ ရင်တွင်း၌ ချွေးများရွှဲနစ်နေ၏။ ဘယ်လိုအကြောင်းအရာမျိုးက မေမေ့ထက်ကျော်လွန်ကာ အရေးကြီးနေလိမ့်မည်လဲ။

မျက်စိရှေ့တွင် တွေ့ရသော အမှိုက်ပုံးနှုတ်ခမ်းသားတွင် ဆေးလိပ်မီးအား ထိုးချေလိုက်၏။ သူစုမိ ဆောင်းမိခဲ့ပြီ။ ဘယ်လိုနည်းမျိုးနှင့်ဖြစ်စေ ဇွဲဆက်အိမ်ပြန်တော့မည်။ ငယ်ငယ်က မေမေဖြတ်သန်းခဲ့ရသည့် ဘဝအခြေအနေများကြောင့် သူချမ်းသာချင်နေခဲ့သည်။ ပိုက်ဆံသာ ရှာချင်နေခဲ့မိသည်။ ယခု ဇွဲဆက်သဘောပေါက်သွားခဲ့ပြီ။

မေမေ့၏ ကြွယ်ဝချမ်းသာမှုသည် သူမ၏ သားသမီးပင်။

ဈေးကြီးပေးရသော စက္ကူဖြတ်ပိုင်း အပိုင်းအစလေးစုတ်ပြဲသွား၏။ ထို့နောက် ဇွဲဆက် လေယာဉ်မယ်လေးအား ပြုံးပြလိုက်၏။ လေယာဉ်ပျံကြီးက မြန်မာနိုင်ငံဆီသို့။


လူသားကမိခင်ကို ချစ်သကဲ့သို့ အမိမြေကိုလည်း ချစ်ကြသည်။ ပြန်လည်ဆုံတွေရသည့်နှင့် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့်ဆုံဆည်းကာ ကျွေးမွေးရင်း စကားစမြည်ပြောဖြစ်ကြ၏။ နိုင်ငံခြားတွင်ဖြစ်ပါက သူ အရက်သောက်မိမည်။ ယခုတော သူ နာရီကိုသာ တွင်တွင်ကြည့်နေမိ၏။ မေမေ သူအိမ်အပြန်ကို မျှော်နေလိမ့်မည်။ သည့်ထက် တိတိ ကျကျပြောရလျှင် မေမေသူ့အား ထမင်းစား စောင့်နေလိမ့်မည်။

“သားပြန်လာတာ စောသားပဲ”

ဇွဲဆက်ပြုံးမိ၏။ ကျေနပ်မိသည့်အပြုံးမျိုးဖြစ်၏။

“မေမေ ထမင်းမစားရသေးဘူးမလား”

“ဟုတ်တယ်သား မေမေ မဆာသေးလို့”

ဇွဲဆက်မျက်လွှာချလိုက်၏။ မေမေသူ့အား ထမင်းစားစောင့်နေမှန်း သူ့အလိုလို နားလည်လိုက်၏။
သူရေချိုးပြီးသောအခါတွင် ထမင်းဝိုင်း၌ မေမေနှင့် သူ၏အစ်မတို့က အသင့်ပြင်ဆင်ကာ စောင့်နေပြီဖြစ်၏။ မိသားစုထမင်းလက်ဆုံတွင် ကျွန်တော်ကြိုက်တတ်သည့် ဟင်းများကိုသာ တွေ့ရသည်။ မေမေချက်ထားမည်မှန်း အရသာမမြည်းဘဲ သူသိလိုက်၏။ မိခင်၏သားအပေါ်ထားရှိသော စေတနာများ…။ ဟင်းခွက်တွေအများကြီးနှင့် သူတစ်ယောက်တည်း ထမင်းဝိုင်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးပြီ။ ထိုဘဝကို သူပြန်မလိုချင်တော့။ အိမ်ဝေးညဆိုသည်မှာ မိဘပင်ဖြစ်စေ သားသမီးပင်ဖြစ်စေ မှောင်လွန်း၏။

“သားဝယ်လာတဲ့ဘဲကင်က တော်တော်ကောင်းတာပဲ”

မေမေ အားရပါးရ စားနေသည်ကိုကြည့်ရင်းပြုံးမိ၏။ အစ်မဖြစ်သူကလည်းပြုံးနေ၏။။ လူတစ်ယောက်ကြောင့် လူနှစ်ယောက်ပြုံးသွားသည်မှာ ဝမ်းသာဖို့ကောင်း၏။

“ဘဲကင်က တော်တော်ကောင်းတယ်သား ..။ သားဘယ်ဆိုင်က ဝယ်လာတာလဲ”

မိခင်က ဇွဲဆက်၏ အဖြေအတွက် မျက်လုံးကို ထောင့်ခဏကပ်ထား၏။ နူးညံ့မြဲဖြစ်သော သူမ၏ လက်အစုံသည်လည်း ရပ်တန့်နေကြ၏။

“သားဝယ်လာတာ မဟုတ်ဘူးမေမေ။ ဒါ မေမေ ငယ်ငယ်က ညစာချန်ထားခဲ့တဲ့ ဘဲဥကလေးတွေ အကောင်ပေါက်လာကြတာ”

မေမေမျက်ရည်ဝဲသည်ကို ကျွန်တော်တွေ့လိုက်ရ၏။ ကြည်နူး၍ ဝေ့ဝဲတက်လည်သည့် မျက်ရည်မို့ ပီတိပေါင်းများစွာ ပါဝင်နေ၏။ ထို့ပြင် မိဘနှင့်သားသမီးကြားရှိ အပြန်အလှန်နားလည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ပါ ပါဝင်နေကြလေသည်။ ။


