Friday, March 22, 2013

အသက် ဓာတ် အချင်းချင်း ဓာတ်ပြုမှုမှာ သံသယတွေရှိနေမယ်/တယ် မောင်





လက်သည်းတစ်ခုထဲက အညစ်အကြေးတွေကို လက်သည်းနောက်တစ်ခုနဲ့ ခြစ်ထုတ်လိုက်သလိုပါပဲ။
ခုချိန်ထိမောင့်ကိုချစ်နေတယ်လို့ထင်နေတုန်းပဲ။ မောင်ပျော်ပါ။ ထင်မြင်မှုတိုင်းဟာအမှန်တရားမဟုတ်ဘူးလို့ ဆက်တွေးပါမောင်။
ကျွန်မဆံစတွေ လွင့်စင်ပြေးထွက်မသွားခင်အထိ ဘုရားသခင်အတိုင်းပဲ ၊ ဘုရားသခင်ဖန်းဆင်းထားတဲ့မောင့်ကိုပဲ မက်မောနေတာ
သိပ်အံ့သြစရာမကောင်းဘူး(မဟုတ်)လားမောင်။ မောင့်အရပ်၌ရှိသော ကျွန်မကို တစ်ချက်ချင်းစီ လွင့်ဝဲသွားစေတော့တယ်။ မလွယ်ဘူးမောင်။
နီယွန်မီးရောင်တွေဟာ မောင့်လို့ချစ်တတ်လာရင် ကျွန်မလည်း အခုလိုမှောင်မယ်မထင်ပါဘူးမောင်။
မောင်မရှိရင် မှောင်တယ်။ ကျွန်မနဲ့မောင့်ကြားမှာ ဟတ်ထိုး ကလေးပဲခြားတယ်ထင်ပါရဲ့မောင်။
ဘယ်လိုအသက်ဓာတ်ဖြစ်တည်မှုမျိုး(နဲ့မဆို) တောင့်တနေရသလဲ။ မောင့်အတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ အင်္ကျီ... မောင်နဲ့တော်ပါ့မလား။
တစ်လမ်းတည်းရပ်နေပြီး တခြမ်းချင်းစီခြားနေတယ်မောင်။ မောင်ပြောတဲ့ဘုရားသခင်နဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုပတ်သက်မှုရှိပါသလဲ။
ကျွန်မဟာ အတိတ်မေ့နေတဲ့ နာရီတစ်လုံးလည်း ဖြစ်နိုင်တာပဲ။ ရေမစင်သေးတဲ့အိပ်မက်တချို့လည်း ဖြစ်နိုင်တာပဲ။
ရေစက်တွေဖြာ ကျ လာ သ လို.. ကိုယ့်ကိုကိုယ် မယုံသင်္ကာသလို လက်ကောက်ဝတ်ထဲ ကျိတ်ငိုမိတာလည်း ကြာပြီ။
မောင့်လက်ကောက်ဝတ်ထဲ ကျွန်မရှိသလား ရှိသင့်တယ်လို့ကော မထင်မိဘူးလား။ ခံနိုင်ရည်မဲ့..
ပြဿဒါးအချင်းချင်းဓာတ်ပြုဖို့ဘယ်သူ့ဆန္ဒဖြစ်ခဲ့ပါသလဲ။
အနှုတ်ချင်းမြှောက်ရင်တောင် အပေါင်းရခဲ့သေးတဲ့ဥစ္စာ ကျွန်မိတို့ပြဿဒါးအချင်းချင်းကျမှ ဘာလို့ ရက်ရာဇာမဖြစ်ခဲ့ပါသလဲမောင်။
ကျွန်မတို့ချစ်ခြင်းမေတ္တာပွတ်တိုက်မှုဟာ နွေရာသီလည်းဖြစ်နိုင်မယ်။ မိုးရာသီလည်းဖြစ်နိုင်မယ်။ ဆောင်းရာသီလည်းဖြစ်နိုင်မယ်။
မျက်ရည်ဆိုတာ ဘယ်လိုရာသီမျိုးရဲ့ရောဂါလက္ခဏာဖြစ်နိုင်လဲမောင် .. ပုခုံးထဲ ဘယ်ဘက်ရင်အုံထဲ နားထင်ထဲ SIM ကဒ်တွေထည့်
ကမ္ဘာကြီးမှ မောင် မရှိရင် မှောင်နေမှာ။
နှင်းဆီပန်းတွေလိုအပ်သလို ဟိုင်းဝေးထဲ ရန်လိုမှုဟာ ဘယ်စည်းမျဉ်းမျိုးနဲ့ အသက်ဓာတ်ဆုတ်ယုတ်စေပါသလဲ
တကယ်အသက်ဓာတ်ဆုတ်ယုတ်စေပါတယ်မောင်။ မျက်တွင်းတွေကျလာတဲ့အခါ မည်းလာသလို သံယောဇဉ်ဓာတ်မတည့်မှုဟာလည်း မည်းလာ
ကျွန်မ မလိုအပ်ဘူးထင်လို့ စွန့်ထုတ်လိုက်တဲ့ လက်သည်းကြားကအညစ်အကြေးဟာ မြေသြဇာဖြစ်သွားပါစေသား။
မနက်မိုးလင်းတာတောင် မှောင်နေတုန်းပဲမောင်။


နေပိုင်
၁ဝ ဖေဖော်ဝါရီ ၂ဝ၁၃
ဝဝး၄၆

No comments:

Post a Comment