Wednesday, April 3, 2013

ကျောင်းမဖွင့်မီ

ကျောင်းတံခါးများ ဖွင့်ထားခြင်းသည်

ကျောင်းတံခါးများ ဖွင့်ထားခြင်းသည် အကျဉ်းထောင်တံခါးများ ပိတ်ထားခြင်းပင်ဖြစ်သည်ဟူသော အနောက်တိုင်းစကားပုံတစ်ခုသည် ဤဇာတ်လမ်းနှင့် မသက်ဆိုင်ပါကြောင်း။ ---နေပိုင်---

**********

ဇနီးဖြစ်သူ ဆုံးပါးသွားခြင်းက ကိုကြင်ဆောင်အတွက် အကြီးမားဆုံး ထိုးနှက်ချက်ပင်ဖြစ်ခဲ့သည်။ လူလားပင် မမြောက်သေးသော သားလေးအတွက်သာ သူအလုပ်ထဲတွင် စိတ်ကို နှစ်ထားခဲ့သည်။ မိတဆိုးသားလေးဖြစ်သော်လည်း သားလေးအား တင့်တင့်တယ်တယ်ထားနိုင်ရင် ပိုက်ဆံသာ အသည်းအသန်ရှာရင်း အချိန်တွေ ကုန်ခဲ့သည်။ ဇနီး ဆုံးပါးသွားသည့်ကိစ္စက ထင်သလောက်မေ့ဖျောက်ရန် မလွယ်လှ။ သားလေးနှင့်သူ တရင်းတနှီးနေမိတိုင်း သူ့ဇနီးကို သူသတိရတတ်သည်။

ကိုကြင်ဆောင်က စီးပွါးအရှာကောင်းသည်။ အသောက်အစားကင်းသည်။ လိမ္မာပါးနပ်သည်။ ကုန်သွယ် ပွဲစားအလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်သည်။ သူစီးပွါးအရှာကောင်းသောကြောင့်ပင် မိသားစုကို လိုလေသေးမရှိထားနိုင်သည်။ ပြည့်ပြည့်စုံစုံထားနိုင်သည်။ ကိုယ်တိုင်ကလည်း ဆွေးမျိုးရင်းချာအလွန်နည်းပါး ဇနီးဖြစ်သူကလည်း မိဘနှစ်ပါးအပြင် တခြားမရှိ။ ထို့ကြောင့်ပင် ဇနီးဖြစ်သူ၏ မိဘနှစ်ပါးကို သူတို့နှင့်အတူ ခေါ်ထားသည်။ အိမ်တွင် အခန့်သားနေစေ၍ စီးပွါးကို သူတစ်ယောက်တည်းရှာသည်။ မိန်းမဖြစ်သူက ကိုကြင်ဆောင်လောက် မလည်ဝယ်သော်လည်း အိမ်မှုကိစ္စ အဝဝနှင့် သားလေး၏ ဝေယျာဝစ္စများ မိဘနှစ်ပါး၏ ဝေယျာဝစ္စများလောက်တော့ သူမ လုပ်နေကျ အလုပ်ပင်ဖြစ်သည်။

မမျှော်လင့်ပါဘဲ ဇနီးဖြစ်သူ ဆုံးပါးသွားသည့်အချိန်မှစ၍ ကိုကြင်ဆောင်တစ်ယောက် အလုပ်ထဲတွင်သာ စိတ်ကိုနှစ်ထားလိုက်သည်။ ယခင်က ကိုယ်စားလှယ်ဖြင့်လွှဲထားသော ကိစ္စများကို ယခုအခါ သူကိုယ်တိုင် နယ်တကာလှည့်၍ လုပ်ကိုင်သည်။ စီးပွါးကိုပိုရှာသည်။ တခါတရံ မိသားစုဝင်တစ်ယောက် လျော့သွားသောအိမ်အတွက် စီးပွါးပိုရှာနေမိသည်ကိုပင် သူရယ်မောမိ၏။ သို့သော် စိတ်ထဲတွင်မပျော်။ ဇနီးဖြစ်သူအား မေ့မေ့ပျောက်ပျောက်မဖြစ်။ စိတ်ပိုင်းဖြတ်မရသည့်အဆုံး သူတို့နေထိုင်ရာ မြို့ငယ်လေးအား စွန့်ခွါကာ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လိုက်၏။

