Monday, April 1, 2013

ငါစာအိတ်ထဲမှာရှိတယ်



မေ့မေ့ပျောက်ပျောက်တွေက မေ့မေ့ပျောက်ပျောက်ဖြစ်မသွားဘူး။
ထိတ်လန့်နေသူအတွက် ခြေသံဆိုတာ ကြိုးစင်ပဲ။
ငါကလည်းငါပဲ။
ဒီအချိန်ဆိုဘယ်ဘက်ကလက်ဖျံလေး အိပ်ပျော်နေပြီလား။
ကံကော်တွေနဲ့ရန်ဖြစ်နေမလား။
"လား"တွေနဲ့ပိတ်မိနေတုန်း။
ကိုယ့်ကိုကိုယ် ဂရုစိုက်။ ကဗျာကနင့်ကျန်းမာရေးနဲ့သင့်တော်တယ်။

စာအိတ်လေးကို လုံးဝမစွပ်စွဲနဲ့။
ရေငတ်နေတဲ့ကိစ္စက ပင်လယ်နဲ့အာပတ်မပြေဘူး။
ငါ့မှာထိတ်လန့်ခါစဆိုလို့
လက်မောင်းပေါ်က "သွား"ရာလေးရယ်
ကွင်းစကွင်းပိတ်ထဲက အဝါရောင် ကဗျာလေးရယ် ပဲရှိတယ်။

သိပ်ကြီးကျယ်ခမ်းနားလှတယ်တော့လည်းမဟုတ်ပါဘူး။ ငါဟာ
ညီမလေးမင်ထစ်နေမှာစိုးလို့ရောက်လာတဲ့ ဘောပင်လေးတစ်ချောင်း။
နှာခေါင်းထဲ မေးခွန်းတွေ ရှူထည့်ရာက စခဲ့တာ။
ကိုယ့်ကျန်းမာရေးအရ ဒီတစ်ခါအသည်းကွဲရင် သေရုံပဲ။

နင့်နာမည်လေးကို တဖွဖွရွတ်ခြင်းက ငါ့အိပ်ဆေးခါးခါးတွေပေါ့။
အဆုံးဆိုတဲ့အတိုင်း ဆုံးပါး/ရှုံးသွားတော့မလား။
စိတ်ဆိုတာ နင်ရှိတဲ့အရပ်ကို မျက်နှာမူတဲ့ ငနဲကြီးပဲ။

စာအိတ်နှင့်အနီးတဝိုက်လုံခြုံရေးအတွက်နဲ့တော့ အဖုံးကို တံတွေးမဆွတ်နဲ့။
စာသင်ခန်းထဲထိ ကဗျာနဲ့လတ်ယားလတ်ယားဖြစ်နေတုန်း။
မိုးခေါင်တာထက် အတွေးခေါင်တာ ပိုကြောက်စရာကောင်းတယ်။
ဖြစ်တည်မှုနဲ့လွဲလည်း နင်နဲ့တော့ မလွဲချင်ဘူး။
စောလည်းမစောခဲ့ဘူး။နောက်လည်းမကျခဲ့ဘူးဆိုရင်တောင်
ငါကိုကလွဲနေခဲ့တဲ့ကောင်ဆိုတော့ ဒါကြီးကိုပဲကြောက်..ကြောက် နေရတယ်။

ကမ္ဘာကြီး နဂိုထဲကလည်နေရတဲ့ကြားထဲ
ငါရော။သံသရာရော။ဝဋ်ရော။တလက်စာထဲ ပါသွားတယ်။
ဒီမှာ...
လိပ်စာကိုသေချာကြည့်ပါ။
ပြီးမှ စာအိတ်ကိုတံခါးခေါက်ပါ။

နေပိုင်
၁၇.၀၂.၂၀၁၁

No comments:

Post a Comment