Friday, March 22, 2013

ကျွန်တော်မြင်ဖူးသော စက်ဝိုင်းများ



နေရောင်က နေကာမျက်မှန် ကာထားသည့်ကြားက စူးစူးဝါးဝါးဖြစ်နေ၏။ ကန်ရေပြင်မှ တဆင့် ရောင်ပြန်ဟပ်ခြင်းကလည်း ပို၍ ဆိုးဆိုးရွားရွားဖြစ်စေ၏။ လူသူကျဲပါးသော်လည်း ကိုယ့်လိုပင် ရေကန်ဘေး၌ တွေးနေငေးနေသူများလည်း မြင်ရ၏။
ကန်ရေပြင်ကို မည်သူမှ မတို့မထိသော်လည်း ပိုးကောင်လေးများလား ဖုန်မှုန့်များကြောင့်လား မသိ။ တစ်ချက်တစ်ချက် စက်ဝိုင်းပုံလှိုင်းတွန့်လေးများကို မြင်ရ၏။ စက်ဝိုင်းကလေးတစ်ချက်ပေါ်လာတိုင်း တစ်ဝိုင်းတည်းမဟုတ်ဘဲ နှစ်ဝိုင်းသုံးဝိုင်း တစ်ပြိုင်နက် ပေါ်လာသည်ကိုလည်း သတိထားမိ၏။ သို့သော် ထိုစက်ဝိုင်းလေးများ ကိုယ့်လမ်းကိုယ်သွားကြ၏။ စက်ဝိုင်းတစ်ခုကြောင့် တခြားစက်ဝိုင်းတစ်ခု ပျက်စီးသွားခြင်းမျိုး မရှိ။ ထိခိုက်နစ်နာသွားခြင်းမျိုးမရှိ။ ကိုယ့်လမ်းကိုယ်သွားကြရင်းသာ အရှိန်ဆုံးမှ ပျောက်ကွယ်သွားကြ၏။ သက်မဲ့ဖြစ်သော စက်ဝိုင်းပုံလှိုင်းလေးများအား ကြည့်ရင်း သက်ရှိဖြစ်သည့် ကိုယ်က ပြန်လည်အားကျနေရသည်မှာ ရှက်မိ၏။ ထို့ကြောင့် ကန်ဘေးမှ ထထွက်လာခဲ့သည်။
မြို့ပြမို့ ညနေပိုင်း လမ်းမပေါ်တွင် ကားများရှုတ်ထွေးနေသည်မှာ မထူးဆန်း။ လူချမ်းသာတွေလို လီဗာ မနင်းနိုင်၍ ပလက်ဖောင်းကိုသာ အခမဲ့ ဖိဖိနင်းနေရသည်။ တအောင့်လောက်နေတော့ လမ်းလည်ခေါင်မှ ရုပ်ထုကြီးတစ်ခုအားတွေ့သည်။ စစ်သူကြီး လီနင်ရုပ်ထု။ တဆက်တည်း တွေးမိသည်က လီနင်တို့လို ကျော်ကြားသူများကဲ့သို့ နာမည်ကျော်ကြားပြီးမှ ကျွန်တော်မသေချင်။ မဟုတ်လျှင်သေပြီးတာတောင် ယခုလီနင်ရုပ်ထုကြီးလို လမ်းလည်ခေါင်မှာ ဆန့်ဆန့်ကြီးရပ်နေရဦးမည်။ အခန့်မသင့်လို့ ငှက်တွေ မဆင်မခြင် မစင်စွန့်လျှင်လည်း ခံရဦးမည်။ မိုးရွာလို့ ထီးလာဆောင်းပေးမည့်သူမရှိ။ ကိုယ့်မှာဆန့်ဆန့်ကြီးဖြစ်နေရဦးမည်။
လီနင်ရုပ်ထုကြီးအောက်တွင်တော့ ခြံတွေဘာတွေ ခတ်ထားသည်။ လမ်းငါးလမ်းဆုံရာမို့ အဝိုင်းပတ်လမ်းပုံဖော်ကာ(မြန်မာနိုင်ငံရှိ ဦးဝိစာရ အဝိုင်းလိုပင်) လမ်းဖောက်ထား၏။ ဟော .. ကျွန်တော် တွေးမိပြန်ပြီ။ ဒါလည်းစက်ဝိုင်းတစ်ခုပင်ဖြစ်သည်။ သက်မဲ့ဖြစ်သော စက်ဝိုင်းက သက်ရှိဖြစ်သောလူတွေ ဘေးကင်စွာ မောင်းနှင်နိုင်ဖို့ ယာဉ်ကြောကို ထိန်းပေးနေသည်။ တဖြည်းဖြည်းနှင့် ရှက်သလို ခံစားမိလာသည်။ ထို့ပြင် ထိုစက်ဝိုင်းအား မျက်စိထဲတွင် မှုတ်ဝဲ တစ်ခုနှင့် တူသည်ကို သတိထားမိပြန်၏။
ပင်လယ်၊ မြစ် ခရီးလမ်းသွားဖူးသူများသိကြပါလိမ့်မည်။ ဝဲ တို့၏သဘောတွင် စုပ်ဝဲနှင့်မှုတ်ဝဲ ဟူ၍ ရှိသည်။ ဝဲအတွင်းသို့ ဝင်က နစ်မြုပ်သွားပါက စုပ်ဝဲဟုခေါ်ကာ ဝဲအတွင်းသို့ဝင်ပြီး တစ်ပတ်လည်ကာ အပြင်သို့ ပြန်လည်ကန်ထုတ်သောဝဲကို မှုတ်ဝဲဟုခေါ်သည်။ (စုပ်ဝဲအား အတ္တဆန်သည်ဟု တစ်ဆက်တည်း သွားတွေးမိပြန်၏)
ယခုလမ်းမပေါ်တွင် ကားတစ်စီး စက်ဝိုင်းပတ်လမ်းထဲသို့ဝင်ကာ အပြင်သို့ ပြန်လည်ထွက်သွား၏။ ဒါလည်း မှုတ်ဝဲတစ်မျိုးပင်။ လူ့လောကကြီးအား ယခုကဲ့သို့ စက်ဝိုင်းပုံစံ မြင်ကြည့်ကြပါကလည်း ထိုသို့ပင်။ အထဲသို့ ဝင်ရောက်ကာ လည်နေရဦးမည်။ ထို့နောက်ပြန်လည် ထွက်သွားကြရဦးမည်။ လူအများကြီးနှင့် ပတ်သက်ဆက်နွယ်ရင်းနှီးနေလို့လည်း ဘဝတွေ အများကြီး ထပ်ရလာမည်မဟုတ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကျွန်တော်အားကျမိသော စက်ဝိုင်းများလိုဖြစ်အောင် ကြိုးစားရဦးမည်။


No comments:

Post a Comment