Friday, March 22, 2013

ဂျူနို



(၁)
မိုးမရွာ နေမပူဘဲ ခြောက်သွေ့နေသော ရာသီဥတုမျိုးကို ကိုယ်သိပ်ကြိုက်သည်။ ရန်ကုန်လို အရပ်ဒေသမျိုးတွင် ဆောင်းတွင်းပိုင်း၌ ထိုရာသီဥတုမျိုးဖြစ်ပေါ်တတ်သည်။ အင်းလျားကန် ရေပြင်ပေါ်တွင် မြူများဆိုင်းနေသယောင်၊ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ခြောက်သွေ့ နေသယောင်နှင့် အင်မတန်လွမ်းဆွတ်ဖွယ် ရာသီဥတုမျိုးပင်ဖြစ်သည်။
ထိုရာသီမျိုးကဲ့သို့ပင် လူမသိလူမသိရာသီဥတုကလေးတစ်ခုရှိသည်။ ဂျူနိုသည် စာရေးသည်။ ကဗျာရေးသည်။ သူမ .. ရေးသော ကဗျာ၊စာတို့သည် ကိုယ့်ရာသီစာကလေးများ ဖြစ်ကြသည်။ မိုးဦးကျ သရက်ကင်းလေးများ ပေါ်လာသလို သူမရင်တွင်း ရာသီဥတုပြောင်းလဲမှုပေါ် မူတည်၍ ကဗျာစာတို့ ဖြစ်ပေါ်လာတတ်သည်။ ထိုကဗျာတို့ စာတို့အား ကိုယ်က ရာသီစာကလေးများဟု တိတ်တိတ်ကလေး နာမည်ပေးထား၏။
ဂျူနို၏ ရာသီစာများတွင် အရသာစုံနေအောင် ပါဝင်နေတတ်သည်။ ဘေးအခန်းမှ မိဘနှင့် သားသမီး ရန်ဖြစ်တာပါ၏။ ထိုကောင်လေး အိမ်ပေါ်မှဆင်းသွားတာပါသည်။ ရည်းစားဟောင်း အကြောင်းပါ၏။ သူရောက်ခဲ့ဖူးသော ဆေးရုံအကြောင်းပါ၏။ နယ်မြို့ကလေးအကြောင်းပါ၏။ ထိုသို့အကြောင်းအရာ များစွာတို့တွင့် ကျွန်တော့်အကြောင်းလည်း နှစ်ခါ ပါဖူး၏။ ကိုယ့်အကြောင်း သူမ ဘယ်တော့များ ရေးမလဲဟု မျှော်လင့်ရသည်မှာ မဂ္ဂဇင်းတွင် ကိုယ့်စာမူ ဘယ်တော့များ ဖော်ပြခံရမလဲဟု မျှော်လင့်နေရသည်နှင့် တူ၏။

(၂)
ဂျူနိုသည် ကလေးတစ်ယောက်ကဲ့သို့ပင် တောက်တောက် တောက်တောက်နှင့် လျှောက်ဆော့နေတတ်သည်။ သူမ အများဆုံးကစားသော ကစားနည်းမှာ ပါဝါရိန်းဂျားနှင့် မိစ္ဆာကြီး ဖြစ်သည်။ သူက ပါဝါရိန်းဂျား အဝါကောင်ဟုပြောသည်။ ကိုယ်က မိစ္ဆာလုပ်ရသည်။ “ဘာလို့ မိစ္ဆာ လုပ်ရမှာလဲ” ဟု ကိုယ်သူ့ကို မေးသည့်အခါ “မင်းက မိစ္ဆာနဲ့ တူတာကိုး” ဟု ပြန်ပြောတတ်သည်။ ထိုအခါကိုယ်က ဆူပုတ်ပုတ် လုပ်နေတတ်သည်။ ဆူပုတ်ပုတ်လုပ်နေရင် ပါဝါရိန်းဂျားက နိုင်နေလို့ပေါ့။ ပါဝါရိန်းဂျားက အစမှာ နိုင်နေလို့မရဘူး။ ဒါမှ ပါဝါရိန်းဂျားက စက်ရုပ်ကြီးကို ခေါ်လို့ရမှာပေါ့ ဟုပြောသည်။ ကိုယ် သိပ်တော့နားမလည်သော်လည်း အလိုက်သင့်ပြုံးပြရ၏။
ဂျူနိုသည် ပါးစပ်က တတွတ်တွတ်ပြောနေတတ်ပြန်သည်။ ပါဝါရိန်းဂျား အကြောင်းပါသည်။ ထမင်းစားပြီး လျှင် ပန်းကန်မဆေးချင်သောကြောင့် အိမ်နောက်ဖေးတွင် ငှက်ပျောပင်စိုက်ကာ ငှက်ပျောရွက်နှင့် စားမည်ဟုလည်း ပြောသည်။ မိစ္ဆာလည်း ပါသည်။ လူဆိုးက အစောကြီးသေသွားရင် စက်ရုပ်ကြီးဘယ်ခေါ်လို့ရမလဲဟူ၍လည်း ပါသည်။ ထိုသို့သူမ တတွတ်တွတ် ပြောနေသည့်စကားများတွင် ကျွန်တော် သဘောအကျဆုံးမှာ “ကိုကို့ကို လေးသိပ်ချစ်တယ်” ဟူ၍ပင် ဖြစ်သည်။

