Tuesday, April 2, 2013

ကျွန်တော်မို့ မသိပါ (မိတ္ထီလာမှ ဂျူဗင်တပ်စ်)



မိတ္ထီလာတွင်ဖြစ်သည်။ တစ်ဖက်မှလူက အရှိန်နှင့်ပြေးလာသည်။ တခြားတစ်ဖက်မှ လူကလည်း ထိုသို့အရှိန်နှင့်ပြေးလာသည်ကိုတွေ့သည်။ ထို့ကြောင့် ရင်ဆိုင်ရန်အသင့်ပြင်ထားသည်။ တဖက်မှ ပြေးလာသည့်လူက ပြေးလာသည့်အရှိန်နှင့် အံကြိတ်ကာ အားကုန်သုံး၍ ခြေထောက်ဖြင့် ပိတ်ကန်လိုက်၏။ ထိချက်မှာ ပြင်းလွန်းလှသဖြင့် တဖက်တွင် ရင်ဆိုင်ရန် အသင့်စောင့်ဆိုင်းနေသော လူခမျာ အရှိန်ပြင်းပြင်းပြုတ်ကျသွားသည်။ ထင်ထားသည့်အတိုင်းပင် တစ်ဖက်လူမှာ ပျော်မြူးသွားပြီး တစ်ဖက်လူမှာဖြင့် ကြေကွဲသွားရတော့သည်။ ဘောလုံးမှာ ဂိုးပေါက်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလေသည်။ စာရေးသူ ပြောချင်တာတွေ ပြောရမည်က ဤတွင် အစဖြစ်သည်။
ကိုယ်မသိတာတွေသိပ်များလှသည်။ အထက်ပါစာပိုဒ်အား အမှတ်တမဲ့ဖတ်လျှင် မည်သူကများ ယခုလက်ရှိအခြေအနေနှင့် ဘောလုံးပွဲတစ်ပွဲလို့ထင်ပါမည်လဲ။ ဘောလုံးပွဲတစ်ပွဲဟု ဘယ်သူက ကောက်ချက်ချပါမည်လဲ။ ကိုယ်မသိပါ။
ဘောလုံးပွဲဟုပင်ဆိုကြပါစို့။ ယခင်ခေတ်များတွင် ရေဒီယိုမှ ဘောလုံးပွဲအစီအစဉ် ကြေငြာခြင်းများ ရှိခဲ့သည်။ ကြေငြာပေးသူကလည်း တကယ်အမှန်ပင် အာပေါင်အာရင်းသန်သန်ဖြင့် နားထောင်ရသူ ကိုယ်တိုင်ဝင်ကစားနေရသည့်အလား ပြောပြနိုင်ပေသည်။ အမှန်တကယ် ဆင်နွှဲနေသည့် ဘောလုံးပွဲအား တကယ်ဖြစ်ပျက်နေသည့်အတိုင်းပင် တစ်ချိန်တည်းမှာပင် တပြိုင်နက် ကြေငြာနေခြင်းဖြစ်သည်။ ဤသည်မှာ မီဒီယာပင်ဖြစ်သည်ဟု ပြောရမည်လား။ ကိုယ်မသိပါ။ ယနေ့ခေတ် မီဒီယာများသည်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့်အတိုင်းကို ပြန်လည် ပြောပြပေးနိုင်ပြီလား။ ကိုယ်မသိပါ။
စာရေးသူ မသိသည့်ကိစ္စတွေကလည်း ခပ်များများပင်။ မြင်ရကြားရသည့် သတင်းများသည် မီဒီယာကြားခံဖြစ်နေသ၍ ကိုယ်မယုံရဲပေ။ မီဒီယာသည် အင်္ကျီညာဘက်အခြမ်းမှ ကြယ်သီးအား အင်္ကျီဘယ်ဘက်ခြမ်းသို့ ဖြောင့်ဖြောင့်တန်းတန်း တပ်ပေးရမည့် လက်တစ်ချောင်းဖြစ်သင့်သလား။ ကိုယ်မသိပါ။ ဖရိုဖရဲ ဟပြဲဖြစ်နေသည့် ရင်ဘတ်အား စေ့ပေးရန် အတတ်နိုင်ဆုံးအရာဖြစ်သည့် လက်သည် မီဒီယာ ဟုတ်ပါသလား။ ကိုယ်မသိပါ။
