Friday, April 26, 2013

အစိမ်းရောင် မှတ်တိုင်



စစ်ပွဲတွေနဲ့ ကမ္ဘာကို ကယ်တင်လို့မရဘူး။
အမှန်တကယ် ငြိမ်းချမ်းပြီလို့ ထင်နေတာကလည်း အပိုပဲ။
ဒီလိုနဲ့.. ကလေးဘယ်နှယောက်ကို အဖမဲ့ ဖြစ်စေခဲ့ပြီးပြီလဲ။

စစ်ပွဲတွေဟာ တရားမနာဘူး။
ဒီတော့ကိုယ့်လိုပဲ လူရိုင်းကလေးဖြစ်ရတယ်။
အသက်ကိုအိမ်မှာထားခွင့်မရှိတာလည်း ဒီစစ်ပဲ။

ငါတို့အိပ်မက်ကလေးတွေ မိုင်းနဲ့ပါသွားပြီ။ မျက်ရည်များ။
စစ်ပွဲဆိုတာ မျက်ရည်နဲ့သွေး ဓာတ်ပြုထားသလိုမျိုး။
ငိုသံတွေနဲ့ပဲ ပန်းတွေပွင့်ရတယ်။
အချစ်မှာမျက်စိမရှိသလို စစ်မှာလည်း မျက်စိမရှိဘူး မေမေ။
ဒီည.. ကျွန်တော့်ခြေထောက်အပြတ်ကလေး အိမ်ပြန်ရောက်ပါ့မလား။

ဖိနပ်ချွတ်ပြီးမှမြေပုံပေါ်တက်လည်း အိမ်နဲ့ဝေးတုန်းပဲ။
အိမ်ရောက်ဖို့ဆိုတာလည်း လမ်းအဝေးကြီးလျှောက်ရဦးမယ်။
ဘယ်သူသိမလဲ။
ကျွန်တော်တို့ပုခုံးပေါ်က မှတ်တိုင်လေး အိပ်ရေးပျက်နေတယ်ဆိုတာ။

နေပိုင်
၁၉း၄၅
၁၁.ဝ၉.၂ဝ၁၂

အောက်ပါတို့ကို ကြီးစဉ်ငယ်လိုက် စီစဉ်ပါ။



ငွေကြေး။ ဂုဏ်သိက္ခာ။ စံပယ်ပန်း။ ဂျပန်ဖိနပ်။ ဝီစကီ။
ဘုရားသခင်။ ပြည်သူ။ အကြွေ ၂ဝ။ အိမ်နံပါတ် (၇)။ ပြည်လမ်း။
အချစ်။ R.T.H ။ မိုးရာသီ။ ကိုရီးယားဇာတ်လမ်းတွဲ။ သူတောင်းစား။ စီးပွားရေး။
မော်တော်ပီကယ်။ ညနေ(၆)နာရီ။ လေယာဉ်လက်မှတ်။ တက္ကသိုလ်။ ကဗျာဆရာ။
နတ်ပြည် (၆)ထပ်။ ဘောပင်။ ဘတ်စ်ကား။ မိန်းမပျက်။ ဟာသ။
အစိမ်းသေ။ မီးရထား။ ဆံပင်ရှည်။ ကိုကာကိုလာ။ အမှိုက်မပစ်ရ။ ကုတင်။
မေ့ဆေး။ ပြဿဒါး။ သမ္မတ။ မိုင်းဆဲဗင်း။ www.facebook.com ။
အခွန်လွတ်ဈေး။ နေပိုင်။ မြန်မာစာ။ ဦးဝိစာရအဝိုင်း။ ပုရွက်ဆိတ်။ ၅ပေ၉လက်မ။
ရုပ်ရှင်ရုံ။ ပမွှား။ ခံနိုင်ရည်။ နိုက်ကလပ်။ သဘာဝဘေးအန္တရာယ်။ အိမ်ဖော်။
သံယောဇဉ်။ အပါယ်လေးပါး။ ပင်လယ်။ သုတေသန။ အယ်ဒီတာ။
ငါ။ မှတ်ပုံတင်။ အများပြည်သူသုံးတယ်လီဖုန်း။ မန်ချက်စတာယူနိုက်တက်။ သည်းခံခြင်း။
ကျွန်မရှင့်ကိုချစ်တယ်။ ကွန်ဒုံး။ လမ်းလျှောက်ခြင်း။ သကြားလုံး။ စက်ရေတွင်း။
နိုင်ငံခြား။ လူ။ ကားအဝင်အထွက်ရှိသည်။ အင်းလျားကန်။ နာရေး။