ရန်ကုန်တွင် အစစအရာရာ စရိတ်စက ကြီးသည်။ အဆက်အသွယ်နှင့် အိမ်ဝယ်ရသည်။ ရန်ကုန်အိမ်ဖြစ်သောကြောင့် တိုက်ခန်းဖြစ်သည်။ စမ်းချောင်းထဲတွင်ဖြစ်သည်။ အချက်အချာကျသော နေရာဖြစ်သော်လည်း လှည်းတန်းလိုမျိုး ဆူဆူညံညံမရှိလှ။ ဆိတ်ငြိမ်ရပ်ကွက်မျိုးဖြစ်သည်။ 

အိမ်ဝယ်ပြီးသော်လည်း အသင့်ပြောင်းနေရန်မဖြစ်သေး။ အိမ်ကို ပြင်ဆင်ရသေးသည်။ ကြမ်းခင်းခင်းရသည်။ လက်သမားများနှင့် စကားပြောရသည်။ နံရံကို ပတ်တီးကိုင်ကာ ဆေးသုတ်ရသည်။ အခန်းဖွဲ့ရသည်။ တစ်ယောက်တည်းအလုပ်ရှတ်နေရသည်။ မိန်းမကို ထပ်ပင်သတိရမိနေသေး၏။ ဇနီးဖြစ်သူသာ အနားမှာရှိလျှင် တိုင်တိုင်ပင်ပင်နှင့် ပျော်စရာကောင်းမည်မဟုတ်လား။ ခုတော့ တစ်ယောက်တည်းသာ အလုပ်ရှုတ်နေရ၏။ ဆယ့်ငါးရက် ရက်နှစ်ဆယ်အတွင်း အသင့်ဖြစ်သွား၏။ သူတို့မိသားစုလိုက် ပြောင်းလာကြကာ အခြေချ နေထိုင်ကြ၏။

**********

ဒန်ပေါက်ထဲသို့ ငံပြာရည်ကြော်ထည့်၏။ ဇွန်းနှင့်အလှခပ်ကာ ပါးစပ်ထဲသို့ထည့်၏။ ထို့နောက် ချဉ်ပေါင်ဟင်းချိုအား မွှေခပ်၏။ ငရုပ်သီးအစိမ်းတောင့်ကလေးပါလာသောကြောင့် ပန်းကန်ထဲပြန်ထည့်၏။ ထို့နောက် ငရုပ်သီးမပါအောင် ပြန်ခပ်၏။ နှုတ်ခမ်းနားတေ့ကာ အသာမှုတ်သောက်၏။

“ချဉ်ပေါင်ဟင်းချိုတော်တော်ကောင်တာပဲဗျ ။ ဘယ်ဆိုင်က မှာတာလဲ”

“ဒန်ပေါက်ပဲမှာတာ ချဉ်ပေါင်ဟင်းချိုက မေမေချက်တာလေ။ အအီပြေလေးပေါ့”

“ဟုတ်တယ်။ ဒန်ပေါက်ချည်းသက်သက်ဆို အီနေမှာ။ ချဉ်ပေါင်ဟင်းချိုဆိုပေမယ့် ကျွန်မက အစပ်ကလေးပါထည့်ချက်တာ။”

“ကြီးကြီး အဲ့ဒါဘယ်လိုချက်လဲ ဟင်းချိုက သာမန် အချိုမှုန့်ထည့်လို့ ချိုပုံနဲ့မတူဘူး”

မေမေ ပြုံး၏။ ရန်ကုန်ရောက်ပြီးပြီးချင်း ပထမဆုံးအလှူအဖြစ် အိမ်တက်ပွဲတွင် မေမေ၏ ချဉ်ပေါင်ဟင်းချိုအား လူတိုင်းက ချီးမွမ်းခန်းဖွင့်ကြ၏။ မေမေရော ကိုကြင်ဆောင်ပါ ပျော်ရသည်။

“ဒီလိုကွယ့် ကြီးကြီးက အချိုမှုန့်သိပ်မသုံးဘူး။ လွယ်လွယ်လေးပါ။ အိုးထဲကို ရေထည့်။ ချဉ်ပေါင်ရွက်ခြွေထည့်။ ပုစွန်ခြောက်ထည့်။ အကောင်ဖြစ်ဖြစ် အမှုန့်ဖြစ်ဖြစ်ပေါ့နော်။ ပြီးရင် အချိုမှုန့်နည်းနည်းလေးထည့် ဆားထည့်။ ပြီးရင် ငရုပ်သီးအစိမ်းတောင့်ကလေး ဗိုက်ခွဲပြီးထည့်။ ဆူရင်ရပြီ”

နားထောင်နေသူကောင်မလေးက သြော်ဟု ခပ်တိုးတိုးရေရွတ်သည်။

“ဖွားဖွားက ကြေးအိုးချက်တာလည်းကောင်းတယ်”

“ဟုတ်လားသားသားရဲ့”

ကိုကြင်ဆောင်၏ သားက ခေါင်းညိတ်ပြ၏။ နားထောင်နေသူအမျိုးသမီးက မေး၏။

“ကြေးအိုးကကော ဘယ်လိုချက်တာလဲ ကြီးကြီး”

“ကြေးအိုးကလည်းမခက်ပါဘူးကွယ်။ ကြေးအိုးလို့သာပြောတာပါ။ ဝက်အရိုးတွေပြုတ်။ ပြုတ်ထားတဲ့အရည်ထဲ ဆားထည့်အချိုမှုန့်ထည့်။ ပြုတ်ထားတုန်းမှာ ဝက်သားကို ဆားအချိုမှုန့်နယ်ပြီးလုံးထား။ နနွင်းမှုန့်တော့ထည့်မလုံးရဘူး။ ဂျုံမှုန့်လေးတော့ နည်းနည်းထည့်ရတယ်။ ဒါမှအသားတွေ ဖွါမထွက်ကုန်မှာလေ။ ပြီးရင် ခုနက ဝက်ရိုးပြုတ်ထားတဲ့ထဲကို ထည့်။ ဆားအချိုမှုန့်အပေါ့အငန်ထည့်။ ဆူလာပြီဆိုရင် ထိုင်ဝမ်မုန့်ညှင်းအုပ်လိုက်။ အဲ ကြာဇံကိုတော့ အစထဲက ရေစိမ်ထားပေါ့။ စားခါနီးထည့်စားရုံပဲ”

နားထောင်နေသူအပေါင်းက အင်မတန်မှ သဘောကျကြ၏။ ဧည့်သည်တော့ များများစားစားမရှိလှ။ သူတို့နေထိုင်ရာ တိုက်ခန်းမှ အခန်းစေ့နှင့် ရန်ကုန်မှ ကိုကြင်ဆောင်၏ မိတ်ဆွေတချို့သာ လာရောက်ချီးမြှင့်ကြ၏။

“သားလေးက ဘယ်နှတန်းရောက်ပြီလဲ”

“သုံးတန်းပါခင်ဗျ”

သားငယ်က မိခင်၏ အုပ်ထိန်းမှုအောက်တွင် ရှိခဲ့သည်မို့ အပြောအဆို အင်မတန် လိမ္မာရေးခြားရှိသည်။ လက်သုံးချောင်းထောင်က ရိုရိုသေသေပင် ပြန်ဖြေ၏။

“ကိုကြင်ဆောင်တို့ ကလေး ကျောင်းနေဖို့ဘာညာကော စုံစမ်းပြီးပြီလားဗျ”

ကိုကြင်ဆောင် သတိရသွားဟန်နှင့်

“ဟုတ်ပါ့ဗျာ မေ့နေတာ ကျောင်းအပ်ဖို့ဘာညာက ဘာမှ မလုပ်ရသေးဘူး။ ကျွန်တော်ကလည်း ဒီရက်ထဲ ခရီးထွက်ဖို့ရှိသေးတယ်.. ပြန်လာမှပဲ”

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးက လက်ကောက်တွေပြည့်နေအောင် ဝတ်ထားသော လက်ကိုခါရင်း သူမဘေးတွင်ထိုင်နေသော ကလေးကို ခေါင်းလေးပွတ်ကာပြော၏။

“ကျွန်မကတော့ သမီးလေးကို TTC မှာထားတယ်လေ။ အဲ့ဒီ့ကျောင်းက ရန်ကုန်မှာတော့နာမည်ကြီးပဲ။ နောက်ပြီး ဒဂုံတစ်တို့ဘာတို့လည်း မဆိုးပါဘူး တော့ပ်တန်းစာရင်းဝင်တယ်”

ကိုကြင်ဆောင် ပါးစပ်အဟောင်းသားနှင့်သာ နားထောင်နေရ၏။ ဟုတ်လည်းဟုတ်ပေသည်။ ယခင်က ကလေးကျောင်းအပ်သည့်ကိစ္စဘာညာဆိုတာ သူမလုပ်ခဲ့ဖူး။ ဇနီးဖြစ်သူသာ ဒိုင်ခံဖြေရှင်းခဲ့သောကိစ္စမျိုး ဖြစ်သည်။ ယခုတော့ သူ့အပေါ်ပင် ပုံကျလာပြီ။ နွေကျောင်းပိတ်ရက်ကလည်း ကုန်တော့မည်။ ဟုတ်သည်။ သားလေးကိုကျောင်းအပ်ရဦးမည်။

**********

“ဟဲလို .. မေမေလား”

“သြော် အေး ဟုတ်တယ် သား ။ မင်းအလုပ်တွေ အဆင်ပြေရဲ့လား”

တကယ်တော့ ကိုယ်ကြင်ဆောင် အလုပ်အဆင်မပြေ။ ကိုယ်စားလှယ်လွှဲထားသူနှင့် သူ့ကြားမှာ ပြဿနာရှိနေသည်။ ကုန်ပစ္စည်းဝယ်မည့် ဝယ်လက်တွေက ကိုယ်စားလှယ်၏ ဖျံကျမှုကြောင့် ရှောင်နေကြသည်။ ထို့ကြောင့်ပင် သူရန်ကုန်မှခရီးဝေးထွက်လာခဲ့ရသည်မဟုတ်ပါလား။ သူမေမေ့ကို ညာပြောရတော့မည်။ အမှန်အတိုင်းပြောမိလျှင်ကော မေမေစိတ်မကောင်းဖြစ်ရသည်မှလွဲ၍ ဘာများပိုထူးခြားလာမည်လဲ။

“အဆင်ပြေပါတယ်မေမေ။ ဒါပေမယ့် တလက်စာတည်း အလုပ်ကလေးတွေဖြတ်လိုက်ချင်လို့ သားဒီမှာ တစ်ပတ်လောက်ကြာဦးမယ်”

“ဟယ်.. သားရေ။ ငါ့မြေးလေးကို ကျောင်းအပ်ရဦးမယ်လေ။”

ကိုကြင်ဆောင် ချွေးပျံသွား၏။ ဟုတ်သည်။ အလှူလုပ်သည့်နေ့က သူသတိရသည်။ နောက်တော့ အမှုမဲ့အမှတ်မဲ့နှင့် မေ့သွားခဲ့သည်။ ယခင်ကတည်းက သူလုပ်နေကျအလုပ်မဟုတ်သောကြောင့်လည်းဖြစ်မည်။

“ကျွန်တော်ပြန်လာဖို့မဖြစ်နိုင်သေးဘူး မေမေ။ မေမေပဲသွားအပ်လိုက်ပါလား”

“အေးအေး ငါလည်း လိုက်တော့မေးထားတာပဲ ဘာတဲ့ အီးပီစီဆိုလား”

“ဗျာ ဘာလဲမေမေ အီးပီစီဆိုတာ..”

“ဟိုလေ.. အလှူလုပ်တဲ့နေ့က မြေညီထပ်က ကောင်မလေးတက်နေတယ်ဆိုတဲ့ကျောင်းလေ”

“အာ.. TTC ပါအမေရဲ့”
“သြော်အေး ဟုတ်သား နောက်ပြီးရှိပါသေးတယ်။ တံခွန် တစ် ဆိုလား”

“ဒဂုံတစ်ပါမေမေရာ.. ဒဂုံမြို့နယ် အမှတ်တစ် အခြေခံပညာ အထက်တန်းကျောင်း ကိုပြောတာ”

မိခင်ဖြစ်သူက တဟားဟားနှင့်ရယ်မောနေ၏။

“စိတ်ချပါသားရယ် နောက်ဆံမတင်းနဲ့။ အလုပ်အဆင်ပြေအောင်သာလုပ် ။ ကလေးကို မေမေပဲကျောင်းသွားအပ်လိုက်မယ်”

“ဟုတ်ကဲ့မေမေ”

ဖုန်းချသွားသော်လည်း မောဟိုက်ကျန်ခဲ့သလို ခံစားရ၏။ အလုပ်အဆင်မပြေပါ။ သို့သော် အဆင်ပြေပါတယ်လို့ မေမေ့အား လိမ်ပြောလိုက်ရသည်။ ရည်ရွယ်ချက်ပါပါ လိမ်ပြောလိုက်ရသည်။ သို့သော် ထိုသို့လိမ်ပြောခြင်းသည် မိခင်အားစိတ်ချမ်းသာစေသည်။ ထိုကဲ့သို့သောလိမ်လည်မှုမျိုးသည် ငရဲကြီးသလား မကြီးဘူးလားဟု ကိုကြင်ဆောင် ဆက်တွေးနေမိ၏။

**********

ခန်းနားထည်ဝါသော ကျောင်းဆောင်အောက်ထဲသို့ ဒေါ်ခင်ကြည် ဝင်လိုက်သည်။ ဆရာမများ ကျောင်းလာအပ်သူမိဘများ ကလေးငယ်များနှင့် ဆူညံနေကြ၏။ ကလေးအားလက်ဆွဲရင်း ကျောင်းအပ်ရမည့် အတန်းပိုင်ဆရာမအား လိုက်ရှာ၏။ အနည်းငယ်ကသီလင်တ နိုင်လှသော်လည်း သိပ်မကြာမီမှာပင် ရှာတွေ့၏။

“ဆရာမလေး အဖွားမြေးလေးကို ကျောင်းအပ်ချင်လို့ပါ”

ဆရာမလေးဆိုသူက မော့ကြည့်၏။

“ဘယ်နှတန်းလဲ”

“သုံးတန်းပါဆရာမ”

ဆရာမလေးကခေါင်းညိတ်ပြ၏။

“ကျောင်းသားသစ်လား။ ဟိုဘက်ကျောင်းက အောင်မြင်ကြောင်းထောက်ခံစာနဲ့ ကျောင်းထွက်လက်မှတ် ပါလာလား”

ဒေါ်ခင်ကြည်က အသင့်ဆောင်ထားသော စာရွက်များအား ထုတ်ပေး၏။ ဆရာမလေးဆိုသူက ဖတ်ကြည့်၏။ ထို့နောက် စာရင်းစာရွက်တချို့ပြန်ပေး၏။

“ဒီဖောင်ကို ဖြည့်လိုက်ပါ။ နောက်ပြီးဒါက ကျောင်းအပ်ရင်ကုန်ကျမယ့်စားရိတ်။”

ဒေါ်ခင်ကြည် ဖတ်ကြည့်လိုက်၏။ ငါးထောင့် ခြောက်ရာ့ ခုနစ်ဆယ် ကျပ်။ ဒေါ်ခင်ကြည် ဖောင်ဖြည့်ရန် လှည့်ထွက်မည်အပြု။

“အလှူငွေဘယ်လောက်ထည့်မှာလဲမသိဘူး”

ဆရာမလေးက လေသံမှန်မှန်နှင့် မေး၏။ သြော် အင်းဟုတ်သားပဲဟု ဒေါ်ခင်ကြည် ရေရွတ်၏။ ထို့နောက် တစ်သောင်းတန်သုံးရွက်အား စားပွဲပေါ်တွင်ချပေး၏။

“ရှင်လာနောက်နေတာလား”

ဒေါ်ခင်ကြည်ကြောင်တောင်တောင်ဖြစ်သွား၏။

“ကျွန်မ ဘာနောက်လို့လဲ ဆရာမလေးရယ်။”

“ဒီကျောင်းမှာလာအပ်တဲ့ကျောင်းသားမှန်သမျှဟာ အလှူငွေ အနည်းလေး ဆယ်သိန်းနဲ့အထက် ထည့်သွားကြတာချည်းပဲ။ ပိုက်ဆံလေးသုံးသောင်းနဲ့တော့ ကျွန်မ ဖောင်မပေးနိုင်ဘူး”

“စာသင်မယ့်ဆရာမတွေက နိုင်ငံခြားဆိုတဲ့နေရာတွေကလာတာမို့လို့များလားကွယ်”

“မဟုတ်ပါဘူး ကျွန်မတို့ပဲသင်မှာပါ”

ပြောရင်း ဒေါ်ခင်ကြည်၏လက်မှ ဖောင်အား ပြန်ယူ၏။ ဒေါ်ခင်ကြည်ဘာပြောရမှန်းမသိတော့။

“ဖွားဖွား ဘာဖြစ်လို့လဲ”

“အလှူငွေနည်းလို့တဲ့သားရယ်”

ကလေးဖြစ်သူက ဆရာမအား လှမ်းပြော၏။

“ဆရာမ သားဖိုးလေးနဲ့ ဘုရားအလှူခံဆိုတာလိုက်သွားဖူးတယ်။ ထန်းလျက်ခဲလည်း စားရတယ်။ ရေနွေးလည်းသောက်ရတယ်။ အလှူလှူတဲ့လူတွေက ပိုက်ဆံအကြွေဆိုမှလှူကြတာ။ သားဖွားဖွားက သုံးသောင်းတောင် လှူထားတာကို များတောင် များနေသေးတာမဟုတ်ဘူးလား”

ဆရာမလေးမှာ ကြောင်အမ်းအမ်းဖြစ်သွား၏။ သို့သော် ကလေးကို တုန့်ပြန်မနေတော့။

“အဖွားရယ် ဒါက ကျွန်မတို့ကျောင်းရဲ့အစဉ်အလာပါ။ စိတ်မရှိပါနဲ့ရှင်”

“ကြားမကြားဖူးပေါင်တော် .. အလှူကို ကန့်သတ်ပြီးလှူခိုင်းတာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။ လာမြေးလေး ဒဂုံတစ် ဆိုတဲ့ကျောင်းသွားမယ်။”

ဒဂုံတစ်လည်း ဘာထူးမှာလဲ ဟူသည့်အဓိပ္ပါယ်မျိုးနှင့် ဆရာမလေးက မဲ့ပြုံးပြုံး၏။ ဒေါ်ခင်ကြည် ကလေးကိုလက်ဆွဲပြီး ကျောင်းအပြင်သို့ ထွက်လာခဲ့လိုက်၏။ ကျောင်းအထွက်နား ဆိုင်းဘုတ်တစ်ခုအောက်တွင် မိဘနှစ်ယောက်စကားပြောနေသံ တိုးတိုးကြားရ၏။ သားဖြစ်သူက အင်္ဂလိပ်စာညံ့ကြောင်း။ ထို့ကြောင့် အတန်းထဲတွင် အဆင့်နိမ့်ကျနေကြောင်း။ ထို့နောက် အတန်းပိုင်ဆရာမနှင့် ကျူရှင်ထားလိုက်ကြောင်း။ အတန်းပိုင်ဆရာမဆိုသည်မှာ သိပ္ပံဆရာမဖြစ်သော်လည်း ကျူရှင်ထားပြီးသည့်နောက် အမှတ်များအဆင့်များကောင်းလာကြောင်း ကြားရ၏။ ရန်ကုန်တွင် ဒေါ်ခင်ကြည် နားမလည်နိုင်သည့်အရာများမှာ များလွန်းလှ၏။ ညကျမှ သားကို ထိုအကြောင်းတွေပြောတော့ ပြောပြရဦးမည်။
လမ်းမပေါ်သို့ထွက်ပြီး ထိုကျောင်းကြီးအား အမြင်ကပ်ကပ်နှင့် နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်၏။ ခုနကဖြတ်ကျော်ခဲ့သော ဆိုင်းဘုတ်ကြီးတွင် ရေးသားထားသော စာတန်းအား နားမလည်နိုင်စွာ တွေ့ရလေသည်။

“ကျောင်းသို့သာ ရောက်အောင် လာခဲ့ပါ”


နေပိုင်
၀၅ ဖေဖော်ဝါရီ ၂၀၁၃
၀၁း၁၅

No comments:

Post a Comment