ချိန်ခွင်တစ်ခုတွင် တစ်ဖက်ခြမ်း၌ တစ်ပိဿာအလေးတုံးထည့်ထားသည်။ တခြားတဖက်ခြမ်း၌ ငါးဆယ်သားအလေးတုံး ထည့်ထားသည်။ တစ်ပိဿာအလေးတုံး ထည့်ထားသည့်ဘက်မှ လျော့ကျနေပြီး ငါးဆယ်သားရှိသည့်ဘက်မှ အလေးတုံးမှာ အပေါ်သို့ရှိနေမည်။ ချိန်ခွင်၏ ဝိသေသလက္ခဏာမှာ လေးသည့်ဘက်ကို လေးကြောင်းပြ၍ ပေါ့သည့်ဘက်အား ပေါ့ကြောင်းပြရမည်လား ကိုယ်မသိပါ။ ထို့အပြင် အရှိကိုအရှိအတိုင်း ၊ လေးသည့်ကို လေးသည့်အတိုင်း ပြရမည့် ချိန်ခွင်၏ သဘောသဘာဝသည် မီဒီယာနှင့် အလားသဏ္ဍာန်တူပါသလား။ ကိုယ်မသိပါ။ ကိုယ်မသိသည်များမှာလည်း များ များနိုင်လွန်းပါသည်။
မသိသည့်ကြားကပင် လူတစ်ချို့အကြောင်း ပြောပြချင်ပါသေးသည်။ ပထမ ပြောပြချင်သည့် လူမှာ Roberto Baggio (ရောဘတ်ဘက်ဂီယို) ဖြစ်သည်။ သူသည် အီတလီနိုင်ငံ ကာလ်ဒိုဂနို (Caldogno,Italy) မြို့တွင် ဖေဖော်ဝါရီလ ဆယ့်ရှစ်ရက် ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။ လူတိုင်းကြားဖူးသည့် နာမည်ကြီး ဘောလုံးသမား တစ်ဦးပင်ဖြစ်သည်။ကလပ်အသင်းပေါင်း ၇သင်းတွင် ကစားခဲ့ပြီး သူသည် ရှေ့တန်း၊ ရှေ့တန်းအချန်တိုက်စစ် နေရာများတွင် ကစားသူဖြစ်သည်။သူသည် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု၊ အီတလီ နိုင်ငံဘောလုံးအသင်း၏ ဂိုးအများဆုံးစံချိန်ရှင်၊ ၁၉၉၄ အတွက် ငွေဘောလုံးနှင့် ငွေဖိနပ် ဆုရှင် ၊ စီးရီးအေ အီတလီကောပါးဖလား နှင့် ယူအီးအက်ဖ်အေတို့တွင် အလွန်နာမည်ကြီးခဲ့သူဖြစ်သည်။
နောက်တစ်ဦးမှာ Alessandro Del Piero (အဲလက်ဇန်းဒရိုး ဒဲလ်ပီယာရို) ဖြစ်သည်။ သူသည် အီတလီနိုင်ငံ ကော်နီဂလီယာနို (Conegliano, Italy) တွင် နိုဝင်ဘာလ ကိုးရက် ၁၉၇၄ တွင် မွေးဖွားခဲ့သူဖြစ်သည်။ ငယ်စဉ်ကပင် သူငယ်ချင်းနှစ်ဦးဖြစ်သူ နယ်လ်ဆို နှင့် ပီယာပါအိုလို တို့နှင့် ကစားကွင်းထဲတွင် ဘောလုံးကစားခဲ့သူဖြစ်ပြီး ဘောလုံးဝါသနာထုံသူဖြစ်သည်။ ထိုဝါသနာဖြင့်ပင် ကြီးပြင်းအရွယ်ရောက်လာသည့်အခါ နာမည်ကြီးကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဂျူဗင်တပ် ဘောလုံး အသင်းတွင် ၁၉နှစ်ကြာအောင် ကစားခဲ့ပြီး ထင်ရှားသောကစားသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် တိုက်စစ်မှူးဖြစ်ပြီး တိုက်စစ်၊ အချန်တိုက်စစ်နေရာများတွင် ကစားသူဖြစ်သည်။ ထို့ပြင် လစာအများဆုံး ဘောလုံးသမား၊ ကြော်ငြာများစွာမှ အပိုဝင်ငွေအများဆုံး ရသည့်ကစားသမား ဖြစ်လာခဲ့သည်။ သူ၏ ဂိုးသွင်းအားကောင်းမှုကြောင့်ပင် ဖီဖာ၊ ယူအီးအက်ဖ်အေ တို့မှ ချီးမြှင့်သည့် ဆုပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ဖူးသူဖြစ်သည်။