ဂျူနို



(၁)
မိုးမရွာ နေမပူဘဲ ခြောက်သွေ့နေသော ရာသီဥတုမျိုးကို ကိုယ်သိပ်ကြိုက်သည်။ ရန်ကုန်လို အရပ်ဒေသမျိုးတွင် ဆောင်းတွင်းပိုင်း၌ ထိုရာသီဥတုမျိုးဖြစ်ပေါ်တတ်သည်။ အင်းလျားကန် ရေပြင်ပေါ်တွင် မြူများဆိုင်းနေသယောင်၊ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ခြောက်သွေ့ နေသယောင်နှင့် အင်မတန်လွမ်းဆွတ်ဖွယ် ရာသီဥတုမျိုးပင်ဖြစ်သည်။
ထိုရာသီမျိုးကဲ့သို့ပင် လူမသိလူမသိရာသီဥတုကလေးတစ်ခုရှိသည်။ ဂျူနိုသည် စာရေးသည်။ ကဗျာရေးသည်။ သူမ .. ရေးသော ကဗျာ၊စာတို့သည် ကိုယ့်ရာသီစာကလေးများ ဖြစ်ကြသည်။ မိုးဦးကျ သရက်ကင်းလေးများ ပေါ်လာသလို သူမရင်တွင်း ရာသီဥတုပြောင်းလဲမှုပေါ် မူတည်၍ ကဗျာစာတို့ ဖြစ်ပေါ်လာတတ်သည်။ ထိုကဗျာတို့ စာတို့အား ကိုယ်က ရာသီစာကလေးများဟု တိတ်တိတ်ကလေး နာမည်ပေးထား၏။
ဂျူနို၏ ရာသီစာများတွင် အရသာစုံနေအောင် ပါဝင်နေတတ်သည်။ ဘေးအခန်းမှ မိဘနှင့် သားသမီး ရန်ဖြစ်တာပါ၏။ ထိုကောင်လေး အိမ်ပေါ်မှဆင်းသွားတာပါသည်။ ရည်းစားဟောင်း အကြောင်းပါ၏။ သူရောက်ခဲ့ဖူးသော ဆေးရုံအကြောင်းပါ၏။ နယ်မြို့ကလေးအကြောင်းပါ၏။ ထိုသို့အကြောင်းအရာ များစွာတို့တွင့် ကျွန်တော့်အကြောင်းလည်း နှစ်ခါ ပါဖူး၏။ ကိုယ့်အကြောင်း သူမ ဘယ်တော့များ ရေးမလဲဟု မျှော်လင့်ရသည်မှာ မဂ္ဂဇင်းတွင် ကိုယ့်စာမူ ဘယ်တော့များ ဖော်ပြခံရမလဲဟု မျှော်လင့်နေရသည်နှင့် တူ၏။

(၂)
ဂျူနိုသည် ကလေးတစ်ယောက်ကဲ့သို့ပင် တောက်တောက် တောက်တောက်နှင့် လျှောက်ဆော့နေတတ်သည်။ သူမ အများဆုံးကစားသော ကစားနည်းမှာ ပါဝါရိန်းဂျားနှင့် မိစ္ဆာကြီး ဖြစ်သည်။ သူက ပါဝါရိန်းဂျား အဝါကောင်ဟုပြောသည်။ ကိုယ်က မိစ္ဆာလုပ်ရသည်။ “ဘာလို့ မိစ္ဆာ လုပ်ရမှာလဲ” ဟု ကိုယ်သူ့ကို မေးသည့်အခါ “မင်းက မိစ္ဆာနဲ့ တူတာကိုး” ဟု ပြန်ပြောတတ်သည်။ ထိုအခါကိုယ်က ဆူပုတ်ပုတ် လုပ်နေတတ်သည်။ ဆူပုတ်ပုတ်လုပ်နေရင် ပါဝါရိန်းဂျားက နိုင်နေလို့ပေါ့။ ပါဝါရိန်းဂျားက အစမှာ နိုင်နေလို့မရဘူး။ ဒါမှ ပါဝါရိန်းဂျားက စက်ရုပ်ကြီးကို ခေါ်လို့ရမှာပေါ့ ဟုပြောသည်။ ကိုယ် သိပ်တော့နားမလည်သော်လည်း အလိုက်သင့်ပြုံးပြရ၏။
ဂျူနိုသည် ပါးစပ်က တတွတ်တွတ်ပြောနေတတ်ပြန်သည်။ ပါဝါရိန်းဂျား အကြောင်းပါသည်။ ထမင်းစားပြီး လျှင် ပန်းကန်မဆေးချင်သောကြောင့် အိမ်နောက်ဖေးတွင် ငှက်ပျောပင်စိုက်ကာ ငှက်ပျောရွက်နှင့် စားမည်ဟုလည်း ပြောသည်။ မိစ္ဆာလည်း ပါသည်။ လူဆိုးက အစောကြီးသေသွားရင် စက်ရုပ်ကြီးဘယ်ခေါ်လို့ရမလဲဟူ၍လည်း ပါသည်။ ထိုသို့သူမ တတွတ်တွတ် ပြောနေသည့်စကားများတွင် ကျွန်တော် သဘောအကျဆုံးမှာ “ကိုကို့ကို လေးသိပ်ချစ်တယ်” ဟူ၍ပင် ဖြစ်သည်။