နေပိုင်
၀၅.၀၉.၂၀၁၂
၁၆း၃၅

အိမ်ယာမဲ့ (၂)


ရန်ကုန်ကို တံခါးခေါက်လည်း အထဲမှာ ရန်ကုန်မရှိဘူး။
ရန်ကုန်ဟာ သူ့ခြေမနဲ့သူ အိမ်ပေါ်ကဆင်းသွားတယ်။
ခုည ကျွန်တော်တို့ဘယ်လိုအိပ်ကြမလဲ။
၂ဝဝ တန် ပိုက်ဆံအကြွေလေးပေါ်က ခြင်္သေ့ရုပ်မှာ အိမ်ရှိလား။
ရွာလာတဲ့မိုးမှာကော အိမ်ရှိလား။
ကိုယ့်ခြေထောက်ကို သွေးရိုးသားရိုး အိမ်နံပါတ် တပ်တယ်။
အဖြူတလှည့် အနီတလှည့် ပလက်ဖောင်းများ။
ဘယ်တလှည့် ညာတလှည့် ခြေလှမ်းများ။
မျက်လုံး၂ဖက်ပိတ်ဖို့ ငွေကြေးဘယ်လောက်လိုမလဲ။
နောက်တစ်ခါ ၂ဝဝ တန်အဟောင်းလေးကို ထပ်ကြည့်တိုင်း
ဖိနပ်သဲကြိုးလေးက ကိုယ့်ကိုအားနာတယ်။
ကိုယ်အခု မြို့နာ ပြနာ ကျနေတယ်။
ပလက်ဖောင်းနံပါတ်ဟာ ၄၃ဟာ ကိုယ့်ခြေထောက်နဲ့ မတော်လို့။

နေပိုင်
၀၉.၀၈.၂၀၁၂
၀၃း၀၉

အိမ်ယာမဲ့



ငွေကြေးတွေသေပြီ။
ကိုယ် ဆိုးမိုက်လို့ မဖြစ်တော့ဘူး။
ပလက်ဖောင်းကပါ အိမ်ပေါ်ကနှင်ချရင် ခက်မယ်။

နေပိုင်
၀၃.၀၈.၂၀၁၂
ဝဝး၄၅

အလင်းဆိုင်ထဲ ကျန်ခဲ့တယ် ဇူလိုင်



ညဟာ ပြည်တည်နေသလား။
မီးချောင်းထဲမှာ ကူးစက်ရောဂါပိုးတွေရှိနေတယ် (၂၄)နာရီ။
ခွဲစိတ်ဓားကို မေ့ဆေးပေးပြီးမှ ကလေးယူပါ။

ဘုရားတ တိုင်းလည်း ဘုရားသခင်က
နှုတ်ဖျားကိုရောက်လာမှာမှမဟုတ်ဘဲ။
ကြောက်တတ်လွန်းလို့ ထမင်းရည်ပူစည်းကို အမြဲဦးသုံးကြိမ်ချတယ်။
ရှုံးနေပြီးသားကို ပန်းပေးလိုက်ခြင်းကလည်း ဇူလိုင်ပဲ။

အလင်းရောင်ငှားခ တစ်ရက်ဘယ်လောက်ကျလဲ။

ဓားနဲ့မထိုးရက်လို့တဲ့ ငွေထုပ်နဲ့ပေါက်တယ်။
အဲဒီ့နေ့က ဟီရိုရှီးမားမှာ ဗုံးကွဲတယ်။
ကိုယ်စောင့်နတ်က ကိုယ့်ကို လူပျောက်ကြော်ငြာထည့်တယ်။

