Wednesday, April 3, 2013

အချစ်

ညဘက်စောစော မအိပ်တတ်သည့် အကျင့်ကလည်း ဆိုးသည်။ ဒါတင်မက မနက်စောစောမှ အိပ်တတ်သည့် အကျင့်ကလည်း ဆိုးသည်။ ပြတင်းပေါက်က လေတလှပ်လှပ်နှင့် အပြင်ကိုငေးကြည့်လိုက်တော့ မလှမ်းမကမ်းက မီးပွိုင့်ကိုတွေ့ရသည်။ ညက ညဥ့်နက်နေပြီဆိုတော့ လူသွားလူလာပင်မရှိတော့။ မီးပွိုင့်တွင် လူရုပ်ကလေး မီးနီနေသည်။ ဖြတ်ကူးမည့်လူမရှိ။ ရပ်စောင့်နေမည့်လူမရှိ။ ဟော…။ ခဏနေတော့ လူရုပ်ကလေး အစိမ်းရောင်ပြောင်းသွားပြန်သည်။ ဒါလည်း ဖြတ်သွားမည့်လူမရှိ။ ရပ်စောင့်မည့်လူမရှိ။

ဆရာမဂျူး၏ အချစ်ရဲ့အလှ အချစ်ရဲ့အရသာ ဝတ္ထုတိုအားပြန်သတိရမိသည်။ မီးပွိုင့်လေးက လူရုပ်ကလေးကော ချစ်တတ်ပါသလား။ အချစ်သည် မီးပွိုင့်နှင့်တူ၏။ ရပ်စောင့်မည့်လူမရှိ ဖြတ်သွားမည့်လူမရှိ။ သို့သော် အချိန်တန်လျှင် သူ့ဟာသူအရောင်ပြောင်းလဲသွားလိမ့်မည်။ ဟော…။ အိပ်မပျော်သည့်ညက ဒါမျိုးကျတော့လည်း ကောင်းနေတာပဲ။ အတွေးတစ်ခုရလိုက်သည်။

မီးပွိုင့်ကအကြည့်အား အခန်းထဲပြန်ထည့်လိုက်တော့ ကော်ပေတံ အဟောင်းလေး တစ်ချောင်းအားတွေ့ရသည်။ ပေတံက အဟောင်းလေးမို့ ဆေးသားတွေက ခပ်ဝါးဝါး။ ဆရာမ ဂျူး၏ ဝတ္ထုတိုလေးအား ထပ်သတိရပြန်သည်။ ကော်ပေတံအဟောင်းလေးမှာကော အချစ်ရှိလား။ တနည်းအားဖြင့် သူကော ချစ်တတ်သလား။ ချစ်တတ်သည့်တိုင် ကျွန်တော့်လို သူအိပ်ရေးပျက်ခံနိုင်မလား။

ကော်ပေတံအဟောင်းလေးရဲ့တန်ဖိုးကို ကျွန်တော်တို့ မည်သည်ဖြင့်သတ်မှတ်ကြမလဲ။ အစိပ်အကျဲ မတူညီသော အကွာအဝေးအတိုင်းအတာများ ကျွန်တော် မြင်ရသည်။ အချစ်သည်လည်း ဤသို့ပင်ဖြစ်လိမ့်မည်။ အကွာအဝေး အစိပ်အကျဲမတူညီမှုများကြားက မသိကိန်းလေး တစ်လုံး။ အချစ်သည် ကော်ပေတံလေး၏ ဟောင်းနွမ်းမှုနှင့်လည်း မသက်ဆိုင်။ အကွာအဝေးအတိုင်းအတာများနှင့်လည်း မသက်ဆိုင်။ အချစ်သည် အချစ်သာဖြစ်၏။ ကော်ပေတံအဟောင်းလေးကို လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ ဟော..။ ဒါကော ကျွန်တော် သူ့ကိုပိုင်ဆိုင်သွားရောလား။ မဟုတ်။ ပေတံကလေးကို ကျွန်တော်ပိုင်ချင်ပိုင်မည်။ သူ့အပေါ်က သတ်မှတ်ချက်တွေ အကွာအဝေးတွေကို ကျွန်တော် ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။ အချစ်သည်လည်း ဤသို့ပင်။

ကျွန်တော့်အစ်မ မဇော်နှင့် စကားစမြည်ပြောဖူးသည်။ မှတ်မှတ်ရရသူကမေးဖူးသည်။ လူတစ်ယောက်ကို ချစ်မိဖို့ ဘာတွေလိုမလဲ.. တဲ့။ ဒီမေးခွန်းကို ကျွန်တော် ဖြေဖို့အတွက် သူ့ကို ကျွန်တော် မေးခွန်းပြန်ထုတ်ရသည်။ လူတစ်ယောက်ကို ချစ်ဖို့ အချိန်ဘယ်လောက်လိုမလဲ။ မဇော်ပြန်မဖြေ ပြုံးရုံသာ ပြုံးနေ၏။ တကယ်တော့ လူတစ်ယောက်ကိုချစ်ဖို့ အချိန်ဘယ်လောက်မှ မလိုဘူး။ လွယ်လွယ်ကူကူ စဉ်းစားကြည့်။ မချစ်ခင်ကနဲ့ ချစ်သွားတယ်ဆိုတဲ့ အချိန်အပိုင်းအခြား။ ထို၂ခုကြားက အချိန်ကွာခြားမှုသည် တစ်စက္ကန့်ဆိုလည်း ဟုတ်သည်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံဆိုလည်းဟုတ်သည်။ အချစ်၏ နောက်ပိုင်းတွင်သာ လူနှစ်ဦး ပေါင်းသင်းဖို့ကိစ္စတွေ ဘာညာ စဉ်းစားတော့မှသာ ဦးနှောက်ကပါလာသည်။ အချိန်ယူရသည်။ ထိုကြောင့် လူနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ကို ချစ်မိသွားဖို့ အချိန်ဘယ်လောက်မှမလို။ ထို့ကြောင့် မဇော်မေးသည့် လူတစ်ယောက်ကိုချစ်ဖို့ ဘာတွေလိုမလဲ။ ရှင်းပါသည်။ ဘာမှမလိုပါ။ အပေါ်ကပြောခဲ့သည်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံလောက်သာ လိုလိမ့်မည်။


နေပိုင်
၁၂.ဝ၈.၂ဝ၁၂

No comments:

Post a Comment