Thursday, April 18, 2013

ခြင်ကိုက်လို့



သူ.. ကျွန်မနားမှာ လာပြီး ရစ်သီရစ်သီလုပ်နေတယ်။
ဘယ်လိုမှ ပြောလို့ဆိုလို့ကို မရဘူး။
နည်းနည်းလောက်မှ ဒေါသထွက်ကြောင်းမပြရင် ပွတ်သီးပွတ်သပ်
လုပ်တဲ့အထိ ရောင့်တက်လာရော။ နည်းနည်းလောက်မှောင်လာပြီဆို သူ့
နှာခေါင်းကြီး ကားကားကားကားနဲ့ ရောက်ရောက်လာတယ်။ အဲဒီနှာခေါင်းက
သိပ်စိတ်ပျက်စရာကောင်းတာပါပဲရှင်။ ရောက်လာတဲ့အခါတိုင်းလည်း အပေါင်းနဲ့
အသင်းနဲ့။ ဂစ်တာမပါပေမဲ့ သူ့အသံသေးအသံကြောင်နဲ့ အနှောက်အယှက်
ပေးတော့ အိပ်ရေးပျက်ပေါင်းလည်း များလှပါပြီ။ ကျွန်မအထင်ပြောရရင်
သူ့အဖေနဲ့ အမေက သူ့ကိုမဆုံးမဘူးထင်ပါရဲ့။ (ဒါမှမဟုတ် ဆုံးမလို့မရတာလည်း ဖြစ်နိုင်တယ်)
နောက်ပြီး ကျွန်မကို နှောက်ယှက်သလိုမျိုး တခြားသူတွေကော သူ
နှောက်ယှက်နေကျပဲလား။ ဒီတစ်ခါများ သူပွတ်သီးပွတ်သပ် လာ
လုပ်ရင် အသရေဖျက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ
ပစ်မိတော့မှာ။ ဒီလောက်ခြိမ်းခြောက်လည်း ထူးမယ်မထင်ပါဘူးလေ။ သူက
သတ္တိပဲကောင်းလွန်းတာလား၊ သိပဲမသိတာလား။ ကျွန်မ
လက်ခုပ်တစ်ချက်တီးလိုက်တာနဲ့ သူဘဝပျက်သွားနိုင်တယ်။ သွားကြပါ
ရှင်။ ရှင်တို့ကို ကျွန်မ မနှောက်ယှက်သလို ကျွန်မကိုလည်း ရှင်တို့ မနှောက်ယှက်ကြပါနဲ့။ ဒီလိုမှမဟုတ်ရင်
ရှင်တို့ကို သတ်ရင်သတ် မသတ်ရင် ကျွန်မခြင်ထောင်ထဲ ဝင်လိုက်တော့မယ်။


နေပိုင်
၁၈း၂၈
၂၈.၀၅.၂၀၁၂

No comments:

Post a Comment