နင်ငါ့ကိုမေ့လိုက်ပါဆိုပြီး
အရက်သမားဘယ်နှစ်ယောက် မွေးခဲ့ပြီးပြီလဲ။
ကိုယ့်ခြေမနဲ့ကိုယ် အိမ်ပေါ်က ခဏခဏဆင်းတယ်။

မသိစိတ်ကလည်း ခက်တယ်။
ခေါင်းအုံးထဲ နင့်နှုတ်ခမ်းရှိတယ်လို့ပဲ ထင်.. ထင်နေတယ်။


နေပိုင်
၀၁း၄၀
၃၀.၀၇.၂၀၁၂

အများပြည်သူသုံး တယ်လီဖုန်း



သူမရှိဘူး။
ဘယ်သွားလဲ ပြောမသွားဘူး။
စကားနှစ်ခွန်းနဲ့ တစ်မိနစ်ဟာ အဆိပ် ကျတယ်။
ဒီလိုနဲ့ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မသွားဖို့
အမှောင်ကိုရှင်အောင် ပြဿနာကို မီးထွန်းပြီးရှာတယ်။
ကိုယ်မနေနိုင်ဘူး။ ပြောင်းလဲသမျှအထင်ကရတွေ
ခုဆို..
ရန်ကုန်ဟာ သူ့နည်းသူ့ဟန်နဲ့ စကတ်ပိုတိုလာတယ်။
ပြောပြီးစလစ်နံပါတ်(၁)။ ပြည်ပထွက်ခွါ။
ရေမရှိခြင်း။ ဓာတ်လှေကားဆိုင်ရာ ဖျားနာမှု။
ကြားလား.. ကျားလား။
နိုင်ငံခြားသား ဖြစ်ချင်တာနဲ့ နိုင်ငံခြားသွားကြ။
နိုင်ငံခြားကို ဘာမှတ်နေလဲ။
နိုင်ငံခြားက ခွေးတွေသိပ်ကြီးတယ်။

အချိန်တော်တော်ကုန်သွားပြီ။
နောက်လူတွေလည်းစောင့်နေပြီ။
ခင်ဗျားပြောနေတာ တစ်ယာဖိုးမကတော့ဘူး။
ဟုတ်ကဲ့။ သူဘယ်အချိန်လောက်ပြန်ရောက်မလဲ။
ကျွန်တော်ဆံပင်ရှည်လာတဲ့နေ့ဆို
သူလည်း ဆက်သွယ်မှုဧရိယာပြင်ပနဲ့ နီးလာတယ်။
မှန်မကြည့်ဘဲ
အရက်မသောက်ဘဲ
စကားစမြည်မပြောဘဲ
ဂျင်းဘောင်းဘီ မဝတ်ဘဲ .. ရှင်တယ်။

ဖြစ်ချင်တော့ ရန်ကုန်ဟာ ရန်ကုန်မှာမရှိဘူး။
ရန်ကုန်ဟာ နယ်ဝေး..
ပယ်ပယ်နယ်နယ်ကို ဝေးတယ်။

တကယ်မေ့ပြီး
ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ပြီး
ပြက္ခဒိန်အနွမ်းလေးတွေကို သိမ်းထားတယ်။
ရန်ကုန်ဟာ အရင်လိုမဟုတ်ဘူး
ရန်ကုန်ဟာ ပျောက်လွယ်ရှလွယ် လာတယ်။ ကိုယ့်ကို။
မမြင်ခင်ကပဲ တံတွေးကို ထွီခနဲထွေးလို့
ရော့ခ်သီချင်းတစ်ပုဒ်ကို ကွမ်းယာလုပ်ဝါးလို့
မိုးလင်းဆိုင်တွေကို ယားနာလုပ်ပေါက်လို့
အသည်းယောင်ရောဂါဟာ မိုးသည်းတိုင်း သည်း..
တီ.. တီ.. တီ..
လူကြီးမင်း။