တတိယ တစ်ဦးမှာ Zinedine Yazid Zidane ( ဇီဒန်း ) ဟု ပြောလျှင် လူတိုင်းသိပေလိမ့်မည်။ သူသည် ပြင်သစ်နိုင်ငံ မာဆေးလ်( Marseille, France) တွင် မွေးဖွားခဲ့သော အလယ်တန်းဖန်တီးရှင် ကစားသမားကြီးတစ်ဦးဖြစ်သည်။ သူသည်လည်း ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်ထိ ဂျူဗင်တပ်စ်အသင်းတွင် ကစားခဲ့သည့် ကစားသမားဖြစ်သည်။ သူ၏ နာမည်ကျော်ကြားမှုများမှာ လူအများအား ပြန်လည်ပြောပြရင် မလိုလောက်အောင်ပင် နာမည်ကြီးခဲ့သူဖြစ်သည်။ ဇီဒန်းကစားပုံ ဇီဒန်းကစားဟန် စသည်ဖြင့် လူအများကြားတွင် ပြောစမတ်တွင်အောင်ကို ဖြစ်ခဲ့သည်။ သူရရှိခဲ့သောဆုများအား ပြန်လည်ဖော်ပြနေရန်မှာ မလိုအပ်ဟုပင်ထင်သည်။
စာရေးသူမသိခြင်းတွေ ထပ်ပြောရဦးမည်။ ထိုဂျူဗင်တပ်အသင်းတွင် ကစားခဲ့သော ဘက်ဂီယိုသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည်။ ဒဲလ်ပီယာရိုသည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။ ဇီဒန်းသည် မူစလင်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။ စာရေးသူမသိသည်မှာ ဂျူဗင်တပ်အသင်းသည် အဘယ်ကြောင့် ဘာသာတရားခွဲခြားခွဲခြားမလုပ်ခဲ့သည်လည်းမသိပါ။ ယခု မြင်ရ ကြားရသလို ဘာသာရေးခွဲခြားပြနေသည့် မီဒီယာများ၏ လုပ်ရပ်ကို မသိပါ။ နားမလည်ပါ။ မပြောတတ်တော့ပါ။
အထူးသဖြင့် ဘက်ဂီယိုနှင့် ဒဲလ်ပီယာရိုတို့သည် တစ်သင်းတည်းတွင် ၁၉၉၃ မှ ၁၉၉၅ ထိ ဂျူဗင်တပ်အသင်းအတွက် ကစားခဲ့သူများ ဖြစ်သည်။ ကစားသည့်နေရာလည်း တူညီကြသည်။ သူတို့နှစ်ဦး ဘာသာမတူသည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့သည်လား ကျွန်တော်မသိပါ။ ခိုက်ရန်ဖြစ်ပွားခဲ့ပါကလည်း မီဒီယာများက အမှန်အတိုင်း ဖော်ပြခဲ့ပါသလား။ ကျွန်တော်မသိပါ။ တစ်ယောက်က ဘောလုံးမကန်ရအောင် တစ်ယောက်က အကောက်ကြံခဲ့ခြင်းမျိုးရှိခဲ့ပါသလား။ ကျွန်တော် မသိပါ။ ထို့ပြင် ဇီဒန်းသည် ကမ္ဘာ့ဖလားတွင် မာတာရာဇီအား ခေါင်းဖြင့်တိုက်ခဲ့ခြင်းသည်မှာလည်း ဘာသာမတူခြင်းကြောင့်ပါလား ကျွန်တော်မသိပါ။
ကျွန်တော်မသိခြင်းများသည် များလွန်းလှသည့်အတွက် သိချင်သည့်စိတ်ကလေးများ ဖြစ်ပေါ်မိပါသည်။ ထိုကြောင့် လိုက်မေးကြည့်ချင်ပါသည်။ မီဒီယာများဖော်ပြသည်ကိုလည်း သိချင် ဖတ်ချင်ပါသည်။ မီဒီယာများက သတင်းအမှန်ကို ပေးသည်မပေးသည်ကို ကျွန်တော်မသိပါ။ မည်သည့်မီဒီယာက အမှန်အတိုင်းပြောပြီး မည်သည့်မီဒီယာက အမှန်အတိုင်းမပြောသည်ကိုလည်း ကျွန်တော်မသိပါ။ အခွင့်ကြုံသည့်အခါတွင် မီဒီယာက ပြောပြမည့် သတင်းအမှန်အား ကျွန်တော်သိခွင့်ရလိမ့်မည်ဟု မျှော်လင့်မိပါသည်။

|| နေပိုင် ||
|| ၂၁ မတ် ၂၀၁၃||