(၃)
ဂျူနိုသည် ကိုယ့်အား ကိုကို ဟုခေါ်၍ ကိုယ်က ဂျူနိုအား လေးဟုခေါ်သည်။ ညီမလေးဟူသည့် အခေါ်အဝေါ်အား အဖျားဆွတ်ကာ လေး ဟု ခေါ်ခြင်းဖြစ်သည်။ ဒါတင်မက။ သူနှင့် ကိုယ့်ကြားတွင် နာမည်ပေါင်းများစွာရှိသေးသည်။
ဟေ့လူကြီး၊ ဝက်ကြီး၊ လူဆိုးကြီး၊ နဂါးစုတ်ကြီး၊ ခင်ဗျားကြီး ဟူသည့်နာမည်များဖြင့် သူမ ကိုယ့်အား ခေါ်ဝေါ်လေ့ရှိသည်။ ကြီး (၅) ကြီး ဟုပင် ကိုယ် အလွယ်မှတ်ထားရ၏။
ကိုယ်လည်း သူ့အားပြန်ခေါ်သည့်နာမည်များရှိသေးသည်။ သို့သော်ထိုနာမည်များကို ထည့်ရေးမိပါက သူမ ကိုယ့်ကို စိတ်ကောက်ဦးမည်။

(၄)
ဂျူနိုကျွမ်းကျင်သော အလုပ်မှာ ကိုယ့်ကို စိတ်ကောက်ခြင်းပင်ဖြစ်သည်။ ဒီနေ့ဘာနေ့လဲဟု မေးကာ စိတ်ကောက်တတ်၏။ သူစိတ်ကူးပေါက်သည့်အခါတွင်လည်း စိတ်ကောက်တတ်၏။ သူ ဘာကိုစိတ်ကောက်ရမှန်းမသိလျှင်လည်း ထိုအကြောင်းပြချက်ဖြင့် စိတ်ကောက်တတ်၏။ သို့သော် ကိုယ်သဘောကျမိသည်မှာ ဂျူနိုသည် စိတ်ကောက်လျှင် ကြာကြာမကောက်တတ်ခြင်းပင်ဖြစ်သည်။ သူမသည် အနည်းဆုံးတော့ တစ်ပတ်လျှင် နှစ်ရက်တော့ စိတ်ကောက်သည်။ ရုံးပိတ်ရက်နှင့် ရုံးဖွင့်ရက်တို့ ဖြစ်ကြသည်။

(၅)
ဂျူနိုသည် ကိုယ်တတ်ထားသည့် ပညာများကိုလည်း တတ်ချင်သေးကြောင်း ခဏခဏပြောလေ့ရှိသည်။ နားထောင်ကောင်းရုံ ဂစ်တာတီး သင်ခိုင်းသည်။ ဒါက ကိုယ်သင်ပေးနိုင်သည်။ နားထောင်ကောင်းရုံလောက်ကတော့ ကိုယ်လည်း တီးတတ်သည်။ ဘာရယ်မဟုတ်ဘဲ သူငယ်ချင်းသုံးယောက်အား ဂစ်တာတီးသင်ပေးဖူး၏။ သူတို့လည်း ကိုယ့်လိုပင် ဟိုဟိုဒီဒီတော့ တီးတတ်သွားကြသည်။
စကိတ်စီးလည်း သင်ခိုင်းသည်။ သိပ်မခက်ခဲလှပါ။ ခြေထောက်အနေအထား အယူအသိမ်း ဟန်ချက်မှန်လျှင် စီးတတ်ပြီ။ ခြေသားလုံး ပွန်းသည့်ဒဏ်တော့ သူခံရမည်။ ကိုယ်လည်း ထိုဒဏ်ရာမျိုး ရခဲ့ဖူးသည်။ နှစ်ရက်သုံးရက်နှင့် ပျောက်သည်။ စတန့်ထွင် စီးနိုင်သည် မဟုတ်သည့်တိုင် ဟိုသွားဒီသွားတော့ ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်လိမ့်မည်။
နောက်တစ်မျိုးမှာ စက်ဘီးစီး သင်ခိုင်းခြင်းဖြစ်သည်။ စက်ဘီးအကြောင်းပြောရင် ဆိုက်ကယ်ပါ ပါလာသည်။ မခက်ခဲလှပါ။ ဆိုက်ကယ်စီးတတ်ဖိုပ စက်ဘီးစီးတတ်ရုံနှင့် ဖြစ်သည်။ ပြဿနာမှာကားမောင်းသင်ခိုင်းခြင်း ဖြစ်သည်။ ကိုယ့်ဖေဖေက ကိုယ့်ကို ကားမောင်းသင်ပေးစဉ်က နှစ်ပတ်လောက်ကြာသည်။ ကိုယ့်မမကို သင်တော့ တစ်လခွဲနှစ်လလောက် ကြာသည်။ မိန်းကလေးတစ်ယောက်အား ရဲရဲတင်းတင်းမောင်းတတ်သည်အထိသင်ပေးဖို့ရာ သိပ်မလွယ်လှ ဟု ကိုယ်ထင်သည်။
နောက်ဆုံးတစ်ခုမှာ ဟင်းချက်သင်ခိုင်းခြင်းဖြစ်သည်။ ဟင်းချက်ခြင်းမှာ ကိုယ့်ဝါသနာမို့ သင်ပေးရန် မခက်ခဲလှပါ။ ထို့ပြင် ဟင်းကောင်းကောင်းချက်တတ်ရန်မှာ အစပ်အဟပ်တည့်အောင် စီမံခန့်ခွဲနိုင်ခြင်းက အဓိကဖြစ်သည်။ ဥပမာ ဝက်သားဆီပြန်ဟင်းဆိုလျှင် အအီစာဖြစ်သည်။ ထို့ကြောင့် ကင်ပွန်းရွက် ချဉ်ရည်ဖြစ်စေ၊ ချဉ်ပေါင်ရွက် ဟင်းချိုဖြစ်စေ တွဲချက်ပါက အအီပြေ၍ ထမင်းမြိန်မည်။ ထိုသို့သာ တွဲချက်တတ်ပါက ဟင်းချက်ကောင်းသည်ဟု ပြော၍ရမည်။
ထိုအတတ်ပညာများကို ဂျူနိုအား သင်ပေးရန် မခက်ခဲနိုင်ကြောင်း ကိုယ် ယုံကြည်သည်။ ဂျူနိုသည် တစ်စုံတစ်ခုကို မြန်မြန်ဆန်ဆန်ပင် တတ်မြောက်ကြောင်း ကိုယ်သိသည်။ ရည်းစားဖြစ်ပြီးချိန်မှ စ၍ ကိုယ့်အား “ကိုကို” ဟု ခေါ်ရန် ကိုယ်သင်ပေးဖူးသည်။ နှစ်ရက်အတွင်းပင် သူမ မြန်မြန်ဆန်ဆန် တတ်မြောက်သွားခဲ့သည်။