(၃)
ဂျူနိုသည် ကိုယ့်အား ကိုကို ဟုခေါ်၍ ကိုယ်က ဂျူနိုအား လေးဟုခေါ်သည်။ ညီမလေးဟူသည့် အခေါ်အဝေါ်အား အဖျားဆွတ်ကာ လေး ဟု ခေါ်ခြင်းဖြစ်သည်။ ဒါတင်မက။ သူနှင့် ကိုယ့်ကြားတွင် နာမည်ပေါင်းများစွာရှိသေးသည်။
ဟေ့လူကြီး၊ ဝက်ကြီး၊ လူဆိုးကြီး၊ နဂါးစုတ်ကြီး၊ ခင်ဗျားကြီး ဟူသည့်နာမည်များဖြင့် သူမ ကိုယ့်အား ခေါ်ဝေါ်လေ့ရှိသည်။ ကြီး (၅) ကြီး ဟုပင် ကိုယ် အလွယ်မှတ်ထားရ၏။
ကိုယ်လည်း သူ့အားပြန်ခေါ်သည့်နာမည်များရှိသေးသည်။ သို့သော်ထိုနာမည်များကို ထည့်ရေးမိပါက သူမ ကိုယ့်ကို စိတ်ကောက်ဦးမည်။

(၄)
ဂျူနိုကျွမ်းကျင်သော အလုပ်မှာ ကိုယ့်ကို စိတ်ကောက်ခြင်းပင်ဖြစ်သည်။ ဒီနေ့ဘာနေ့လဲဟု မေးကာ စိတ်ကောက်တတ်၏။ သူစိတ်ကူးပေါက်သည့်အခါတွင်လည်း စိတ်ကောက်တတ်၏။ သူ ဘာကိုစိတ်ကောက်ရမှန်းမသိလျှင်လည်း ထိုအကြောင်းပြချက်ဖြင့် စိတ်ကောက်တတ်၏။ သို့သော် ကိုယ်သဘောကျမိသည်မှာ ဂျူနိုသည် စိတ်ကောက်လျှင် ကြာကြာမကောက်တတ်ခြင်းပင်ဖြစ်သည်။ သူမသည် အနည်းဆုံးတော့ တစ်ပတ်လျှင် နှစ်ရက်တော့ စိတ်ကောက်သည်။ ရုံးပိတ်ရက်နှင့် ရုံးဖွင့်ရက်တို့ ဖြစ်ကြသည်။