နေပိုင်
၁၈.၀၇.၂၀၁၂
၀၁း၁၈

ကိုယ်နဲ့မလိုက်တဲ့ အသေ



စိတ်က မနက်ခင်းတစ်ခုလို့ ကိုယ့်ဆီမှာ ခဏခဏ မိုးလင်းတယ်။
ကဗျာဟာ ကဗျာဖြစ်လို့မရဘူး ဂျူလီယာ။
ကိုယ့်တိုက်တာတွေကို ဘာလို့ ဆေးသုတ်နေကြသလဲ။
မနက်ဖြန်အကြောင်း ဝါးရံတာထိုးပြီး ကိုယ်ရပ်ကြည့်တယ်။
အရိပ်နဲ့ နေရောင်ခြည်ရဲ့ ဖြတ်သန်းသွားလာမှုများ။
အိပ်မက်ကို ဈေးကြီးပေးဝယ်ဖို့ သူမဟာ ညဥ့်ငှက်လေးတစ်ကောင်ဖြစ်သွားခဲ့/ရတယ်။
လက်သည်းနီတွေမခြောက်ခင်အထိ နှုတ်ခမ်းဟာ ခပ်ကွေးကွေး။ ခပ်သေးသေး။
စကားလုံးအကြီးကြီးနဲ့ မလိုက်အောင် သေးငယ်နေကြ။

ကိုယ်ဟာအရွယ်ရောက်ပြီးပြီ ဂျူလီယာ။
လမ်းကြုံတဲ့အခါ ယုံကြည်မှုကို တစ်ခါတည်း အခွန်ဆောင်ခဲ့ပါ။
ကိုယ့်ကိုကိုယ် မြစ်တစ်ခုလို့ သံသယမဝင်ခင်အထိ။
တံတွေးခွက်မဟုတ်လည်း မျောတယ်။

ဒုတိယပိုင်းရောက်ပြီ ဂျူလီယာ။
ရေအကျိုးဆယ်ပါးနဲ့ လူစားချင်းလဲပါ။
ပြီးမှ မိုးခိုးခေါင်းတိုင်လို့ ကိုယ့်ကို နာမည်မှတ်ပါ။

နေပိုင်
၀၄း၄၅
၁၇.၀၇.၂၀၁၂

လေး @ ရင်ဘတ် . လေး



ပြတင်းပေါက်မှန်တွေက ကိုယ့်စိတ်ကို ထောင့်မှန်ကျနေတယ်။
လေး ကိုမမြင်ရတဲ့နေ့မှာ ကိုယ်လည်း လေးနေတယ်။
ကိုယ်ဆေးမသောက်ဘူး 'လေး' ။ နံရံကပ်ပန်းချီတွေကလည်း လေး အကြောင်းပဲပြောတယ်။
ကိုယ်လက်ကောက်ဝတ်မှာ လေး အိပ်ဖို့ နာရီတစ်လုံးရှိတယ်။ လေး။
လေးနဲ့ပတ်သက်ရင် ကိုယ့်စိတ်ထဲမှာ လေးနေတယ်။
ကြိုးတိုတိုနဲ့ လှန်ထားလည်း ကိုယ် လေးနေမှာပါပဲ။ လေး။
ဘယ်လိုယုံကြည်မှုမျိုးက ကိုယ့်ကို အနာဖြစ်စေဦးမလဲ။
လေး။ ကိုယ်ဒဏ်ရာမရခင် ကမ္ဘာကြီးကို တစ်ခေါက်လောက်ဖူးချင်သေးတယ်။
လေးရဲ့ပါးပြင်ပေါ်က သနပ်ခါးတစ်ခုစာလောက်ပဲ ကိုယ်ကို ချစ်ပါ။ လေး။
ကမ္ဘာကြီးပူနွေးလာတဲ့နေ့က ကိုယ်လည်း လေး.. လာတယ်။
ပြောရရင် ကဗျာဆရာဆိုတာ လေးလွယ်ပါတယ်။ လေး။
ဒါကြောင့် ကိုယ်လည်း မြေအောက်ရထားအဖြစ် ပြန်ဝင်စားထားတယ်။