(၆)
ဂျူနိုသည် စကားလုံးပေါင်းများစွာကို တစ်ကြိမ်စီ လိမ်ပြောတတ်သူမျိုး မဟုတ်။ စကားတစ်ခွန်းတည်းကိုသာ အကြိမ်ပေါင်းများစွာ လိမ်ပြောတတ်သည်။ လိမ်ပြောခြင်းသည် တစ်ခါတစ်ရံတွင် ဆန့်ကျင်ဘက် အဓိပ္ပါယ် သက်ရောက်မှန်း ကိုယ်နားလည်ထားသည်။ 
လိမ်ပြောသူသည် လိမ်ပြောပါသည်ဟု ဝန်ခံလိုက်ပါက အမှန်တရားမှာ အခြား ဆန့်ကျင်ဘက် တစ်ခုဖြစ်မှန်း ရှင်းပြနေစရာ မလိုတော့ပေ။
ဂျူနိုသည် လိမ်ပြောသည်ဟု ဝန်ခံကာ လိမ်လည်နေမြဲဖြစ်သည်။ သူမ .. လိမ်ပြောသည့်အခါ ကိုယ် အမှန်တရားလေးကို သိခွင့်ရသည်။ သူမကို ကိုယ်ချစ်သလို သူမ လိမ်ပြောသည့်စကားလေးကိုလည်း ကိုယ်ချစ်သည်။ တခြားမဟုတ်။ မနက်ကပင် သူမ ကိုယ့်ကို လိမ်ပြောသွားသေး၏။
“မင်းကို မုန်းတယ်” ဟူ၍ဖြစ်သည်။ ထိုအခါ ကိုယ်က မင်းအခုလို လိမ်ပြောနေတာလေးကိုလည်း ကိုကိုချစ်တယ် ဟု ပြန်ပြောလိုက်သည်။


နေပိုင်
ဖေဖော်ဝါရီ ၂ဝ၁၃

Thursday, March 21, 2013

ကြာပြီ




ဇော်သည် မိုးရာသီ သစ်ရွက်စိမ်းကလေးနှင့်တူ၏။
သူ ဘယ်လို ရပ်တည်မှုမျိုးနှင့်များ ကျွန်မ ဘ၀ထဲ ၀င်ရောက်လာခဲ့ပါသလဲ။
ဖြစ်နိုင်လျှင် ထိုမေးခွန်း ဇော့်ကို မေးကြည့်ချင်သည်။
သို့သော် ဇော် ကျွန်မဆီ ပြန်မလာတာကြာပြီ။

လက်ခုံကို ပြေးတိုက်လာတဲ့ အထိအတွေ့ကြောင့် ငုံ့ကြည့်မိ၏။ ကျွန်မတို့အိမ်ဟာ ဒီလိုပါပဲ။ အိမ်ရှေ့တံခါးနှစ်ချပ်လုံး ဖွင့်ထားရင်ဖြင့် လေပြင်းပြင်းတိုက်ပြီဆို သစ်ရွက်ခြောက်တွေ အိမ်ကပြင်ထိ လွင့်လွင့်ပါလာတတ်သည်။
သစ်ရွက်သိပ်ကြွေသော နွေရာသီမျိုးဆိုလျှင် သိမ်း၍မနိုင်တော့။ ထို့ကြောင့် ကျွန်မက တံခါးပိတ်ပိတ်ထားသည်။ ဇော်က ထိုသို့ထားသည်ကို မကြိုက်။

"ကိုယ့်ဆီကို ပြေးဝင်လာတယ်ဆိုတဲ့ခံစားမှုက ဘယ်လောက်ထူးခြားသလဲ နွယ်ရယ်။ သေချာကြည့်ရင် အဲ့ဒီရွက်ခြောက်လေးတွေက နွယ်နဲ့တူတာဗျ။ ကျုပ်ပြန်လာတိုင်း ခင်ဗျားလေး ကျုပ်ဆီ ပြေးပြေးလာတဲ့ပုံစံလေးအတိုင်းပဲ"

လွမ်းဆွတ်စွာ ကျွန်မ ပြုံးမိ၏။ ဇော်ဟာ တစ်ခါတစ်လေ သိပ်စိတ်ကူးယဉ်ဆန်တာပါပဲ။ အရင်ကလိုဆိုရင်တော့ ဇော့်ကို မျက်စောင်းတထိုးထိုးနှင့် ပွစိပွစိရေရွတ်ရင်း ထိုရွက်ခြောက်တွေကို ကျွန်မကောက်သိမ်းမိလိမ့်မည်။
ထိုအခါ ကျွန်မအမူအရာကိုကြည့်ရင်း ဇော်ဟက်ဟက်ပက်ပက်ရယ်မောမည်။ ကျွန်မဆံပင်တွေ ထိုးဖွရင်း စမည်။ နောက် သစ်ရွက်ခြောက်တွေ ကူကောက်ပေးခြင်းဖြင့် စိတ်ကောက်လုလု ကျွန်မကို ချော့မည်။
ခုတော့လည်း သိမ်းချင်စိတ် မရှိပါ။ ကျွန်မ၏ သစ်ရွက်စိမ်းကလေး ပြန်မလာတာကြာပြီ။ ဒီရွက်ခြောက်တွေသာ ကျွန်မ၏အဖော်။
ဇော် ဘယ်အချိန်များ ၀င်းတံခါးဝကနေ ပြေးဝင်လာမလဲ။ ဇော် ပြန်မလာတာ တော်တော်ကြာနေပြီ။

မိုးတွေ သည်းလာပြန်ပြီ ဇော်...။
တံစက်မြိတ်မှ ရေတို့ စီးကျနေသည်။ နှစ်ယောက်အတူငေးဖူးသည့် မြင်ကွင်းကို တစ်ယောက်တည်း ကြည့်နေရချိန်ခံစားမှုဟာ ထိုမျှခါးသီးပါသလား။
ခါတိုင်းလိုပဲ အိမ်ရှေ့လမ်းမပေါ်မှာ ကလေးတစ်သိုက် ဘောလုံးကန်နေကြ၏။ စိတ်လိုလက်ရရှိသည့်နေ့မျိုးဆို ဇော်နှင့်ကျွန်မ ထိုဘောလုံးပွဲရလဒ်ကို အလောင်းအစား လုပ်တတ်သည်။ ရှုံးသူက ကော်ဖီ ဖျော်ပေးကြေး။
များသောအားဖြင့်တော့ ဇော်ပဲ ကော်ဖီ ဖျော်ရသည်။ ရှုံးသော်လည်း ညစ်တစ်တစ်နှင့် ပေကပ်နေတတ်သည့် ကျွန်မကို ခွင့်လွှတ်ပြုံးလေးပြုံးရင်း ဇော် ကော်ဖီ ထထဖျော်ပေးတတ်သည်။

"အကြွေးနော်။ နောက်တစ်ခါကျရင် နှစ်ခွက်ပြန်ဖျော်ပေးရမှာ"

ကျွန်မကို အလျှော့ပေးတိုင်း ဇော်ပြောနေကျ လက်သုံးစကား။ ဇော်ဟာ သိပ်ကို ချစ်စရာကောင်းတာပါပဲ။
ကျွန်မရင်ထဲ အမျိုးအမည် မသိစွာ ကြပ်ခဲလာသည်။ ၀မ်းနည်းစွာ ငိုချလိုက်ချင်ပေမယ့် မျက်လုံးတွေ စိုစွတ်ဖို့ မေ့လျော့နေကြပုံရသည်။ ဘယ်လို သက်ရောက်မှုမျိုးပါလဲကွယ်။

တစ်ခါတစ်ရံ ကျွန်မပြောပြသည့် ရိုးအီနေပြီးဟာသများကို စိတ်ဝင်တစားနားထောင်ကာ ဟက်ဟက်ပက်ပက်ရယ်မောပေးတတ်သည်။ ဇော်မို့ ရယ်လိုက်ရင် ဖြူဖြူစင်စင်မျက်နှာလေးက ပိုမိုပေါ်လွင်ကာ သိပ်ချစ်စရာကောင်းသွားတတ်၏။
ဇော့်ရယ်နေဟန်ကို ငေးနေရသည့်အချိန်တွေပျောက်ဆုံးနေတာ ကြာပါပြီကော။ ကျွန်မပေါင်ပေါ်တွင် သူ့ခေါင်းလေးအား တင်ထားရင်း နားထင်လေးအားပွတ်ပေးသည့်အခါမျိုး၌တော့ ဇော်သည် ကြောင်ငယ်လေးတစ်ကောင်နှင့် တူ၏။
အပြစ်ကင်းကင်းကလေးလေးတစ်ယောက်နှင့်လည်း တူ၏။ အခွင့်ကြုံခဲ့မည်ဆိုလျှင် ဇော်အိပ်ပျော်နေသည့်အခါ ကျွန်မသူ့ကို ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေမိချင်ပါသေးသည်။ ကျွန်မအိပ်ချင်သည့်အခါမျိုးတွင်လည်း သူ၏လက်မောင်းကို ကျွန်မလုယူဖူးသည်။
သူ၏လက်မောင်းပေါ်တွင်ပင် ကျွန်မအိပ်ပျော်ခဲ့ဖူးသည်။ သို့သော် တချို့ညများတွင် ကျွန်မတို့နှစ်ယောက်လုံး အိပ်မပျော်ကြ။ အထူးသဖြင့် ဇော်ရှေ့တန်းရောက်နေသည့်ညမျိုး ဖြစ်သည်။