(၅)
ဂျူနိုသည် ကိုယ်တတ်ထားသည့် ပညာများကိုလည်း တတ်ချင်သေးကြောင်း ခဏခဏပြောလေ့ရှိသည်။ နားထောင်ကောင်းရုံ ဂစ်တာတီး သင်ခိုင်းသည်။ ဒါက ကိုယ်သင်ပေးနိုင်သည်။ နားထောင်ကောင်းရုံလောက်ကတော့ ကိုယ်လည်း တီးတတ်သည်။ ဘာရယ်မဟုတ်ဘဲ သူငယ်ချင်းသုံးယောက်အား ဂစ်တာတီးသင်ပေးဖူး၏။ သူတို့လည်း ကိုယ့်လိုပင် ဟိုဟိုဒီဒီတော့ တီးတတ်သွားကြသည်။
စကိတ်စီးလည်း သင်ခိုင်းသည်။ သိပ်မခက်ခဲလှပါ။ ခြေထောက်အနေအထား အယူအသိမ်း ဟန်ချက်မှန်လျှင် စီးတတ်ပြီ။ ခြေသားလုံး ပွန်းသည့်ဒဏ်တော့ သူခံရမည်။ ကိုယ်လည်း ထိုဒဏ်ရာမျိုး ရခဲ့ဖူးသည်။ နှစ်ရက်သုံးရက်နှင့် ပျောက်သည်။ စတန့်ထွင် စီးနိုင်သည် မဟုတ်သည့်တိုင် ဟိုသွားဒီသွားတော့ ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်လိမ့်မည်။
နောက်တစ်မျိုးမှာ စက်ဘီးစီး သင်ခိုင်းခြင်းဖြစ်သည်။ စက်ဘီးအကြောင်းပြောရင် ဆိုက်ကယ်ပါ ပါလာသည်။ မခက်ခဲလှပါ။ ဆိုက်ကယ်စီးတတ်ဖိုပ စက်ဘီးစီးတတ်ရုံနှင့် ဖြစ်သည်။ ပြဿနာမှာကားမောင်းသင်ခိုင်းခြင်း ဖြစ်သည်။ ကိုယ့်ဖေဖေက ကိုယ့်ကို ကားမောင်းသင်ပေးစဉ်က နှစ်ပတ်လောက်ကြာသည်။ ကိုယ့်မမကို သင်တော့ တစ်လခွဲနှစ်လလောက် ကြာသည်။ မိန်းကလေးတစ်ယောက်အား ရဲရဲတင်းတင်းမောင်းတတ်သည်အထိသင်ပေးဖို့ရာ သိပ်မလွယ်လှ ဟု ကိုယ်ထင်သည်။
နောက်ဆုံးတစ်ခုမှာ ဟင်းချက်သင်ခိုင်းခြင်းဖြစ်သည်။ ဟင်းချက်ခြင်းမှာ ကိုယ့်ဝါသနာမို့ သင်ပေးရန် မခက်ခဲလှပါ။ ထို့ပြင် ဟင်းကောင်းကောင်းချက်တတ်ရန်မှာ အစပ်အဟပ်တည့်အောင် စီမံခန့်ခွဲနိုင်ခြင်းက အဓိကဖြစ်သည်။ ဥပမာ ဝက်သားဆီပြန်ဟင်းဆိုလျှင် အအီစာဖြစ်သည်။ ထို့ကြောင့် ကင်ပွန်းရွက် ချဉ်ရည်ဖြစ်စေ၊ ချဉ်ပေါင်ရွက် ဟင်းချိုဖြစ်စေ တွဲချက်ပါက အအီပြေ၍ ထမင်းမြိန်မည်။ ထိုသို့သာ တွဲချက်တတ်ပါက ဟင်းချက်ကောင်းသည်ဟု ပြော၍ရမည်။
ထိုအတတ်ပညာများကို ဂျူနိုအား သင်ပေးရန် မခက်ခဲနိုင်ကြောင်း ကိုယ် ယုံကြည်သည်။ ဂျူနိုသည် တစ်စုံတစ်ခုကို မြန်မြန်ဆန်ဆန်ပင် တတ်မြောက်ကြောင်း ကိုယ်သိသည်။ ရည်းစားဖြစ်ပြီးချိန်မှ စ၍ ကိုယ့်အား “ကိုကို” ဟု ခေါ်ရန် ကိုယ်သင်ပေးဖူးသည်။ နှစ်ရက်အတွင်းပင် သူမ မြန်မြန်ဆန်ဆန် တတ်မြောက်သွားခဲ့သည်။

(၆)
ဂျူနိုသည် စကားလုံးပေါင်းများစွာကို တစ်ကြိမ်စီ လိမ်ပြောတတ်သူမျိုး မဟုတ်။ စကားတစ်ခွန်းတည်းကိုသာ အကြိမ်ပေါင်းများစွာ လိမ်ပြောတတ်သည်။ လိမ်ပြောခြင်းသည် တစ်ခါတစ်ရံတွင် ဆန့်ကျင်ဘက် အဓိပ္ပါယ် သက်ရောက်မှန်း ကိုယ်နားလည်ထားသည်။ 
လိမ်ပြောသူသည် လိမ်ပြောပါသည်ဟု ဝန်ခံလိုက်ပါက အမှန်တရားမှာ အခြား ဆန့်ကျင်ဘက် တစ်ခုဖြစ်မှန်း ရှင်းပြနေစရာ မလိုတော့ပေ။
ဂျူနိုသည် လိမ်ပြောသည်ဟု ဝန်ခံကာ လိမ်လည်နေမြဲဖြစ်သည်။ သူမ .. လိမ်ပြောသည့်အခါ ကိုယ် အမှန်တရားလေးကို သိခွင့်ရသည်။ သူမကို ကိုယ်ချစ်သလို သူမ လိမ်ပြောသည့်စကားလေးကိုလည်း ကိုယ်ချစ်သည်။ တခြားမဟုတ်။ မနက်ကပင် သူမ ကိုယ့်ကို လိမ်ပြောသွားသေး၏။
“မင်းကို မုန်းတယ်” ဟူ၍ဖြစ်သည်။ ထိုအခါ ကိုယ်က မင်းအခုလို လိမ်ပြောနေတာလေးကိုလည်း ကိုကိုချစ်တယ် ဟု ပြန်ပြောလိုက်သည်။


နေပိုင်
ဖေဖော်ဝါရီ ၂ဝ၁၃

No comments:

Post a Comment