မီးရောင်တွေနဲ့ကိုယ် ဆိုက်အဖက်(side effect) ဖြစ်နေတယ်။
အရေပြားကိုရေမွှေးဆွတ်ထားလည်း လေးနေတာပါပဲ။
လေးမရှိတဲ့နေ့ဆို ကိုယ်ဆံပင်တွေသိပ်ရှည်တယ်။
လေး.. ရာပါရောဂါလို့ပဲပြောရမလား။ လေး။

ကိုယ်ခုတလော သိပ်ယားယံလွယ်နေတယ်။
အချစ်ဆိုတာလည်း မူရင်းကောင်းမှ မိတ္တူ စွဲ တာမျိုးပါ။ လေး။

ညဟာ နှစ်ကိုယ်ခွဲထားရင်တောင် လေး..ပါတယ်။ လေး။
အတတ်နိုင်ဆုံးတော့ ကိုယ့်ကိုမချစ်ဘူးလို့ လိမ်ပြောပါ။

နေပိုင်
၁၅.၀၇.၂၀၁၂
၀၄း၀၀

ကျွန်တော်တို့ပုခုံးပေါ်ကအိမ်(၂)



စစ် ဆိုတာဘာလဲသူငယ်ချင်း လို့
လက်တစ်ဆစ်စာ ကျည်ဖူးလေးက
ပုခုံးပုတ်ပြီးမေးလာတယ်...
ဒီအဖြေကိုသိနိုင်တဲ့လူဆိုလို့ နှစ်ယောက်ပဲရှိတယ်
ဟုတ်တယ်.. မင်းရယ်.. ငါရယ်။

တစ်သွေး တစ်သံ တစ်မိန့်လို
ငါ့မှာလည်း အသက်ကတစ်ချောင်းထဲ သူငယ်ချင်း
မင်းသေရမှာမကြောက်ဘူးလားလို့ မင်းမေးတုန်းက
ငါရယ်နေတယ်
မင်းသေရမှာမကြောက်ဘူးလားလို့ ငါမေးရင်လည်း
မင်းရယ်နေပါ...
ကမ္ဘာပေါ်မှာစစ်ကိုလိုလားတဲ့ စစ်သားဆိုတာမရှိဘူးဆိုရင်
အပြင်လူတွေယုံချင်မှယုံမယ်
အပြင်လူတွေဆိုတော့ အထဲမှာဘယ်သူတွေရှိလဲလို့ မင်းမေးချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။

မင်းသိထားတဲ့ဘဝနဲ့ ငါသိထားတဲ့ဘဝဆိုတာ
ထမင်းသိုးဟင်းသိုးကနေ မိုးခါးရေအထိ
သဲဝဲစားရောဂါကနေ ခြေပြတ်လက်ပြတ်အထိ
အောက်ဆီဂျင်ကနေ မိုင်းကွင်းအထိ
ဒီလိုပဲ..
ငါတို့ဘဝဆိုတာ ကိုယ့်ကိုကိုယ်ပြန်လှူထားရတဲ့ မိုးပျံပူဖောင်းလေးတွေလည်းဖြစ်တယ်
(ငါတို့ဆိုပေမဲ့လည်း အများကြီးမဟုတ်ပါဘူး)
ဘယ်သူတွေလဲဆိုတော့..
မင်းရယ်.. ငါရယ်။

ပလက်ဖောင်းပေါ်က ဂစ်တာသံတွေ
စတိတ်ခ်ျရှိုးလက်မှတ်တွေထက်
တရွှတ်ရွှတ်ဖြတ်ပြေးနေတဲ့ကျည်ဆံတွေ
တအုံးအုံးထကွဲနေတဲ့ မိုင်းတွေကို
ငါတို့ခေါင်းအုံးလုပ်အိပ်ကြတယ်
ဒီလိုပြောလို့ ရယ်ချင်ရယ်နေကြလိမ့်မယ်
ရယ်မယ့်လူဆိုလို့လည်း များများစားစားမရှိလှဘူး
အဲဒါ မင်းရယ်.. ငါရယ်။

