Wednesday, April 3, 2013

ဟွန်းသံကင်းမဲ့ဇုန်သာ ဖြစ်စေချင်ပါသည်



စိတ်ထဲတွင် ဆောင်းပါးတစ်ပုဒ်ရေးချင်စိတ် ဖြစ်နေမိသည်။ ဘယ်ကစရေးရင်ကောင်းမလဲ။ ပြောချင်သည့် အကြောင်းအရာများ။ Message ပေးချင်သည့် ကိစ္စများ။ တေးတေးထားပြီး မရေးဖြစ်သော စကားလုံးများစွာ။ များစွာများစွာတို့နှင့် မရေးဖြစ်သည်မှာ ကြာခဲ့ပြီ။ ယခုရေးမည်ဆိုတော့ မိုးသောက်ပန်းဂျာနယ်ကပင် စရေးမည်။

ကျွန်တော်ငယ်ငယ်က မိုးသောက်ပန်းဂျာနယ် အဖတ်များခဲ့သည်။ ကာတွန်းပေါင်းများစွာ ရယ်စရာ ဟာသပေါင်းများစွာ ဗဟုသုတများစွာနှင့် ကလေးတစ်ယောက်အတွက် နားလည်လွယ်သောကြောင့် ကလေးပီပီ မိုးသောက်ပန်းဂျာနယ်ကို ကြိုက်ခဲ့ဖူးသည်။ ယခုဖော်ပြမည့် အကြောင်းအရာမှာ မိုးသောက်ပန်းဂျာနယ် မည်သည့်အတွဲ မည်သည့်အမှတ်စဉ်၊ မည်သည့်နှစ် မည်သည့်လထုတ်မှန်း မမှတ်မိတော့ပါ။ သေချာသည်က ကျွန်တော်ကလေးဘဝက ဖြစ်သည်။

ရုပ်ပြကာတွန်းမှာ ဤသို့ဖြစ်သည်။ မြို့ထဲမီးပွိုင့်တစ်ခုတွင် ကားပေါင်းများစွာရှေ့၌ လှည်းတစ်စီးရောက်ရှိနေသည်။ မီးနီနေချိန်မို့ မီးစိမ်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ မြို့လည်ခေါင်မို့ ကားပေါင်းများစွာနှင့် ရှုတ်ရှုတ်ယှက်ယှက် နိုင်လွန်းလှသည်။ အချိန်စေ့၍ မီးပွိုင့်မီးစိမ်းသွားသောအခါ ကားပေါင်းများစွာက ကားစက်သံ တဗျင်းဗျင်းနှင့် စတင်ထွက်ခွါရန် တာဆူကြသည်။ ဖြစ်ချင်တော့ ရှေ့ဆုံးမှ လှည်းက အထွက်တွင် လမ်းချိုင့်ခွက်ထဲသို့ ဘီးကျွံသွား၏။ နွားများ၏ ရုန်းအားဖြင့် ဆွဲသော်လည်း မရ။ လှည်းမှာ နေမြဲသာ ဖြစ်နေ၏။ လှည်းပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည် အမျိုးသားနှစ်ဦး လှည်းပေါ်မှဆင်းကာ အားစိုက်တွန်းကြသည်။ အခြေအနေမှာ မထူးခြား။ လှည်းမှာ ရပ်မြဲရပ်နေဆဲသာဖြစ်၏။ အချိန်တရွေ့ရွေ့နှင့် ကားများထံမှ ကားဟွန်းသံများထွက်ပေါ်လာ၏။ လှည်းနောက်တွင် အားစိုက်တွန်းနေသူ အမျိုးသားနှစ်ဦး ချွေးများ ရွှဲနစ်နေကြပြီ။ ထပ်မံ၍ ကားများထံမှ ဆဲဆိုသံများ ထွက်ပေါ်လာပြန်၏။ လှည်းမှာ မရွေ့နိုင်သေး။

