ငါ့ဖေဖေက ငါ့ကို အဲ့ဒီလမ်းထဲမသွားရဘူးလို့
မှာထားတယ်။ ငါမှတ်မိသလောက် ဟိုဘက်အိမ်က ကြောင်မကြီး သားပေါက်တဲ့နေ့က ငါ့ကို ဒီလိုမှာထားတာပဲ။
တခါတလေ စိန်ပြေးလိုက်တမ်း ကစားရင်း အဲ့ဒီလမ်းထဲကို ငါရောက်ရောက်သွားဖူးတာပဲ။ ဖေဖေက
သူ့ဓားမြောင်လေးနဲ့ မြေကြီးကိုတူးပြီး တစ်ခုခုကို မြှုပ်နေတာ ငါမြင်တယ်။ ငါလည်းသိချင်တော့
မေးကြည့်တာပေါ့။ ဖေဖေဘာလုပ်နေတာလဲဆိုတော့ ဖေဖေက သစ်ပင်စိုက်နေတာလို့ပြောတယ်။ ဖေဖေကသစ်ပင်စိုက်တယ်သာ
ပြောတာ။ အထဲမှာ ကော်နဲ့လုပ်ထားတဲ့ ဗူးဝိုင်းလေး ငါတွေ့တယ်။ ဖေဖေက အထဲမှာ သစ်စေ့တွေအများကြီးထည့်ထားတာတဲ့။
ဟုတ်မှာပါလေ။ ငါမှသေချာမသိဘဲ။
အဲ့ဒီနောက်မှာ
ဖေဖေကငါ့ကို မှာတော့တာပဲ။ အဲ့ဒီလမ်းထဲကိုမသွားရဘူး။ အဲ့ဒီအပင်စိုက်ထားတဲ့ မြေကြီးပေါ်ကို
တက်မနင်းရဘူးတဲ့။ တက်နင်းလိုက်ရင်ဘာဖြစ်မှာလဲလို့ ငါထပ်မေးတယ်။ တက်နင်းလိုက်ရင် အပင်လေးသေသွားမှာပေါ့တဲ့။
ဘာပင်လဲလို့ငါမေးလိုက်တယ်။ ဖေဖေပြန်မဖြေဘူး။ အဲ့ဒီလမ်းထဲကိုမသွားဖို့ အဲ့ဒီအပင်ကိုတက်မနင်းဖို့ပဲ
ငါ့ကိုမှာတယ်။
ငါလည်းဖေဖေ့ကိုအားကျပြီး
ငရုပ်ပင်ကလေးစိုက်တယ်။ ငါစိုက်ထားတဲ့ ငရုပ်ပင်လေးဆို အတက်ကလေးကနေ ခုဆို အပင်ထွက်စပြုနေပြီ။
ငါကလည်း နေ့တိုင်းဂရုစိုက်ပေးတယ်။ ရေလောင်းပေးတယ်။ ဒါပေမယ့် ငါစဉ်းစားမိတာက ဖေဖေက သူစိုက်ထားတဲ့အပင်ကို
ရေလောင်းပုံမရဘူး။ ငါလောင်းပေးချင်လိုက်တာ။ နောက်မှစိုက်တဲ့ငါ့အပင်လေးတောင် ကြီးလာပြီ။
ဖေဖေစိုက်ထားတဲ့အပင်လေးက ခုထိပေါက်မလာသေးဘူး။
ငါဖေဖေ့ကို
ထပ်မေးတာပေါ့။ ဖေဖေ့အပင်ကလေး မပေါက်သေးဘူးလားလို့။ ဖေဖေကပြောတယ်။ အချိန်တန်ရင်တော့
ပေါက်မှာပေါ့သားရယ်တဲ့။ ဖေဖေ့အသံတွေ မာကျော နေတယ်။ သစ်ပင်ပေါက်လာခါနီး အရိပ်အယောင်မျိုး
ဖေဖေမျက်နှာမှာ ငါမတွေ့ရဘူး။ ဖေဖေ့အဲ့ဒီအပင်လေးကို ရေမလောင်းဘူးလားလို့ ငါထပ်မေးတော့
ရေမလောင်းရဘူးတဲ့။ အချိန်တန်ရင် သူ့အလိုလို ပေါက်မှာပါတဲ့။ ဟုတ်မှာပေါ့။ ဒါကြောင့်မို့လို့
ဖေဖေကော သူ့တပည့်တွေကော ဘယ်သူမှ ဂရုတစိုက်ရေမလောင်းကြတာကိုး။ ငါ သဘောပေါက်သွားတယ်။
ဖေဖေက