ဇော်သည် ဆံပင်ကို ခပ်ရှည်ရှည်ထားလေ့မရှိ။ နှစ်ပတ်တစ်ခါလောက် ဆံပင်ညှပ်လေ့ရှိသည်။

"ရှင်ဘာဖြစ်လို့ ဆံပင်ခဏခဏ ညှပ်တာလဲ ဟင်"

ကျွန်မ ခဏခဏ မေးဖူး၏။ ဇော်ကမဖြေ။ ပြုံးရုံသာ ပြုံးနေတတ်သည်။ သမီးရည်းစားဘဝထဲက ကျွန်မ မေးလာခဲ့သည့်ထိုမေးခွန်းကို သူနှင့် အိမ်ထောင်ကျပြီးမှ ကျွန်မ အဖြေသိရသည်။
သူသည် ဆံပင်မှမဟုတ် လောကထဲတွင် မလိုအပ်ဘဲ ရှည်ထွက်နေတတ်သည့် အရာအားလုံးကို ညှပ်ပစ်လေ့ရှိသည်။ ထိုသို့ညှပ်ပစ်လိုက်ခြင်းကိုလည်း အများက စစ်တိုက်ခြင်းဟု နာမည်ပေးကြ၏။

ကျွန်မနှင့်ဇော် ထိုတစ်ချက်တော့ ကွာခြား၏။
ကျွန်မက လက်သည်းအရှည်ထားသည်။
ဆံပင်အရှည်ထားသည်။
လျှာအရှည်ထားသည်။
သံယောဇဉ်အရှည်ထားသည်။
သူရှေ့တန်းထွက်သွားချိန်မျိုး၌ လည်ပင်းပါအရှည်ထားရသည်။
ယခုသူပြန်မလာသည်မှာ ကြာပြီမို့ ကျွန်မလည်ပင်းလည်း အတော်ရှည်နေခဲ့ပြီ။
ဟုတ်ပါသည်။
သူပြန်မလာတာ ကြာပြီ။

ကျွန်မ ဇော့်ကို သိပ်ချစ်သည်။
ကျွန်မချစ်သကဲ့သို့ပင် ဇော့်ကို ချစ်သူခင်သူတွေ သိပ်ပေါ၏။
သူ့အား လက်အောက်ငယ်သားများက ချစ်ကြ၏။
အထက်အရာရှိကြီးများက ချစ်ကြ၏။
အိပ်အောက်က ဘိုနီကလည်း ချစ်၏။
မိဝါနှင့်ညိုညို ကလည်း ချစ်၏။
ကျည်ဆံတွေကလည်းချစ်၏။
မိုင်းဆံတွေကလည်းချစ်၏။
ထို့ကြောင့်လည်း သူတို့ ဇော့်ဆီသို့ ပြေးလာကြခြင်းဖြစ်ကောင်းဖြစ်မည်။

"ကိုယ့်ဆီကို ပြေးဝင်လာတယ်ဆိုတဲ့ခံစားမှုက ဘယ်လောက်ထူးခြားသလဲ နွယ်ရယ်"

ဟုတ်သလား ဇော်။ ဇော် ရင်ဖွင့်ပြီးများ ကြိုခဲ့သလား။ လက်ခုံနားက သစ်ရွက်အသေလေးကို ထိတ်လန့်တကြား ပုတ်ထုတ်လိုက်မိသည်။

ထိုနေ့က မိုးတွေရွာနေ၏။
တိမ်တိုက်တို့၏ အငွေ့မှ မိုးရေအဖြစ် မြေပြင်ပေါ်သို့ ရွာချသည်။
ထို့နောက် ကမ္ဘာမြေကြီး၏ ပူနွေးမှုဖြင့် သူတို့ ပြန်လည်အငွေ့ဖြစ်သွားကြလိမ့်ဦးမည်။
၎င်းမှာ ရုပ်ပြောင်းလဲမှု (Physical Change) ၏ သဘောတရားပင်ဖြစ်၏။

ကျွန်မခေါင်းထဲမှာသိနေသလို နားထဲမှာလည်း ကြားနေသည်။ ကျဆုံးသွားပြီ။ ဇော်သေသွားပြီ..တဲ့။ ပတ်ဝန်းကျင်ကပြောတိုင်း ကျွန်မ ရယ်မောမိသည်။ မဟုတ်ပါ။ ဇော်မသေပါ။ ကျွန်မဆီ ဇော်ပြန်လာမှာ။ ဇော်သေသွားခြင်းမဟုတ်ပါ။
အမှန်စင်စစ် ဇော်သည် အရိုးပြာခွက်ကလေးအဖြစ်သို့ ပြောင်းလဲသွားခြင်း ( Chemical Change ) ဖြစ်သွားခြင်းပင်။
ဟုတ်ပါသည်။
ထို့ကြောင့် ကျွန်မ ဇော်ပြန်လာမည့်နေ့ကို အရင်လိုပင် မျှော်နေဆဲ။ မျှော်နေမြဲ။
မိုးဦးစ သစ်ရွက်ကလေးလို ဖျတ်ကနဲ ပွင့်ထွက်လာမလား။ ရွက်ခြောက်လေးတွေနဲ့အတူ အပြေးဝင်လာလေမလား။
ပြန်မလာမှာသိနေလည်း ပြန်လာစေချင်သေးတဲ့ဆန္ဒဟာ အီနားရှား များလား။
ကျွန်မ နေ့တိုင်း မျှော်နေပါသည်။
သို့သော် ...
ဇော်ပြန်မလာသည်မှာလည်း .. ကြာပြီ။



