Friday, April 26, 2013

အများပြည်သူသုံး တယ်လီဖုန်း



သူမရှိဘူး။
ဘယ်သွားလဲ ပြောမသွားဘူး။
စကားနှစ်ခွန်းနဲ့ တစ်မိနစ်ဟာ အဆိပ် ကျတယ်။
ဒီလိုနဲ့ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မသွားဖို့
အမှောင်ကိုရှင်အောင် ပြဿနာကို မီးထွန်းပြီးရှာတယ်။
ကိုယ်မနေနိုင်ဘူး။ ပြောင်းလဲသမျှအထင်ကရတွေ
ခုဆို..
ရန်ကုန်ဟာ သူ့နည်းသူ့ဟန်နဲ့ စကတ်ပိုတိုလာတယ်။
ပြောပြီးစလစ်နံပါတ်(၁)။ ပြည်ပထွက်ခွါ။
ရေမရှိခြင်း။ ဓာတ်လှေကားဆိုင်ရာ ဖျားနာမှု။
ကြားလား.. ကျားလား။
နိုင်ငံခြားသား ဖြစ်ချင်တာနဲ့ နိုင်ငံခြားသွားကြ။
နိုင်ငံခြားကို ဘာမှတ်နေလဲ။
နိုင်ငံခြားက ခွေးတွေသိပ်ကြီးတယ်။

အချိန်တော်တော်ကုန်သွားပြီ။
နောက်လူတွေလည်းစောင့်နေပြီ။
ခင်ဗျားပြောနေတာ တစ်ယာဖိုးမကတော့ဘူး။
ဟုတ်ကဲ့။ သူဘယ်အချိန်လောက်ပြန်ရောက်မလဲ။
ကျွန်တော်ဆံပင်ရှည်လာတဲ့နေ့ဆို
သူလည်း ဆက်သွယ်မှုဧရိယာပြင်ပနဲ့ နီးလာတယ်။
မှန်မကြည့်ဘဲ
အရက်မသောက်ဘဲ
စကားစမြည်မပြောဘဲ
ဂျင်းဘောင်းဘီ မဝတ်ဘဲ .. ရှင်တယ်။

ဖြစ်ချင်တော့ ရန်ကုန်ဟာ ရန်ကုန်မှာမရှိဘူး။
ရန်ကုန်ဟာ နယ်ဝေး..
ပယ်ပယ်နယ်နယ်ကို ဝေးတယ်။

တကယ်မေ့ပြီး
ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ပြီး
ပြက္ခဒိန်အနွမ်းလေးတွေကို သိမ်းထားတယ်။
ရန်ကုန်ဟာ အရင်လိုမဟုတ်ဘူး
ရန်ကုန်ဟာ ပျောက်လွယ်ရှလွယ် လာတယ်။ ကိုယ့်ကို။
မမြင်ခင်ကပဲ တံတွေးကို ထွီခနဲထွေးလို့
ရော့ခ်သီချင်းတစ်ပုဒ်ကို ကွမ်းယာလုပ်ဝါးလို့
မိုးလင်းဆိုင်တွေကို ယားနာလုပ်ပေါက်လို့
အသည်းယောင်ရောဂါဟာ မိုးသည်းတိုင်း သည်း..
တီ.. တီ.. တီ..
လူကြီးမင်း။

နေပိုင်
၁၈.၀၇.၂၀၁၂
၀၁း၁၈

No comments:

Post a Comment