ထိုအခိုက် ပလက်ဖောင်းပေါ်မှ လူငယ်လေးတစ်ဦးက ထိုအခြေအနေ အဖြစ်အပျက်ကို မြင်၏။ ပုဆိုးကိုခပ်တိုတို ပြင်ဝတ်၏။ သူ၏ခြေလှမ်းများက လှည်းနောက်သို့ ဦးတည်သွားရောက်ကာ လွတ်နေသောနေရာမှ ကူညီကာ အားစိုက်တွန်းပေးလိုက်၏။ အမျိုးသား သုံးဦး၏ အားနှင့်မို့ လှည်းမှာ ချိုင့်မှ လွတ်ကာ စတင်ရွေ့လျား ထွက်ခွါသွား၏။ ထိုလူငယ်လေးလည်း ကိုယ့်လမ်းကိုယ်ဆက်သွား၏။ ရုပ်ပြကာတွန်းလည်း ဤတွင် ပြီး၏။

ငယ်ငယ်က ကလေးဦးနှောက်နှင့်မို့ မြို့လည်ခေါင်တွင် လှည်းမောင်းနှင်သည်မှာ ဖြစ်နိုင်မဖြစ်နိုင်ကို မတွေးမိခဲ့။ (အမှန်တကယ် တွေးရန်လည်း မလိုပါ။) ယနေ့ခေတ် မျက်စိရှေ့တွင်မြင်ရသော၊ နားထဲတွင်ကြားရသော အသံများ နှင့် ဆက်စပ်၍ ထိုရုပ်ပြကာတွန်းလေးအား အမှတ်ရမိသည်။ ထိုလူငယ်လေးက စကားတစ်ခွန်းမှမပြောဘဲ လုပ်သင့်လုပ်ထိုက်သည်ကို သူဝင်လုပ်သွား၏။

ယခု ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသား လူတိုင်းလူတိုင်းသည် လှည်းဘီးလမ်းကျွံနေသည့် အခြေအနေတစ်ရပ်ကို တွေ့ကြုံနေရသည်။ မြင်တွေ့သမျှတွင် ပိုက်ဆံချမ်းသာ၍ ကားစီးနိုင်သူများက ဟွန်းတီးကြသည်။ ဘတ်စ်ကား စီးသူများက တဗျစ်တောက်တောက် ပြောဆိုကြသည်။ စပယ်ယာများက ဆဲဆို မေတ္တာပို့ကြသည်။ လှည်းအား မနိုင်မနင်းတွန်းနေသူများက ချွေးသံတရွှဲရွှဲ ဖြစ်နေသည်။ လမ်းပေါ်မှ လူများကလည်း ကိုယ်နှင့်မဆိုင်သလို ကိုယ့်လမ်းကိုယ်သွားနေကြသည်။

(ကျွန်တော်တို့တွင် ကြိုက်ရာရွေးချယ်နိုင်သည့် အခွင့်အရေးရှိသည်ဆိုကြပါစို့။) ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်သင့်နေပြီ ဖြစ်သည်။ ကိုယ်သည် ဟွန်းတီးနေမိသူတစ်ယောက်လား။ တဗျစ်တောက်တောက် ပြောနေမိသူတစ်ယောက်လား။ ဆဲဆိုနေမိသူ တစ်ယောက်လား။ မဆိုင်သလို ကိုယ့်လမ်းကိုယ်သွားနေမိသူတစ်ယောက်လား။ မနိုင်မနင်း လှည်းတွန်းနေမိသူတစ်ယောက်လား။ အမှန်တကယ်ကို သုံးသပ်သင့်နေပါပြီ။ လှည်းအနေနှင့်လည်း စကားတစ်ခွန်းမှ မပြောဘဲ လုပ်သင့်လုပ်ထိုက်သည်ကို ဝင်လုပ်သွားသော လူငယ်ကဲ့သို့ လူငယ်ပေါင်းများစွာကို အမှန်တကယ် လိုအပ်နေပါသည်။ ကျွန်တော့်ဆန္ဒအရ ပြောရလျှင်လည်း ထိုတာဝန်သိလူငယ်ကဲ့သို့ လူငယ်ပေါင်းများစွာနှင့် ဟွန်းသံကင်းမဲ့ဇုန်သာ ဖြစ်စေချင်မိပါတော့သည်။



နေပိုင်
၂၆.၀၅.၂၀၁၂
(အကိုးအကား-မိုးသောက်ပန်းဂျာနယ်)
(အတွဲ အမှတ်စဉ်- မမှတ်မိ)

No comments:

Post a Comment