နေပိုင် ၊ ဂျူနို

ဖေဖေစိုက်ထားတဲ့ သစ်ပင်




          ငါ့ဖေဖေက ငါ့ကို အဲ့ဒီလမ်းထဲမသွားရဘူးလို့ မှာထားတယ်။ ငါမှတ်မိသလောက် ဟိုဘက်အိမ်က ကြောင်မကြီး သားပေါက်တဲ့နေ့က ငါ့ကို ဒီလိုမှာထားတာပဲ။ တခါတလေ စိန်ပြေးလိုက်တမ်း ကစားရင်း အဲ့ဒီလမ်းထဲကို ငါရောက်ရောက်သွားဖူးတာပဲ။ ဖေဖေက သူ့ဓားမြောင်လေးနဲ့ မြေကြီးကိုတူးပြီး တစ်ခုခုကို မြှုပ်နေတာ ငါမြင်တယ်။ ငါလည်းသိချင်တော့ မေးကြည့်တာပေါ့။ ဖေဖေဘာလုပ်နေတာလဲဆိုတော့ ဖေဖေက သစ်ပင်စိုက်နေတာလို့ပြောတယ်။ ဖေဖေကသစ်ပင်စိုက်တယ်သာ ပြောတာ။ အထဲမှာ ကော်နဲ့လုပ်ထားတဲ့ ဗူးဝိုင်းလေး ငါတွေ့တယ်။ ဖေဖေက အထဲမှာ သစ်စေ့တွေအများကြီးထည့်ထားတာတဲ့။ ဟုတ်မှာပါလေ။ ငါမှသေချာမသိဘဲ။
         
အဲ့ဒီနောက်မှာ ဖေဖေကငါ့ကို မှာတော့တာပဲ။ အဲ့ဒီလမ်းထဲကိုမသွားရဘူး။ အဲ့ဒီအပင်စိုက်ထားတဲ့ မြေကြီးပေါ်ကို တက်မနင်းရဘူးတဲ့။ တက်နင်းလိုက်ရင်ဘာဖြစ်မှာလဲလို့ ငါထပ်မေးတယ်။ တက်နင်းလိုက်ရင် အပင်လေးသေသွားမှာပေါ့တဲ့။ ဘာပင်လဲလို့ငါမေးလိုက်တယ်။ ဖေဖေပြန်မဖြေဘူး။ အဲ့ဒီလမ်းထဲကိုမသွားဖို့ အဲ့ဒီအပင်ကိုတက်မနင်းဖို့ပဲ ငါ့ကိုမှာတယ်။
         
ငါလည်းဖေဖေ့ကိုအားကျပြီး ငရုပ်ပင်ကလေးစိုက်တယ်။ ငါစိုက်ထားတဲ့ ငရုပ်ပင်လေးဆို အတက်ကလေးကနေ ခုဆို အပင်ထွက်စပြုနေပြီ။ ငါကလည်း နေ့တိုင်းဂရုစိုက်ပေးတယ်။ ရေလောင်းပေးတယ်။ ဒါပေမယ့် ငါစဉ်းစားမိတာက ဖေဖေက သူစိုက်ထားတဲ့အပင်ကို ရေလောင်းပုံမရဘူး။ ငါလောင်းပေးချင်လိုက်တာ။ နောက်မှစိုက်တဲ့ငါ့အပင်လေးတောင် ကြီးလာပြီ။ ဖေဖေစိုက်ထားတဲ့အပင်လေးက ခုထိပေါက်မလာသေးဘူး။
         
ငါဖေဖေ့ကို ထပ်မေးတာပေါ့။ ဖေဖေ့အပင်ကလေး မပေါက်သေးဘူးလားလို့။ ဖေဖေကပြောတယ်။ အချိန်တန်ရင်တော့ ပေါက်မှာပေါ့သားရယ်တဲ့။ ဖေဖေ့အသံတွေ မာကျော နေတယ်။ သစ်ပင်ပေါက်လာခါနီး အရိပ်အယောင်မျိုး ဖေဖေမျက်နှာမှာ ငါမတွေ့ရဘူး။ ဖေဖေ့အဲ့ဒီအပင်လေးကို ရေမလောင်းဘူးလားလို့ ငါထပ်မေးတော့ ရေမလောင်းရဘူးတဲ့။ အချိန်တန်ရင် သူ့အလိုလို ပေါက်မှာပါတဲ့။ ဟုတ်မှာပေါ့။ ဒါကြောင့်မို့လို့ ဖေဖေကော သူ့တပည့်တွေကော ဘယ်သူမှ ဂရုတစိုက်ရေမလောင်းကြတာကိုး။ ငါ သဘောပေါက်သွားတယ်။
         