ငါ့ကိုသေနတ်ပစ် သင်ပေးတယ်။ ဒါပေမယ့် သူ့သေနတ်တွေကို ငါမှနိုင်နိုင်နင်းနင်း မကိုင်နိုင်ဘဲ။
သေနတ်ကြီးတွေက သိပ်လေးတာ။ ကျည်ဆံမပါဘဲ ဖေဖေက ငါ့ကိုပစ်ခိုင်းတာ။ ဖေဖေကတော့ ပစ္စတိုလို့ပြောတယ်။
ဖေဖေအတွက်က သိပ်မလေးပေမယ့် ငါ့အတွက်က သိပ်လေးတာ။ အမှန်ဆို ငါကသေနတ်ပစ်ချင်တာမှမဟုတ်ဘဲ။
စာပဲသင်ချင်တာ။ ငါစာရေးတတ် ဖတ်တတ်ချင်တယ်။ ငါစာတတ်မှ ငါ့မေမေကို ရှာလို့ရမှာပေါ့။ မေမေ့ကိုရှာဖို့ဆိုတာ
မေမေနေတဲ့လိပ်စာကို ဖတ်တတ်ရမယ်လေ။
တစ်ရက်ကျတော့
ဖေဖေက မိန်းမတစ်ယောက်အိမ်ခေါ်လာတယ်။ ပြီးတော့ ဒါသားမေမေလို့ ပြောတယ်။ ဒါငါ့မေမေမဟုတ်မှန်း
ငါသိတာပေါ့။ ဖေဖေကပြောတယ်။ သားကိုမွေးတာမဟုတ်လည်း သားမေမေတော်လို့ရတယ်တဲ့။ ဖေဖေလိမ်တာ။ အဲ့ဒါဆိုရင် မြို့ပေါ်ကျောင်းတွေက ဆရာမလှလှလေးတွေက
သားမေမေလား။ ဖေဖေတို့ထဲက ဆေးကုကုပေးတဲ့ အန်တီဒေါက်တာကကော သားမေမေလား။ ဟုတ်မှမဟုတ်ဘဲ။
ဖေဖေ ငါ့ကိုလိမ်တယ်။ ငါဖေဖေ့ကို စိတ်ဆိုးတယ်။ ဒါနဲ့ပဲ ဖေဖေငါ့ကိုမသွားနဲ့လို့မှာထားတဲ့
လမ်းထဲကို ငါသွားတယ်။ ဖေဖေစိုက်ထားတဲ့ အပင်လေးကို ငါနင်းချေပစ်မယ်။ ပေါက်ခါစအပင်လေးတွေတောင်
နင်းချေပစ်လိုက်ရင် သေသွားကြတာပဲမဟုတ်လား။ ငါအဲ့ဒီလိုဆုံးဖြတ်ပြီး အဲ့ဒီအပင်လေးရှိရာကို
ခပ်ပြင်းပြင်း နင်းချလိုက်တယ်။
ဒိန်း… ဆိုတဲ့အသံ အကျယ်ကြီးငါကြားလိုက်ရတယ်။
ငါလည်း လေထဲကို မြောက်တက်သွားတယ်။ အပင်ကလေး မြေကြီးကိုထိုးဖောက်ပြီး ထွက်လာချိန်နဲ့
ငါတက်နင်းတဲ့အချိန် တိုက်ဆိုင်သွားပုံရတယ်။ ဒါကြောင့် အပင်ကလေးက သူ့အပေါ်ကရှုတ်နေတဲ့
ငါ့ခြေထောက်ကို တွန်းထုတ်ပစ်လိုက်တာနေမှာ။ ဒါပေမယ့် သူအပင်ပေါက်လာတဲ့ အရှိန်ဟာ သိပ်မြန်တာပဲ။
ဘယ်လိုအပင်များလဲ..
ဘယ်လိုအပင်များလဲ…ကွယ်။
ငါမြေကြီးပေါ်ကို ပြန်အကျမှာ ငါအပင်လေးကို
လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ငါမမြင်ရတော့ဘူး။ ငါ့အမြင်တွေ တဖြည်းဖြည်းနဲ့ ဝေဝါးလာတယ်။
အဲ့ဒီနောက်မှာ … ငါ ဘာဆိုဘာမှ မသိတော့ဘူး။ ဒါပေမယ့် အဲ့ဒီ့နေ့က ဖေဖေစိုက်ထားတဲ့အပင်ကလေး
ပေါက်လာတာ ငါသိလိုက်တယ်။
နေပိုင်
၃၁.ဝ၁.၂ဝ၁၃
ကြသပတေးနေ့
No comments:
Post a Comment