ငါတို့ဆီမှာ
ဒုက္ခိတတွေ ရှိတယ်
မသန်မစွမ်းတွေရှိတယ်
ခြေပြတ်လက်ပြတ်တွေရှိတယ်
အားငယ်တတ်တဲ့ ဘယ်ဘက်အိပ်ကပ်ကလေးတွေရှိတယ်
သပြေခက်ရှိတယ်

ငါတို့ဆီမှာ
ရေခြားမြေခြားရှိတယ်
ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်း ရှိတယ်
ဝင်သက်ထွက်သက်ကလေးရှိတယ်
ဒုက္ခရှိတယ်
တမလွန်ရှိတယ်

ငါတို့ဆီမှာ
မိုင်ရှည်ခရီးရှိတယ်
ငိုသံတွေရှိတယ်
အိပ်မပျော်တဲ့ညတွေရှိတယ်
သေသွားတဲ့ရဲဘော်တွေရှိတယ်
သေသွားတဲ့ရဲဘော်တွေကို အလေးပြုနေတဲ့လက်တွေရှိတယ်
အလေးပြုနေတဲ့လက်တွေဆိုလို့ ဘယ်သူတွေများလဲလို့ မင်းသိချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။

သေခြင်းတရားက
trailer ပြလေ့မရှိဘူး
သေခြင်းတရားဆိုတာ
မင်းနဲ့ငါတစ်ယောက်တစ်ဝက်သောက်ခဲ့တဲ့
စီးကရက်တစ်လိပ်စာလောက်ပဲ သူငယ်ချင်း
စစ်သားဆိုတာ သေခြင်းတရားနဲ့ပတ်သက်ပြီးလည်း
လူပြောများတတ်သေးတယ်
ပြောမယ့်လူဆိုလို့လည်း နှစ်ယောက်ပဲရှိတယ်
အဲဒါ.. မင်းရယ်.. ငါရယ်။


နေပိုင်
၁၂.၀၃.၂၀၁၂
(တပ်မတော်နေ့အထိမ်းအမှတ်)
(P.S ကဗျာဆရာ ကိုကြည်သက်ဟန်၏ ကဗျာဟန်အား ပြန်လည်ခံစားထားပါသည်)

ကွင်းစကွင်းပိတ်ထဲကနေ့



ပကာသနဆိုလို့ များများစားစားမရှိလှဘူး
အမက်မောဆုံးကတော့
အိပ်မက်ထဲတဆတ်ဆတ်တုန်နေတဲ့ သစ်ရွက်လေးပါပဲ။

စိတ်ထဲချိန်ကိုက်နေတဲ့ ဗာဂျင်းလေးရှိတယ်
လက်ဖြန့်ထားတဲ့ညရေးညတာတွေနဲ့ ညနေလေးနာရီကိုတော့
ကိုယ်ကွင်းခတ်ပစ်လိုက်တယ်
ပုခုံးပေါ်ကို ဆံစတွေဖြတ်သန်းသွားလာပြီးတဲ့နောက်
ကိုယ်ဟာ ခေါင်းအုံးလေးဖြစ်သွားဖူးတယ်။

တကယ်တော့အိပ်မက်ဆိုတာ
ပေါက်ရပြောတတ်တဲ့ ကလေးဆိုးလေးပါပဲ။

မုန့်လင်မယားတွေခေါပစ်ခံလိုက်ရတဲ့ တစ္ဆေဟာ ကိုယ်ပဲလား။
ကိုယ်ဟာ ချောင်ပိတ်ခံထားရရင်တောင် ကုလားသေကုလားမောအိပ်နေတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ။