ဖေဖေက ငါ့ကိုသေနတ်ပစ် သင်ပေးတယ်။ ဒါပေမယ့် သူ့သေနတ်တွေကို ငါမှနိုင်နိုင်နင်းနင်း မကိုင်နိုင်ဘဲ။ သေနတ်ကြီးတွေက သိပ်လေးတာ။ ကျည်ဆံမပါဘဲ ဖေဖေက ငါ့ကိုပစ်ခိုင်းတာ။ ဖေဖေကတော့ ပစ္စတိုလို့ပြောတယ်။ ဖေဖေအတွက်က သိပ်မလေးပေမယ့် ငါ့အတွက်က သိပ်လေးတာ။ အမှန်ဆို ငါကသေနတ်ပစ်ချင်တာမှမဟုတ်ဘဲ။ စာပဲသင်ချင်တာ။ ငါစာရေးတတ် ဖတ်တတ်ချင်တယ်။ ငါစာတတ်မှ ငါ့မေမေကို ရှာလို့ရမှာပေါ့။ မေမေ့ကိုရှာဖို့ဆိုတာ မေမေနေတဲ့လိပ်စာကို ဖတ်တတ်ရမယ်လေ။  
         
တစ်ရက်ကျတော့ ဖေဖေက မိန်းမတစ်ယောက်အိမ်ခေါ်လာတယ်။ ပြီးတော့ ဒါသားမေမေလို့ ပြောတယ်။ ဒါငါ့မေမေမဟုတ်မှန်း ငါသိတာပေါ့။ ဖေဖေကပြောတယ်။ သားကိုမွေးတာမဟုတ်လည်း သားမေမေတော်လို့ရတယ်တဲ့။  ဖေဖေလိမ်တာ။ အဲ့ဒါဆိုရင် မြို့ပေါ်ကျောင်းတွေက ဆရာမလှလှလေးတွေက သားမေမေလား။ ဖေဖေတို့ထဲက ဆေးကုကုပေးတဲ့ အန်တီဒေါက်တာကကော သားမေမေလား။ ဟုတ်မှမဟုတ်ဘဲ။ ဖေဖေ ငါ့ကိုလိမ်တယ်။ ငါဖေဖေ့ကို စိတ်ဆိုးတယ်။ ဒါနဲ့ပဲ ဖေဖေငါ့ကိုမသွားနဲ့လို့မှာထားတဲ့ လမ်းထဲကို ငါသွားတယ်။ ဖေဖေစိုက်ထားတဲ့ အပင်လေးကို ငါနင်းချေပစ်မယ်။ ပေါက်ခါစအပင်လေးတွေတောင် နင်းချေပစ်လိုက်ရင် သေသွားကြတာပဲမဟုတ်လား။ ငါအဲ့ဒီလိုဆုံးဖြတ်ပြီး အဲ့ဒီအပင်လေးရှိရာကို ခပ်ပြင်းပြင်း နင်းချလိုက်တယ်။
         
          ဒိန်း… ဆိုတဲ့အသံ အကျယ်ကြီးငါကြားလိုက်ရတယ်။ ငါလည်း လေထဲကို မြောက်တက်သွားတယ်။ အပင်ကလေး မြေကြီးကိုထိုးဖောက်ပြီး ထွက်လာချိန်နဲ့ ငါတက်နင်းတဲ့အချိန် တိုက်ဆိုင်သွားပုံရတယ်။ ဒါကြောင့် အပင်ကလေးက သူ့အပေါ်ကရှုတ်နေတဲ့ ငါ့ခြေထောက်ကို တွန်းထုတ်ပစ်လိုက်တာနေမှာ။ ဒါပေမယ့် သူအပင်ပေါက်လာတဲ့ အရှိန်ဟာ သိပ်မြန်တာပဲ။

          ဘယ်လိုအပင်များလဲ..
          ဘယ်လိုအပင်များလဲ…ကွယ်။

          ငါမြေကြီးပေါ်ကို ပြန်အကျမှာ ငါအပင်လေးကို လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ငါမမြင်ရတော့ဘူး။ ငါ့အမြင်တွေ တဖြည်းဖြည်းနဲ့ ဝေဝါးလာတယ်။ အဲ့ဒီနောက်မှာ … ငါ ဘာဆိုဘာမှ မသိတော့ဘူး။ ဒါပေမယ့် အဲ့ဒီ့နေ့က ဖေဖေစိုက်ထားတဲ့အပင်ကလေး ပေါက်လာတာ ငါသိလိုက်တယ်။


နေပိုင်
၃၁.ဝ၁.၂ဝ၁၃
ကြသပတေးနေ့

ဟုမ်းဆစ်ခ်- ၃



ဂျီပီအက်စ် ထဲမှာ . . .
စမ်းချောင်းကဇမ္ဗူရာဇ်လမ်းရှိတယ်
အိမ်ခေါင်မိုးမီးခိုးရောင်နဲ့အိမ်ရှိတယ်
ဖေဖေနဲ့မေမေက မရှိဘူး။

နေပိုင်

ဟုမ်းဆစ်ခ် - ၂



မေမေပေးထားတဲ့မျက်လုံးနဲ့
မေမေ့ဓာတ်ပုံကိုကြည့်ရင်း ငိုရ
အရှင်ဘုရား တရားပါတယ်။


နေပိုင်
ဖေဖော်ဝါရီ ၂၀၁၃

ဟုမ်းဆစ်ခ်


မိသားစုကိုစိတ်ထဲမှာမှတ်။
လက်တစ်ချောင်းထောင်။
ကျွန်တော်။


နေပိုင်
၁၅.၁ဝ.၂ဝ၁၂