Monday, April 1, 2013

ကျွန်တော်နှင့် မီးပွိုင့်ကလေး



ခွဲခွာခြင်းသည် မီးပွိုင့်တစ်ခုနှင့်တူ၏။ ဘယ်အချိန်မှာများ ခွဲခွာသွားကြရမလဲလို့ နာရီကို ငေးကြည့်နေရသည်က မီးပွိုင့်တစ်ခုကို ခြေရာခံလိုက်နေရသည်နှင့်တူ၏။ သူမ၏မီးပွိုင့်ကလေးသည် သူမ၏ နှုတ်ခမ်းပါးလေးဖြစ်သည်။ ကျွန်တော်နှင့်သူမ နောက်တစ်ကြိမ်ထပ်မတွေ့ကြတော့ဖို့၊ ကျွန်တော်နှင့်သူမ ပြတ်တောက်ဝေးကွာသွားဖို့၊ ထိုမီးပွိုင့်လေးကိုပင် ကျွန်တော် ကြောက်လန့်နေရ၏။ သူမမီးပွိုင့်လေးတွင် ကျွန်တော် အသက်အာမခံကြေးဆောင်ထားဖူးသည်။ သူမမီးပွိုင့်လေးတွင် ကျွန်တော် ခဏခဏ လမ်းဖြတ်ကူးဖူးသည်။ သူမမီးပွိုင့်လေးတွင်ပင် ကျွန်တော် ပင်လယ်နှင့်ဆုံဖူး၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က သောကြာနေ့ဖြစ်မည်ထင်သည်။
မီးပွိုင့်ကလေး၏ရှေ့တွင် ကျွန်တော်နှင့်ပင်လယ် သီချင်းဆိုကြ၏။ သူမနှုတ်ခမ်းကိုက်ထားသောအခါ ကျွန်တော်ကြည့်နေကျ မီးပွိုင့်ကလေးလည်း ကားရှုတ်သွားဖူး၏။ ကျွန်တော်လမ်းကူးဖို့ နောက်ကျဖူး၏။ ပင်လယ်နှင့်သီချင်းဆိုကြသည့်နေ့ကပင်ဖြစ်သည်။ ထိုနေ့ကညဘက်တွင် မီးပွိုင့်ကလေး တယ်လီဖုန်းထဲ၌ စိတ်ကောက်၏။
ကျွန်တော့်မီးပွိုင့်ကလေးသည် ကလေးဆန်၏။ ကျွန်တော်မရှိသည့်အခါမျိုးတွင် မီးပွိုင့်ကလေးတွင် ခဏခဏ ယဉ်တိုက်မှုဖြစ်တတ်၏။ သူမကိုအကဲခတ်ရသည်မှာ သိပ်မထူးဆန်းလှသော်လည်း တစ်ချက်တစ်ချက် သူမအရောင်ပြောင်းသွားတိုင်း ကျွန်တော့်မှာ အချိန်မလောက်မငှ အမြဲဖြစ်ရသည်။ သူမသည် ကျွန်တော့်အား ဟိုင်းဝေးလမ်းမကြီးဟုလည်း တစ်ခါတစ်ခါ ခေါ်တတ်၏။ သူမ၏အမှားလည်းမဟုတ်ပါ။ သူမမီးရောင်လေးတွေအတိုင်း ကျွန်တော့် သွားလာခွင့်တွေ ပိတ်ပင်သွားခဲ့ဖူး၏။
ကျွန်တော်မီးပွိုင့်ကလေးကိုချစ်သည်။ မီးပွိုင့်ကလေးသည် ကလေးပေါက်စလေးတစ်ယောက်နှင့်တူ၏။ ဘယ်သူရှိရှိမရှိရှိ၊ သူမအားစောင့်ကြည့်နေမည့်သူ ရှိရှိမရှိရှိ၊ သူမသည် အချိန်မှန် တာဝန်ကျေ အရောင်ပြောင်းလဲနေ၏။ သူမမျက်နှာကလေးနီသွားတိုင်းနီသွားတိုင်း ကျွန်တော့်မှာ သေဘေးနှင့် သိပ်နီးသွားတတ်သည်။ ကျွန်တော့်အသက်အာမခံကြေးကအစ ထိုမီးပွိုင့်ကလေးထဲ၌ပင် မြှုပ်နှံထားခဲ့ဖူး၏။
မီးပွိုင့်ကလေး၏ မွေးနေ့ မည်သည့်နေမှန်း ကျွန်တော်မသိပါ။ မီးပွိုင့်ကလေးအတွက် မွေးနေ့လုပ်ပေးဖို့လည်း ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ သို့သော် မီးပွိုင့်ကလေးကို ကျွန်တော် သနပ်ခါးပါးကွက်ကြားကလေး လက်ဆောင်ပေးချင်ဖူးသည်။ မီးပွိုင့်ကလေးကြိုက်နှစ်သက်ပါ့မလား ကျွန်တော်မသိပါ။ သို့သော် သူမပါးကွက်ကလေးကွက်ထားသည်ကို ကျွန်တော် မြင်ဖူးချင်မိသည်။
မီးပွိုင့်ကလေးကို ဖြတ်ကူးတိုင်း အန္တရာယ်ကင်းအောင် ချစ်တယ်ချစ်တယ်ဟု ကျွန်တော် ဂါထာရွတ်လေ့ရှိသည်။ မီးပွိုင့်ကလေး ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ ကျွန်တော် အမြဲရွတ်လေ့ရှိသည်။ အမှတ်မထင်မိပါဘဲ ထိုနေ့က သောကြာနေ့ ဖြစ်နေပြန်သည်။ ပင်လယ်ကို လှမ်းတွေ့လိုက်သည်မို့ လမ်းဖြတ်ကူးရင်း ဂါထာမရွတ်မိလိုက်သည့်ကျွန်တော်အား ကံကြမ္မာတစ်ခုလုံးက အရှိန်ပြင်းပြင်းနှင့် ….
“အား!!!!!”

မျက်လုံးများကို ကြိုးစားကာ ဖွင့်ကြည့်မိသည့်အချိန်တွင် မီးပွိုင့်ကလေး၌ မျက်ရည်များစွာကို တွေ့ရသည်။ မီးပွိုင့်ကလေးတွင် ယာဉ်တိုက်မှုဖြစ်နေသည်။ ကျွန်တော် မီးပွိုင့်ကလေး၏ မျက်ရည်များကို သုတ်ပေးချင်မိသည်။ သို့သော်.. သို့သော်..

ထိုနေ့က .. သောကြာနေ့ဖြစ်သည်။



နေပိုင်
ဝ၅.၁ဝ.၂ဝ၁၂
၂၃း၁၄

No comments:

Post a Comment