လက်ဖမိုးပေါ်က အဖြူရောင်ဖောင်းကြွရုပ်လေးဟာ
နံရံပေါ်ကစစ်ပွဲအတွက် အထိန်းအမှတ်
ပဲ့တင်သံကတော့ လှမ်းခေါ်နေတဲ့ကြားက
ထွက်ခွါသွားပြန်ပြီလေ။

နေပိုင်
၂၂.၀၂.၂၀၁၂

Effect တစ်ခုနှင့် ဂန္တဝင်ဆန်ဆန် သေဆုံးခြင်း ကိုယ်တို့



ကောင်းကင်ကို မော့ကြည့်လည်း ဂျူနိုကိုပဲမြင်ရတယ်။
အချိန်ကာလဟာ တစ်နည်းအားဖြင့် shock တစ်ခုဖြစ်သွား
လမ်းလွဲစ digital ရာသီဟာ သိပ်မဝေးပါလားလို့
ခံနိုင်ရည်မဲ့စွာ အသွင်ပြောင်းလဲပစ်တော့မယ့် တေးသွား
"ကိုယ်ဟာ လူယုတ်မာ ဖြစ်ကောင်းဖြစ်မယ်။
ကိုယ်ဟာ ကိုယ့်ဘက်ကိုယ်ယက်တတ်တဲ့ လူယုတ်မာ ဖြစ်ကောင်းဖြစ်မယ်"
အချစ်ဟာ အမျိုးသားရေးမဟုတ်တဲ့အတွက်
ဂျူနိုဟာလည်း ကိုယ်.. ကိုယ်ကျိုးစွန့်ခံမယ့် လက်ကောက်ဝတ်မဟုတ်ဘူး
"ရှင်ဟာလေ ကျွန်မကိုပဲ လိုက်စနေတော့တာပဲ" လို့/သူမ
ကိုယ်ဒဏ်ရာမရခင်က တုန့်ပြန်မှုတစ်ခုကို လိုအပ်ကြည့်ရ
ကောင်းမှန်းမသိဘူး။ ချစ်ရင်ချစ်တယ်လို့ ပြော/ပြီးမှ
ရလက်စ/ပြုစုလက်စ အစအနကို သေသေချာချာ သွေးထွက်ကြည့်
ပြက္ခဒိန်ဟာ ပြဿဒါးသေလို့ဝင်စားလည်း ကိုယ်
သရေအရှုံးပေးပြီးလောင်းမှာပဲ။ ကိုယ်တို့ယုံကြည်မှုဟာ
ကိုယ်တို့လက်ကောက်ဝတ်ထဲမှာပဲရှိတယ်။ အောက်မြောက်ထောင့်အရပ်၌ရှိသော
တွားသွားမှုတစ်ခုနဲ့ လိုက်လျောညီထွေဖြစ်ဖို့
ချွတ်ယွင်းနေခဲ့သလား။

လင်းယုန်ငှက်ကို မိတ်ကပ်သုတ်ပေးစရာအကြောင်း
မရှိဘူး(။)ကိုယ်တို့ နှစ်ယောက်ကလွဲရင်
ယုံကြည်မှုကို သူများအား ပေးမဖတ်ဘူး။
"ဟုတ်တယ်မလား" လို့ နယ်ရုပ်လေးက ကံကြမ္မာကို ခြေတစ်လှမ်းနဲ့
အစား/ခံ ပြတယ်။

ကိုယ်မကြိုက်တဲ့နယ်မြေတွေလည်း တိတ်ဆိတ်
စစ်ပွဲဟာ ကိုယ်တို့သွေးလန့်ဖို့
ဘယ်လည်ချောင်းထဲမှာမှ အသံကောင်းဟစ်မှာမဟုတ်ဘူး။
ထားတော့။ ကိုယ့်ကိုပဲ မင်းချစ်ရမှာ/သင့်တာ
အဆိပ်နဲ့လက်ကောက်ဝတ်ဟာ/မှာ
ပြောင်းပြန်သက်သက် စီးဆင်းတယ်။

နေပိုင်
၁၅.၀၆.၂၀၁၂