Friday, March 29, 2013
ဖျားနာခြင်း
ကမ္ဘာကြီးက မျက်မှန်တပ်ပြီး (ကိုယ့်ကို) မျက်စောင်းထိုးလိုက်ပြီ။
စိုးရိမ်စိတ်က လည်ချောင်းထဲမှာမှ လာပြီး ကျို့ထိုးနေတယ်။
ကိုယ်ကလည်း ကိုယ်ပဲ။
လွမ်းတာကို လွမ်းတယ်လို့မပြောဘူး..
အိပ်ရေးပျက်ခံတယ်။
အရိပ်နဲ့မလွတ်တဲ့ ဦးထုပ်လေးလိုပဲ။
ကိုယ့်ကိုကိုယ်လည်း ဖမ်းမမိတော့ဘူး။
"ရှင်ကလေ.. သိပ်ကလေးဆန်တာပဲ" လို့
သစ်ကိုင်းခြောက်လေးက စိတ်ဆိုးတယ်။
"ပြောရင်လည်း ရှင်.. ရင်နာရဦးမှာပဲ
ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရဦးမယ်
ကျွန်မ ရှင့်ကို မယုံကြည်သေးဘူး"
ရေစင်အောင်ဆေးထားတဲ့စိတ်ဟာ မပြောင်သေးမှန်း ကိုယ်သိလိုက်ရတယ်။
ရှင့်ကို ကျွန်မ.. မချစ်ဘူးဆိုလည်း လူသတ်လို့ရနေတာပဲ။
ကိုယ်ကတော့ " မင်းကိုချစ်တယ်" လို့ ကိုယ့်ကိုကိုယ် ပြန်ဆဲထားတယ်။
ဟုတ်ပါတယ်။
ကိုယ်ဟာဒဏ်ရာရနေတဲ့
အေမိုင်နာ(Am)ကောဒ့်ကြီးပါ
အိပ်မက်ထဲက 'သွား' ရာလေးကို
လက်မောင်းပေါ်ပြန်ဝင်စားစေချင်တာတောင်
ကိုယ်က " ချစ်တယ်.. ချစ်တယ် " လို့ပဲ အမျှဝေတတ်တဲ့ကောင်။
မင်းက ကိုယ့်ကိုမယုံကြည်ဘူး။
အချစ်ကို ပြစ်မှားတယ်။
ကိုယ့်မှာ ရှေ့ဆက်တိုးစရာ ဖိနပ်မှမရှိဘဲ
မင်းမရှိတဲ့အခါကျရင် ညနေငါးနာရီခွဲလေးကို
ကျိုချက်ပြီးမှပဲ ကိုယ်လွမ်းပါတယ်
ပိုးမွှားသန့်စင်လို့လားမသိဘူး
အချစ်ဆိုတဲ့အသံကြားတာနဲ့ ကိုယ်ဖျားနာရတယ်။
-ကျွန်မ ပြန်တော့မယ်။
-ကိုယ်လွမ်းနေတာလေး မေ့ကျန်ခဲ့ဦးမယ်။
-လွမ်းနေရင်သိမ်းပေးထားပေါ့။
အချစ်ဟာ ကိုယ့်ကို
အကုသိုလ်အယောင်ဆောင်ပြီး
နဖူးတောက်သွားပြီ
တစ်ခုပဲရှိတော့တယ်
အနက်ရောင်မျက်မှန်လေးကို မီးလှုံမနေတော့ဘူး
ကိုယ်နားထင်ကိုပဲ ကိုယ်.. သေနတ်နဲ့ဆေးထိုးမယ်။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment