Saturday, April 27, 2013

အကျယ်ထောင်



မြို့တော်ထဲက ကိုယ့်ခြေရာကလေး ဖွက်ပစ်လိုက်ကြပြီ။
ခြေထောက်ကသေပြီး လူက ရှင်ရတယ်။
ပျောက်ဆုံးသွားပြီဖြစ်သော ခြေရာကလေးကိုလွမ်းရ။
ကိုယ့်ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့ ကမ္ဘာကြီးကို လွမ်းရ..နဲ့။
ကိုယ်ခြေသံတွေကြားရတယ်။ ခြေရာတွေ မတွေ့ရဘူး။
လူတစ်ယောက်စာ တံခါးတစ်ချပ်ဟာ
ကမ္ဘာကြီးနဲ့မိုင်ပေါင်းများစွာ ခြားပစ်လို့ရတာကိုပဲ အံ့သြရတယ်။
စိတ်ကို လွတ်လွတ်လပ်လပ်ဆန့်ထုတ်ပစ်ဖို့ လိုအပ်ခြင်းဟာ
အချိန်လား။ ငွေကြေးလား။ ချစ်ခြင်းမေတ္တာလား။ နှစ်ဦးသဘောတူ အ/စာ ချုပ်လား။ ဝေခွဲ။
စာချုပ်နဲ့ အချုပ်ဟာလည်း သွေးသားတစ်ခုခုတော်စပ်လိမ့်မယ်။
ပြတင်းပေါက်က အလင်းတချို့နဲ့တင် ကမ္ဘာကြီးမှောင်သွားပြီ။
စိတ်ကို ဘယ်နှလွန်းတင်တဲ့ကြိုးနဲ့ တုပ်နှောင်ချင်ပါသလဲ။
မြို့တော်ဟာ ကိုယ်နဲ့ခပ်ဝေးဝေးကို ရောက်သွားပြီ။
ကိုယ့်ကိုသူ လက်ယက်ခေါ်တယ်။ အသံတွေကြားနေရတယ်။ ကိုယ်မမြင်ရဘူး။
ခုနကလိုပဲ ခြေထောက်ကသေပြီး လူကရှင်ရတယ်။
မြို့တော်ထဲက ကိုယ့်ခြေရာကလေး ဖွက်ပစ်လိုက်ကြပြီ။

နေပိုင်
နိုဝင်ဘာ၊ ၂၉၊ ၂ဝ၁၂

No comments:

Post a Comment